သက်တမ်းကုန်သွားပြီဖြစ်တဲ့ လွှတ်တော်၊ ဘယ်လိုလွှတ်တော်မျိုးလဲ

ပထမအကြိမ်နှင့် ဒုတိယအကြိမ် လွှတ်တော် ကိုယ်စားလှယ်များအား ဂုဏ်ပြုကြိုဆိုသည့် နေ့လည်စာ စားပွဲ အခမ်းအနား (ဓါတ်ပုံ- MOI)

ခုဆိုရင် အရင် စစ်အစိုးရက ဖန်တီးပေးခဲ့တဲ့ ပထမ အကြိမ် လွှတ်တော်တွေ သက်တမ်း ကုန်ဆုံးသွားခဲ့ပါပြီ။ ဇန်နဝါရီ(၂၈) နဲ့ (၂၉ )ရက်နေ့ မှာတော့ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော် နဲ့ ပြည်ထောင်စု လွှတ်တော်တွေမှာ နှုတ်ဆက်ပွဲတွေ ကျင်းပကြပါတယ်။ အားလုံးလိုလိုသော အမတ်တွေက သူတို့ လွှတ်တော်ကို သူတို့ ချီးမွမ်းခန်းတွေ ဖွင့်ပြီး လွှတ်တော် မှတ်တမ်းထဲ ဝင်အောင် ပြောဆိုကြပါတယ်။ အဓိက ပြောကြ ဆိုကြတာက နှစ်ပေါင်း ၂၀ ကျော်အတွင်း လွှတ်တော်တွေ ပြန်ပေါ်ပေါက်လာပြီး သူတို့တွေက အသက်သွင်းခဲ့တယ် ဆိုတာမျိုး၊ လွှတ်တော်တွင်းမှာ ပါတီစွဲ လူမျိုးစွဲ မထားပဲ တိုင်းပြည်ကောင်းရာ ကောင်းကျိုး လုပ်ခဲ့ကြတယ် ဆိုတာမျိုး၊ ပြည်သူ့အသံ လွှတ်တော် အသံ ဆိုပြီး ပြည်သူတွေ အကျိုးအတွက် လုပ်ကိုင်ဆောင်ရွက်ခဲ့ကြတယ်ဆိုတာမျိုး၊ ဘယ်လောက် ပင်ပန်းဆင်းရဲခြင်းကြီးစွာနဲ့ ဒုက္ခခံပြီး လုပ်ခဲ့ကိုင်ခဲ့ကြတယ် ဆိုတာမျိုးတွေပါ။ ကုန်ဆုံးသွားပြီဖြစ်တဲ့ ပြည်ထောင်စု အဆင့် လွှတ်တော်တွေဟာ ဘယ်လို လွှတ်တော်တွေ ဖြစ်ခဲ့သလဲ ဆိုတာ ဒီတစ်ပါတ် ဆွေးနွေး တင်ပြသွားပါ့မယ်။

သူရဦးရွှေမန်းနဲ့ ဦးခင်အောင်မြင့် စစ်ဗိုလ်ချုပ်နှစ်ယောက်ကို တာဝန်ပေးခဲ့တဲ့ ပြည်ထောင်စု အဆင့် လွှတ်တော်တွေကို ပြန်ကြည့်ရင် တကယ့် လွှတ်တော်တွေအလား ပီပီပြင်ပြင် အသက်ဝင်အောင် လုပ်ခဲ့တာကိုတော့ ချီးကျူးရမှာ ဖြစ်ပါတယ်။ အကြောင်းကတော့ တိုင်းနဲ့ ပြည်နယ် ၁၄ ခုက ၁၄ ခုသော လွှတ်တော်တွေအားလုံး တစ်ခုမှ ပြည်ထောင်စု အဆင့် လွှတ်တော်လို အသက် မဝင်ခဲ့လို့ ဖြစ်ပါတယ်။ လွှတ်တော် သက်တန်းကာလ အတွင်း ခေတ်စနစ်နဲ့ လျော်ညီခြင်း မရှိတဲ့ ဥပဒေ တွေကို ဖျက်သိမ်းတာ၊ ပြင်ဆင်တာ၊ အသစ် လိုအပ်တဲ့ ဥပဒေတွေကို ရေးဆွဲ ပြဌာန်းတာတွေကိုတော့ လုပ်ခဲ့ကြပါတယ်။ ဒါပေမယ့် ဒီ ပြဌာန်းလိုက်တဲ့ ဥပဒေတွေဟာ တကယ့် ပြည်သူလူထု အကျိုးအတွက် ဖြစ်ရဲ့လား၊ အာဏာရှင်တွေရဲ့ ဖိနှိပ်မှုတွေကို ဖယ်ရှားပေးထားတဲ့ ဥပဒေတွေ ဖြစ်ရဲ့လား ဆိုတာကတော့ ဆွေးနွေးစရာ အများကြီး ရှိနေပါတယ်။

