ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ် ဖေဖေါ်ဝါရီ ၆ ရက်နေ့ ည ၂နာရီကျော်ကျော်အချိန် ရန်ကုန်က လှည့်ကင်းဆောင်ရွက်နေတဲ့ ရဲကားပေါ်က ရဲတပ်ဖွဲ့ဝင်တွေဟာ ကန်တော်ကြီး နားက ဦးထွန်းမြတ်လမ်းဘေးမှာ ရှေ့မီးဖွင့်ပြီး စက်နှိုးရပ်ထားတဲ့ ကားတစ်စီးကို တွေ့လိုက်ရပါတယ်။ မသင်ကာဖွယ်ရာ အနေအထားကြောင့် ကားကိုစစ်ဆေးတဲ့အခါ အရက်မူးပြီး အိပ်ပျော်နေတဲ့ လူတစ်ယောက်ကို တွေ့ရတဲ့အပြင် ကားပေါ်မှာလည်း သြစတြေးလျနိုင်ငံလုပ် ပစ္စတို တစ်လက်ကိုပါ တွေ့လိုက်ကြရပါတယ်။ ဒီလို မတော်တဆ တွေ့ရှိ၊ ရှာဖွေ ဖမ်းဆီးမှုတွေကနေ တဆင့် ရခိုင် AA တပ်ဖွဲ့ရဲ့ တရုတ်နဲ့ ထိုင်းနယ်စပ်ကနေ မန္တလေး၊ ရန်ကုန် မြို့တွေကို ဖြတ်ပြီး ရခိုင်ပြည်နယ်ဘက်ကို တိုက်ခိုက်ရေး လက်နက်နဲ့ ကျည်ဆံတွေ ပို့တဲ့၊ အလွန်ကြီးမားတဲ့ လုပ်ငန်းကြီးကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ နယ်စပ်ကနေ ရန်ကုန်ကိုဖြတ်ပြီး သယ်သွားတယ် ဆိုတဲ့ လက်နက်အရည်အတွက်ဟာ အလက် ၃၀၀ ကျော်လို့ ဆိုထားတာမို့ ဒီ လက်နက်တွေ ရခိုင်ပြည်နယ်ကို သယ်မသွားပဲ ရန်ကုန် ဧရိယာမှာပဲ တိုက်ပွဲ ဆင်နွှဲခဲ့ရင် ပြည်သူလူထုရဲ့ အသက်အိုးအိမ်စည်းစိမ် လုံခြုံရေးကိစ္စဆိုတာ တွေးတောင် မတွေးရဲစရာပါပဲ။ ပြောရရင် ဒီဖြစ်စဉ်ကို ကြည့်ရင် ရန်ကုန်၊ မန္တလေးလို မြို့ကြီးတွေရဲ့ လုံခြုံရေးစည်း ကျိုးပေါက်နေတာ ထင်ထင်ရှားရှား တွေ့မြင်ကြရမှာဖြစ်ပြီး အာဏာပိုင်တွေဟာ ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ် လုံခြုံရေးကိုတောင် ကောင်းကောင်းကာကွယ်နိုင်စွမ်း မရှိတာ တွေ့နိုင်ပါတယ်။ ဒီကိစ္စ ဘယ်သူ့မှာ တာဝန်ရှိသလဲ၊ ဘာလို့ ဒီလိုဖြစ်ရတာလဲ ဆိုတာ ဒီတစ်ပါတ် ဆွေးနွေး တင်ပြသွားပါ့မယ်။
မတော်တဆ ဖမ်းဆီးမှုကနေ တဆင့် ဆက်ပြီး ဖော်ထုတ်မှုတွေမှာ ရန်ကုန် ဒဂုံမြို့သစ် မြောက်ပိုင်း၊ မြောက်ဥက္ကလာ၊ လှိုင်သာယာ နေအိမ်တွေကနေ လက်နက်ငယ်ကျည်ဆံတွေ၊ လေယာဉ်ပစ် စက်သေနတ် ကျည်ဆံတွေ၊ စကားပြောစက်တွေ၊ ညကြည့်မှန်ပြောင်းတွေနဲ့ စစ်သုံး ပစ္စည်း အတော်များများ သိမ်းဆည်းရမိတယ်လို့ ဆိုပါတယ်။ အမှုကွင်းဆက်အဖြစ် ရခိုင်ပြည်နယ် ကျောက်ဖြူခရိုင်၊ ရမ်းဗြဲမြို့နယ် က ပုဇွန်ကန် အဆောက်အဦ အနားမှာလည်း RPG သေနတ်တွေ၊ ဗုံးသီးနဲ့ ပို့ကျည်တွေ၊ လက်နက်ငယ်တွေ၊ ကျည်ဆံတွေ၊ ယမ်းတုံးတွေနဲ့ စစ်သုံး လက်နက်ပစ္စည်းကရိယာ တွေ ထပ်ပြီး တူးဖော်သိမ်းဆည်းရမိခဲ့တယ်လို့ သိရပါတယ်။
