တိုင်းရင်းသားတွေ၊ အင်န်အယ်လ်ဒီကို အားကိုးလို့ မရတော့ဘူးလား

ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ဥက္ကဌ ဦးခွန်ထွန်ဦး

နိုင်ငံကို စီမံအုပ်ချုပ်ခွင့်ရတာ လသားလောက်ပဲ ရှိသေးတဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရအဖွဲ့နဲ့ ပတ်သက်ပြီး ပြင်းထန်တဲ့ ဝေဖန်မှု တစ်ခု ပြီးခဲ့တဲ့ ရက်ပိုင်းက ပေါ်ထွက်လာပါတယ်။ ဝေဖန်ပြောဆိုလိုက်သူကတော့ အစဉ်အလာကြီးပြီး ထင်ရှားတဲ့ တိုင်းရင်းသား ခေါင်းဆောင်လည်းဖြစ်၊ ဒေါ်အောင်ဆန်းစုကြည်၊ NLD နဲ့ ကာလ ကြာရှည် မဟာမိတ်လည်း ဖြစ်နေတဲ့ ရှမ်းခေါင်းဆောင် ဦးခွန်ထွန်းဦး ဖြစ်တာကြောင့်လည်း ဝေဖန်ချက်က ပိုပြီး ဂယက်ရိုက်သွားစေပါတယ်။ သူပြောခဲ့တာကို အနှစ်ချုပ်လိုက်ရင် NLD ဟာ တိုင်းရင်းသားအရေးအတွက် အားမကိုးရတော့ဘူး ဆိုတာပါပဲ။ ဦးခွန်ထွန်းဦးက ဒီ စကားကို ဘာကြောင့်ပြောတာလဲ၊ လက်ရှိ NLD ရဲ့ လုပ်ကိုင်ဆောင်ရွက်ပုံတွေဟာ တကယ်ပဲ တိုင်းရင်းသား အရေးအတွက် အားကိုးလို့ မရနိုင်တော့ဘူးလား ဆိုတာ ဒီတစ်ပတ် ဆွေးနွေးကြည့်ကြရအောင်ပါ။

ပြီးခဲ့တဲ့ မေလ ၇ ရက်နေ့က ရန်ကုန် ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီ အဖွဲ့ချုပ် SNLD ရုံးချုပ်မှာ ကျင်းပတဲ့ ညီညွတ်သော တိုင်းရင်းသား လူမျိုးများ မဟာမိတ်အဖွဲ့ UNA အစည်းအဝေးမှာ ဦးခွန်ထွန်းဦး ပြောခဲ့တာက ခုလိုပါ။ “အားကိုးတကြီးနဲ့ မဲထည့်လိုက်တယ်၊ ထည့်လိုက်တဲ့အခါကျတော့ ရလဒ်က ရခိုင်ကိစ္စမှာ တော်တော်လေးကို သိသိသာသာကြီးဖြစ်သွားပြီ၊ အဲ့ဒီတော့ ဆိုလိုခြင်းကတော့ ဘယ်နည်းနဲ့မဆို NLD သည် တိုင်းရင်းသား အရေးအတွက်ကတော့ သိပ်အားမကိုးရတော့ဘူး၊ တိုင်းရင်းသားတွေ အားကိုးစရာဆိုလို့ UNA ဒါမှမဟုတ် NBF ရှိခဲ့ရင်လည်း NBFဖြစ်လာမှာပေါ့ဗျာ၊ နောက်ပြီးတော့ ကျနော်တို့ လွှတ်တော်မှာတက်နေတဲ့ တိုင်းရင်းသား လွှတ်တော် ကိုယ်စားလှယ်တွေ ပေါ့နော်” ဆိုပြီးဖြစ်ပါတယ်။