Your browser doesn’t support HTML5

သက်တမ်းကုန်သွားပြီဖြစ်တဲ့ လွှတ်တော် ဘယ်လိုလွှတ်တော်မျိုးလဲ

နမူနာအားဖြင့် ရပ်ကျေး အုပ်ချုပ်ရေးမှူး ရွေးချယ်တင်မြှောက်ခြင်း ဆိုင်ရာ ဥပဒေ ဆိုရင် ဒီမိုကရေစီလည်း မကျ၊ ရှုတ်လည်း ရှုတ်ထွေး အခြေအနေမျိုး ဖြစ်အောင် ပြဌာန်းထားတာ တွေ့ရမယ် ဖြစ်ပါတယ်။ အဲလို ရှုတ်ထွေးတဲ့ ဥပဒေကြောင့်ပဲ အရင် အာဏာရှင် ခေတ်က အတိုင်း ပြည်သူလူထုကို ဆန့်ကျင်သူတွေ၊ ကိုယ်ကျိုးသမားတွေ အောက်ခြေ ရပ်ကျေး အုပ်ချုပ်ရေးမှူး နေရာတွေကို ဆက်ပြီး ရယူထားနိုင်သေးတာ တွေ့ရပါတယ်။ နောက် တစ်ခုက ငြိမ်းချမ်းစွာ စုရုံး စီတန်း ဆန္ဒပြခွင့် ဆိုင်ရာ ဥပဒေ ဖြစ်ပါတယ်။ လွှတ်တော်က ပြဌာန်းလိုက်တဲ့ အဲဒီ ဥပဒေကို အကြောင်းပြုပြီးတော့ပဲ ကျောင်းသားနဲ့ လူပေါင်းများစွာ ဖမ်းဆီး၊ တရားရုံး တင်ပို့ခံရ၊ အကျဉ်းချ ခံနေရတာ ဖြစ်ပါတယ်။ နောက်တစ်ခုကတော့ မျိုးစောင့် ဥပဒေတွေ ဖြစ်ပါတယ်။ နိုင်ငံနဲ့ တိုင်းရင်းသားပြည်သူတွေ အတွက် အကျိုးရှိစေမယ့် ဥပဒေတွေလို့ သတ်မှတ်ဖို့ အလွန်ခက်ခဲပါတယ်။ ဒါတွေက နမူနာ သဘောလောက်ပါ။ လက်ရှိ လွှတ်တော်ဟာ အဲလို ဥပဒေ အများကြီး ပြဌာန်းခဲ့ပါတယ်။

နောက်တစ်ချက် လွှတ်တော်ဟာ သမ္မတ နဲ့ အစိုးရ အဖွဲ့ကို ထိန်းကျောင်းတယ်၊ ထိန်းညှိတယ် ဆိုတဲ့ ကိစ္စပါ။ တကယ့်တကယ်ကျတော့ အဲဒီကိစ္စတွေထဲမှာ အကျိုးစီးပွားဆိုင်ရာ ကိစ္စတွေ၊ ဂိုဏ်းဂဏ တိုက်ပွဲ ပြသနာတွေ အများကြီး ပါဝင်နေတာ တွေ့နိုင်ပါတယ်။ စစ်အစိုးရ ခေတ်လွန်ကို ပြန်ကြည့်ရင် လွှတ်တော်ထဲကို အမတ်ဖြစ်ပြီး ရောက်သွားသူတွေထဲမှာ အရင် အခွင့်ထူးရခဲ့တဲ့ ဝန်ကြီးဟောင်းတွေနဲ့ ခရိုနီတွေ ပါသွားကြပါတယ်။ လွှတ်တော်ကို သူတို့ ကြီးစိုး လွှမ်းမိုးထားပါတယ်။