Your browser doesn’t support HTML5
ဖမ်းမိတဲ့ တရားခံတွေကို စစ်ဆေးဖော်ထုတ်ချက်တွေအရ အဲဒီ လက်နက်ခဲယမ်းတွေကို ၂၀၁၄-၁၅ ခုနှစ်အတွင်း ပြင်ဦးလွင် လမ်းကြောင်းကနေ ၈ ကြိမ်၊ ကရင်ပြည်နယ် ဘားအံ လမ်းကြောင်းကနေ ၁၀ ကြိမ် စုစုပေါင်း ၁၈ ကြိမ် ရန်ကုန်ကို ကိုယ်ပိုင်ကားတွေနဲ့ သယ်ခဲ့ကြတယ်လို့ ဆိုပါတယ်။ အဲဒီလက်နက်တွေ ရန်ကုန်ကို ရောက်မှ ပြန်လည် ထုတ်ပိုးပြီး ရခိုင်ပြည်နယ် စစ်တွေကို လိုင်းကားနဲ့ သုံးကြိမ်၊ ကိုယ်ပိုင်ကားနဲ့ ၁၁ကြိမ်၊ စုစုပေါင်း ၁၄ ကြိမ် ပို့ခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီကမှ တဆင့် ကျောက်ဖြူခရိုင်ဘက် ရောက်သွားပြီး သိပ်မကြာသေးခင်တုန်းက ကြားခဲ့ရတဲ့ သတင်းတွေအတိုင်း ရခိုင်ပြည်နယ်မှာ အစိုးရတပ်နဲ့ AA တပ်ဖွဲ့ တိုက်ပွဲတွေ ဖြစ်ပွားလာတာပါ။
စစ်အာဏာရှင် စနစ်နဲ့ အုပ်ချုပ်တဲ့ အစိုးရကို တော်လှန်ဖို့ ဆိုပြီး ရခိုင်တိုင်းရင်းသားတွေ လက်နက်စွဲကိုင် ပုန်ကန် တိုက်ခိုက်ခဲ့တာ အခုမှ မဟုတ်ပါဘူး။ ဆယ်စုနှစ် တစ်ချို့ ကြာမြင့်ခဲ့ပါပြီ။ ဒါပေမယ့် ရခိုင်လက်နက်ကိုင်တွေဟာ ရခိုင်ပြည်နယ်မှာ အခြေမချနိုင်ခဲ့ပါဘူး။ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း ထိုင်းနယ်စပ်ဘက် ကရင် လက်နက်ကိုင်တပ်ဖွဲ့ အခြေပြုလှုပ်ရှားရာ နယ်မြေမှာ ခိုလှုံရင်း အစိုးရတပ်တွေကို လက်နက်စွဲကိုင် တိုက်ပွဲဝင်ခဲ့ကြတာ ဖြစ်ပါတယ်။
အဲဒီအချိန်ကာလ ကတည်းက ရခိုင်လက်နက်ကိုင်တွေဟာ ရခိုင်ပြည်နယ်မှာ အခြေချဖို့ ရည်မှန်းချက် ရှိခဲ့ကြပါတယ်။ ဒါကြောင့် ရည်မှန်းချက် အတိုင်းပဲ ရခိုင်တိုင်းရင်းသား လက်နက်ကိုင်တွေဟာ မြန်မာနိုင်ငံ အရှေ့တောင်ပိုင်း ကရင်ပြည်နယ်ကနေ မြောက်ပိုင်း ကရင်နီပြည်နယ်၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ် ကနေ တဆင့် အနောက်မြောက်ပိုင်း ချင်းပြည်နယ်ကို