Your browser doesn’t support HTML5

တိုင်းရင်းသားတွေ၊ အင်န်အယ်လ်ဒီကို အားကိုးလို့ မရတော့ဘူးလား

ဦးခွန်ထွန်းဦး ရည်ညွှန်းလိုတာက ပြီးခဲ့တဲ့ ရွေးကောက်ပွဲ ရလာဒ်အရ ရခိုင်ပြည်နယ်မှာ ရခိုင်အမျိုးသားပါတီက အမတ်နေရာ အများစု ရခဲ့တယ်၊ ဒါပေမယ့် တကယ့်တကယ် ပြည်နယ် ဝန်ကြီးချုပ်ခန့်တဲ့အခါ အမတ်နေရာ အများစု အနိုင်ရတဲ့ ရခိုင်အမျိုးသားပါတီက တစ်ယောက်ယောက်ကို မခန့်ပဲ NLD အမတ် ဦးညီပု ကိုပဲ ခန့်ခဲ့တယ်။ ဒါဟာ တိုင်းရင်းသား ပြည်သူတွေရဲ့ ဆန္ဒကို မလေးစားဘူး၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ပြောပြောနေတဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ပုံဖော်လိုတဲ့ ဆန္ဒ ရှိပုံမရဘူး ဆိုတဲ့ သဘောမျိုး ဆိုလိုရင်း ဖြစ်ပါတယ်။ ဒီအခြေခံ ရှုဒေါင့်ကကြည့်မယ်ဆို ဦးခွန်ထွန်းဦး ပြောတာ မှန်ပါတယ်။ ဒါပေမယ့်လည်း NLD အနေနဲ့ အစိုးရမဖွဲ့နိုင်ခင် ဖြစ်ပျက်ခဲ့တဲ့ အခြေအနေနဲ့ ရခိုင်ပြည်နယ်ရဲ့ ထူးခြားချက်တွေကို ထည့်တွက်ပါမှ ဒေါ်အောင်ဆန်းစုကြည်တို့ ဘာကြောင့် အဲလို ဆုံးဖြတ်ခဲ့ရသလဲ နားလည်နိုင်မယ် ဖြစ်ပါတယ်။

အားလုံးသိကြပြီဖြစ်တဲ့အတိုင်း ရွေးကောက်ပွဲ ရလာဒ်တွေ ထွက်ပေါ်ပြီးနောက် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့ တွေ့ဆုံဆွေးနွေးမှု ရှိခဲ့ပါတယ်။ အဲဒီ ဆွေးနွေးမှုတွေထဲမှာ ဒေါ်အောင်ဆန်းစုကြည် သမ္မတ ဖြစ်ရေး၊ ပုဒ်မ ၅၉(စ) ကို ဆိုင်းငံ့နိုင်ရေး ကိစ္စ ပါသလို၊ တပ်မတော်ဘက်က ပြည်နယ်နဲ့တိုင်း ဝန်ကြီးချုပ် (၄) နေရာ တာဝန်ယူလိုကြောင်း ညှိနှိုင်းတဲ့ အချက်လည်း ပါပါတယ်။ အဲဒီအထဲမှာ ရခိုင်ပြည်နယ် ဝန်ကြီးချုပ်နေရာလည်း ပါပါတယ်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ဘက်က အကြောင်းပြနိုင်တာကတော့ ရခိုင်ပြည်နယ်မှာ ဘာသာရေး လူမျိုးရေးဆန်တဲ့ ပဋိပက္ခတွေ အကြီးအကျယ် ဖြစ်ပွားခဲ့ပြီး နယ်မြေ တည်ငြိမ်အေးချမ်းမှု မရှိသေးဘူး၊ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း အမြဲပဲ ဝေဖန်စောင့်ကြည့်နေတဲ့ နယ်မြေ ဖြစ်နေတယ်၊ ဒါကြောင့် တပ်မတော်ဘက်က ခန့်အပ်မယ့် ဝန်ကြီးချုပ်တစ်ယောက် တာဝန်ယူသင့်တယ် ဆိုပြီး ညှိနှိုင်းတာမျိုး ဖြစ်နိုင်ပါတယ်။ ဒီလို ပြည်နယ်ဝန်ကြီးချုပ် တာဝန်တွေ တောင်းဆိုတာကို ဒေါ်အောင်ဆန်းစုကြည် ဘက်က ငြင်းပယ်ခဲ့ပါတယ်။ တပ်မတော်ဘက်ကို ငြင်းပယ်ခဲ့ပြီးပြီမို့ အခြား ဘယ်အင်အားစုကိုမှ ဒီလို တာဝန်မျိုးတွေ မပေးပဲ NLD အမတ်တွေကို ပြည်နယ်နဲ့ တိုင်း ဝန်ကြီးချုပ်တွေအဖြစ် ခန့်အပ်ခဲ့တာ ဖြစ်နိုင်ပါတယ်။ ရခိုင်ပြည်နယ်မှာတော့ အခြားအချက်အလက်တွေတောင် ရှိကောင်း ရှိနိုင်ပါတယ်။