ဖြတ်ပြီး ရခိုင်ပြည်နယ်ထဲမှာ ပြန်အခြေချနိုင်ဖို့ ခရီးရှည် ချီတက်ပွဲကြီးတစ်ခု ဆင်နွှဲခဲ့ပါသေးတယ်။ ဒါပေမယ့် အဲဒီ ခရီးရှည်ချီတက်ပွဲကြီးဟာ ချင်းပြည်နယ် အရောက်မှာ အစိုးရတပ်ရဲ့ တိုက်ခိုက်ခြေမှုန်းတာကို ခံလိုက်ရပြီး ပျက်ပြယ်သွားခဲ့ပါတယ်။ ပြောရရင် လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက ရခိုင်တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေဟာ ရခိုင်ပြည်နယ်ထဲ ပြန်အခြေချဖို့ မလွယ်ကူဘူး ဆိုတာကို ပြတဲ့ လက္ခဏာ တစ်ခု ဖြစ်ခဲ့ပါတယ်။
နောက်ပိုင်း အလားတူ ကေအဲန်ယူ ကရင့်လက်နက်ကိုင် တပ်ဖွဲ့ဟာလည်း ဧရာဝတီတိုင်း မြစ်၀ ကျွန်းပေါ်မှာ အခြေချမယ့် စစ်ဆင်ရေးတွေ လုပ်ခဲ့ဖူးပါတယ်။ တနင်္သာရီတိုင်းကနေ တဆင့် ရေကြောင်းလမ်းကနေ ဧရာဝတီတိုင်းထဲကို လူသူ လက်နက်တွေ သယ်ယူပို့ဆောင်ပြီး တိုက်ပွဲဖော်မယ့် လုပ်ငန်းစဉ်ပါ။ အဲဒါလည်း ဧရာဝတီတိုင်းထဲမှာ ခြေမှုန်းခံလိုက်ရပါတယ်။ အလားတူ ရခိုင်တိုင်းရင်းသား လက်နက်ကိုင်တွေဟာလည်း ပင်လယ်ခရီးလမ်းကြောင်းကနေ ရခိုင်ပြည်နယ်ထဲကို လူသူ လက်နက်တွေနဲ့ ဝင်ရောက် အခြေချဖို့ ကြိုးစားခဲ့ကြဖူးပါသေးတယ်။ ဒါပေမယ့် အိန္ဒိယ ရေတပ်ရဲ့ ကြားဖြတ်ဖမ်းဆီးခြင်းကို ခံရပြီး တစ်ချို့ သေဆုံး၊ တစ်ချို့ နှစ်ရှည် ထောင်ဒါဏ်တွေ ချမှတ်ခံခဲ့ကြရပါတယ်။ ပြောရရင် အဲဒီ ခေတ်ကာလက နယ်စပ်တွေမှာ တိုက်ပွဲကြီးငယ်တွေ ဖြစ်ပွားနေပေမယ့် အစိုးရဟာ ရန်ကုန်၊ မန္တလေး လို မြို့ပြဧရိယာကို လုံခြုံရေးအရ ထိမ်းသိမ်းကာကွယ် ထားနိုင်တာကြောင့် ရခိုင်ပြည်နယ်လို၊ ဧရာဝတီတိုင်းလို နေရာတွေကို လူသူလက်နက် သယ်ယူပို့ဆောင်ပြီး သူပုန်ထဖို့ မလွယ် ဖြစ်ခဲ့တာပါ။
ဘယ်လိုပဲဖြစ်ဖြစ် သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့တာဝန်ယူပြီးနောက် ဒုဗိုလ်ချုပ်ကြီးကိုကို ပြည်ထဲရေးဝန်ကြီးဖြစ်လာပါတယ်။ နောက်ပိုင်း ခုလို မြို့ပြ လုံခြုံရေးအခြေအနေ ကျိုးပေါက်လာတာ တွေ့ကြရပါတယ်။ သန်းနဲ့ချီရှိတဲ့ စိတ်ကြွဆေးပြားတွေ ရန်ကုန်မြို့တော်ဆီ ဦးတည် ဝင်လာနေတာ အကြိမ်ပေါင်း မရည်မတွက်နိုင်အောင် ရှိခဲ့ပါတယ်။ တစ်ခါတစ်ရံ ကံမကောင်း