ဒီနေရာမှာ စဉ်းစားဖို့ လိုတာက ရခိုင်ပြည်နယ်မှာ အမတ်နေရာ အများစု အနိုင်ရတဲ့ ရခိုင်အမျိုးသားပါတီကို ဝန်ကြီးချုပ်နေရာ မပေးတာလေး တစ်ခုထဲနဲ့ တိုင်းရင်းသားတွေ အနေနဲ့ NLD ကို အားကိုးလို့ မရတော့ဘူးလို့ ကောက်ချက်ချနိုင်မလား ဆိုတာပါ။

မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဖြစ်ပွားနေတဲ့ တိုင်းရင်းသား ဆိုင်ရာ ပြသနာကို ပြန်ကြည့်ရင် တိုင်းရင်းသားတွေ တန်းတူ အခွင့်အရေး မရခြင်း၊ သယံဇာတ ခွဲဝေမှုမှာ မျှတမှု မရှိခြင်း၊ ပြည်နယ်တွေ ဆင်းရဲတွင်းနက်နေခြင်း စတဲ့ အချက်တွေကို အခြေခံတာ တွေ့ကြရမှာဖြစ်ပါတယ်။ ဒီအချက်တွေကြောင့်ပဲ လက်နက်စွဲကိုင် တိုက်ပွဲဝင်ကြသည်အထိ တိုင်းရင်းသားအရေး လှုပ်ရှားမှု ပြင်းထန်ခဲ့တာ တွေ့နိုင်ပါတယ်။ တိုင်းရင်းသားတွေနဲ့ ပြည်တွင်းစစ်ဖြစ်ပွားခဲ့တာ လွတ်လပ်ရေး ရပြီးစ ၁၉၄၉ ခုနှစ်က စတယ် ဆိုပေမယ့် ဗိုလ်ချုပ်နေဝင်း စစ်တပ်နဲ့ အာဏာသိမ်းလိုက်တဲ့ ၁၉၆၂ ခုနှစ် နောက်ပိုင်းကစပြီး ပို ဆိုးရွားလာတယ် ဆိုရင်တော့ မှားမယ် မထင်ပါဘူး။ ဗိုလ်ချုပ်နေဝင်းဟာ တိုင်းရင်းသားတွေနဲ့ ဖြစ်ပွားနေတဲ့ စစ်ပွဲကို နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းဖို့ မကြိုးစားသလို၊ တိုင်းပြည်ကိုလည်း တိုင်း(၇) ခုနဲ့ ပြည်နယ် (၇) အဖြစ် ဖွဲ့စည်းခဲ့တာမျိုးကိုလည်း သူ့လက်ထက်မှာ အကောင်အထည် ဖော်ခဲ့ပါတယ်။