အကြောင်းမလှလို့ မတော်တဆ ဖမ်းမိတဲ့ စိတ်ကြွဆေးပြား အရည်အတွက်တောင် တစ်ကြိမ်တစ်ကြိမ်မှာ သန်းနဲ့ချီ ပမာဏ ရှိတာတွေ့ကြရပါတယ်။ တစ်ကြိမ်ကဆိုရင် ယူနီဖေါင်း လက်နက်အပြည့်အစုံနဲ့ ကိုးကန့် ဖုန်းကျားရှင် တပ်ဖွဲ့က မြန်မာစကားမတတ်တဲ့ တရုတ်လူမျိုးတွေ တရုတ်ပြည်နယ်စပ်ကနေ မန္တလေးကိုဖြတ်၊ အိန္ဒိယ နယ်စပ် ကို ရောက်မှ ဖမ်းမိတာမျိုးလည်း ဖြစ်ခဲ့ဖူးပါတယ်။ အခုကိစ္စမှာလည်း လက်နက် အလက်ရာပေါင်းများစွာ၊ ကျည်ဆံ ထောင်သောင်းချီ နယ်စပ်ကနေ မန္တလေး၊ ရန်ကုန်ကို ဖြတ်ပြီး ရခိုင်ပြည်နယ်ထဲ အထိ ရောက်သွားခဲ့တာ ဖြစ်ပါတယ်။
ပြောရရင်သမ္မတဦးသိန်းစိန်အစိုးရလက်ထက် ပြည်သူလူထုလုံခြုံရေးကို ပြည်ထဲရေးဝန်ကြီးဌာနနဲ့ တပ်မတော် စစ်ဖက်ရေးရာလုံခြုံရေးအဖွဲ့တွေ ပူးပေါင်းတာဝန်ယူထားတဲ့ကာလမှာ မြို့ပြ လုံခြုံရေးစည်း အကြီးအကျယ် ကျိုးပေါက်ခဲ့တာ တွေ့နိုင်ပါတယ်။ ဒီလို ဖြစ်ရတာကလည်း တာဝန်ရှိသူတွေဟာ ပြည်သူတွေ အသက်အိုးအိမ် စည်းစိမ် လုံခြုံရေး ဆိုတာထက် မြို့ပေါ်က ကျောင်းသားတွေ၊ ဒေါ်နော်အုန်းလှ၊ ကိုထင်ကျော်တို့လို တက်ကြွလှုပ်ရှားသူတွေကိုပဲ ရန်သူတွေလို့ သတ်မှတ်၊ အဲဒီ လှုပ်ရှားမှုတွေကိုပဲ နှိမ်နင်းဖို့ ဦးတည်ချက် ထား၊ အာရုံစိုက်ခဲ့တာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့်လည်း တကယ့် ပြည်သူတွေရဲ့ အသက်အိုးအိမ် စည်းစိမ်တွေကို ထိခိုက်နိုင်တဲ့ ထုထည်ကြီးမား၊ အဖျက်စွမ်းအား ကြီးမားတဲ့ စစ်သုံး လက်နက် ပစ္စည်းကရိယာတွေကို မန္တလေး၊ ရန်ကုန်လို မြို့ကြီးတွေကနေ တဆင့် ရခိုင်ပြည်နယ်ထဲအထိ အကြိမ်ကြိမ် အခါခါ ဘေးရန်ကင်းကင်းနဲ့ သယ်ယူသွားနိုင်ကြတာ ဖြစ်ပါတယ်။ အရင် အစိုးရအဆက်ဆက် လက်ထက်က မဖြစ်နိုင်ခဲ့တဲ့ မြို့ပြ လုံခြုံရေးစည်း ကျိုးပေါက်သွားခဲ့တာ ဖြစ်ပါတယ်။ အားလုံးကို ခြုံငုံသုံးသပ်ကြည့်လိုက်ရင်ပြည်ထဲရေးဝန်ကြီးဌာန၊ စစ်ဖက်ရေးရာလုံခြုံရေးဌာနတွေဟာ သူတို့ရဲ့ အဓိက တာဝန်ဖြစ်တဲ့ ပြည်သူလူထုရဲ့ အသက်အိုးအိမ် စည်းစိမ်လုံခြုံရေးကို ထိထိရောက်ရောက် ကာကွယ်နိုင်စွမ်းမရှိတာ တွေ့မြင်နိုင်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။