၁၉၈၈ ခုနှစ် စစ်တပ်က တကြော့ပြန် အာဏာသိမ်း တက်လာပြီး နောက်ပိုင်း အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ လက်ထက်မှာတော့ တိုင်းရင်းသား ပြသနာ မပြေလည်တဲ့အပြင် ပိုပြီး ဆိုးရွားလာတယ်လို့တောင် ပြောနိုင်ပါတယ်။ သူ့လက်ထက်မှာ တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တစ်ချို့ကို နိုင်ငံရေးအရ ဆွေးနွေးတာမျိုး မလုပ်ပဲ အပစ်အခတ် ရပ်စဲပြီး စီးပွားရေး လုပ်ခွင့်ပေးတဲ့နည်းနဲ့ တိုက်ခိုက်မှုတစ်ချို့ ရပ်စဲအောင် လုပ်တဲ့နည်း ကျင့်သုံးခဲ့ပါတယ်။ အဲဒီလို လုပ်ခြင်းအားဖြင့် တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့တွေ သူ့ဖာသာသူ ပျက်စီးသွားလိမ့်မယ်၊ အခြား တစ်ဖက်မှာလည်း ကရင့်လက်နက်ကိုင် တပ်ဖွဲ့ KNU လို အဖွဲ့မျိုးကို စစ်ရေးအရ ဖိပြီး တိုက်ခိုက်ခြေမှုန်းနိုင်လိမ့်မယ် လို့ တွက်ဆ ပြီး လုပ်ကိုင်ခဲ့တာမျိုး ဖြစ်ပါတယ်။ အဆိုးဆုံးကတော့ တပ်မတော်ကို ပြည်ထောင်စု တပ်မတော်ဖြစ်အောင် တည်ဆောက်ရမယ့်အစား ကရင်၊ကချင်၊ ရှမ်း စတဲ့ တိုင်းရင်းသားတွေ မပါတဲ့ ဗမာကြီးစိုးတဲ့ တပ်ဖြစ်အောင် စနစ်တကျ တည်ဆောက်ခြင်းပါပဲ။ တပ်မတော်ဟာ ပြည်ထောင်စု အသွင်မဆောင်ပဲ ဗမာ့စစ်တပ်လို ဖြစ်လေလေ၊ တိုင်းရင်းသား ပဋိပက္ခကို ဖြေရှင်းလို့ ခက်လေလေ အခြေအနေ ဆိုက်စေခဲ့ပါတယ်။ ခြုံပြီးပြောရရင် မြန်မာပြည်မှာ တိုင်းရင်းသား အရေး မဖြေရှင်းနိုင်တာဟာ စစ်အာဏာရှင် စနစ်ကြောင့်လို့ ပြောနိုင်ပါတယ်။

အခုလက်ရှိ တိုင်းပြည်ကို NLD အစိုးရက စီမံခန့်ခွဲ အုပ်ချုပ်ခွင့် ရနေပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဖက်ဒရယ် ဆိုတဲ့ စကားလုံးကို အစောဆုံး ပြောခဲ့တဲ့ နိုင်ငံရေး ခေါင်းဆောင် တစ်ယောက်ဖြစ်ပြီး တိုင်းရင်းသားအရေး ဖြေရှင်းဖို့ကိုလည်း လက်တွေ့ လုပ်ကိုင်နေပါတယ်။ တစ်တိုင်းပြည်လုံးမှာ အပစ်အခတ် ရပ်စဲရေး၊ ငြိမ်းချမ်းရေး ရရှိရေး၊ ၂၁ ရာစု ပင်လုံညီလာခံ ကျင်းပပြီး တိုင်းရင်းသားပြသနာ အဖြေရှာရေး စတာတွေ အကောင်အထည် ဖော်နေတာဟာ တိုင်းရင်းသားအရေး ဖြေရှင်းနေတာပဲ ဖြစ်ပါတယ်။ ဒါတင်မက အစိုးရဖွဲ့ခွင့်ရလာတဲ့အခါ တိုင်းရင်းသားဒေသ ဖွံ့ဖြိုးတိုးတက်ရေး ၊ သယံဇာတ က ရလာတဲ့ အကျိုးကျေးဇူးတွေကို တိုင်းရင်းသားတွေ ခံစားခွင့်ရရေးကိုလည်း လုပ်ကိုင်ရဦးမှာ ဖြစ်ပါတယ်။ ဒီအတွက် အားကောင်းတဲ့ အစိုးရတစ်ရပ်ဖြစ်အောင် တည်ဆောက်နေတာလဲ ဖြစ်ပါတယ်။ ဒါကြောင့် တိုင်းရင်းသားတွေ အနေနဲ့ ရခိုင်ပြည်နယ် ဝန်ကြီးချုပ် ပြသနာ တစ်ခုထဲနဲ့ တိုင်းရင်းသားတွေအရေး အင်န်အယ်လ်ဒီ ကို အားမကိုးရတော့ဘူး ဆိုပြီး အထင်အမြင် လွဲတာမျိုး မဖြစ်သင့်ပါကြောင်း၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ ဟာ တိုင်းရင်းသား တန်းတူရေးကို အကောင်အထည်ဖော်မယ့် ခေါင်းဆောင်နဲ့ နိုင်ငံရေးပါတီ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။