တစ်ဖက်မှာ အစိုးရ အာဏာရလာတဲ့ သမ္မတ ဦးသိန်းစိန် ဘက်မှာလည်း သူတို့ အုပ်စုနဲ့ သူတို့ ရှိကြပါတယ်။ သမ္မတ ဦးသိန်းစိန် ဘက်မှာ တန်ခိုးကြီးလာတဲ့ ဝန်ကြီး ဦးစိုးသိန်းနဲ့ အုပ်စုဟာ လွှတ်တော်ထဲ ရောက်သွားတဲ့ ဝန်ကြီးဟောင်းတွေနဲ့ ခရိုနီ အုပ်စုတွေကို အရင်ခေတ်တုန်းကလို အခွင့်ထူးတွေ မပေးတော့ပါဘူး။ ပုံစံ အသစ်၊ လူအသစ်တွေနဲ့ လုပ်ပါတယ်။ ဒီလိုနည်းနဲ့ အခွင့်ထူးမရတော့တဲ့ လွှတ်တော်ဘက်က ခရိုနီ အသိုင်းအဝိုင်း အုပ်စု အစိုးရဘက်ကို အမျက်တော်ရှပါတယ်။ နောက်ပိုင်း အစိုးရဘက်က လုပ်ရပ်တွေ အထူးသဖြင့် စီးပွားရေး ဆိုင်ရာ လုပ်ရပ်တွေကို စေ့စေ့စပ်စပ် ကြည့်ရှု ဝေဖန်ပါတော့တယ်။ ဒါဟာ အစိုးရနဲ့ လွှတ်တော် ပုံမှန် Check and Balance လုပ်တာမျိုး မဟုတ်ပါဘူး။ ဥပမာအားဖြင့် မိုဘိုင်းဖုန်း ဆက်သွယ်ရေး လုပ်ငန်းမှာ နိုင်ငံခြား အော်ပရေတာတွေကို လုပ်ကိုင်ခွင့်ပြုတဲ့ ကိစ္စ၊ နိုင်ငံခြား ဘဏ်တွေကို ဝင်ရောက် ရင်းနှီးမြှုပ်နှံခွင့်ပေးတဲ့ ကိစ္စတွေမှာဆိုရင် လွှတ်တော် ဘက်က အသည်းအသန် ကန့်ကွက်တာမျိုး လုပ်ခဲ့တာ ဖြစ်ပါတယ်။

လွှတ်တော်ဘက်က မအောင်မမြင် ဇာတ်မျောဖြစ်အောင် လုပ်လိုက်တဲ့ ပြသနာကြီးတစ်ခုလည်း ရှိပါသေးတယ်။ အဲဒါကတော့ သိမ်းဆည်းထားတဲ့ မြေယာတွေ ပြည်သူတွေ လက်ထဲ ပြန်ရောက်ရေး ကိစ္စပါ။ တကယ်တော့ အရင် စစ်အစိုးရ လက်ထက်က လယ်သိမ်းယာသိမ်း ပြသနာဟာ အတော့်ကို နက်ရှိုင်းကျယ်ပြန့်ပါတယ်။ သိမ်းသူတွေကလည်း မျိုးစုံပါတယ်။ တပ်မတော်၊ ဌာနဆိုင်ရာ၊ စစ်ဗိုလ် နဲ့ ခရိုနီသူဌေး စုံနေအောင် ပါပါတယ်။ လယ်သိမ်းယာသိမ်း လုပ်ခဲ့တဲ့သူတွေ အများကြီးကလည်း လွှတ်တော်ထဲ အမတ်ဖြစ်နေတာတွေလည်း ရှိနေပါတယ်။ နောက်ဆုံး အဲဒီ လယ်ယာမြေ သိမ်းဆည်းခံရမှု ကိစ္စတွေ ကိုင်တွယ်ဖြေရှင်းပေးတဲ့ လွှတ်တော်ဘက်ကလည်း ပြသနာကို ရှင်းလင်းတဲ့အထိ မကိုင်တွယ်ပဲ ဇာတ်မျောအဖြစ် လုပ်ကိုင်ခဲ့တာ တွေ့နိုင်ပါတယ်။

လွှတ်တော်ရဲ့ အရေးအကြီးဆုံးသော ပြသနာ တစ်ခုကတော့ ဖွဲ့စည်းပုံပြင်ရေးကို ကောင်းကောင်းမွန်မွန် မလုပ်ခဲ့တာပါ။ ရွေးကောက်ခံ နဲ့ တပ်တော်သားတွေ ညှိနှိုင်းပြီး ဖွဲ့စည်းပုံကို ဖြစ်သင့်ဖြစ်ထိုက်တဲ့ အနေအထား ပြင်ဖို့ ကြိုးစားရမှာကို ဖွဲ့စည်းပုံပြင်ရေးကော်မတီ ထဲကနေ တပ်မတော်သားတွေကိုရော အခြားပါတီဝင်တွေကိုပါ ထုတ်ပယ်၊ သူရဦးရွှေမန်း သဘောကျတာကိုပဲ ပြင်ဖု့ိ ပြည်ခိုင်ဖြိုးပါတီက လုပ်ခဲ့တာပါ။ နောက်ဆုံး တပ်မတော်ဘက်က ပယ်ချခဲ့ပြီး ဘာတစ်ခုမှ အရာမထင်ခဲ့ပါဘူး။

လွှတ်တော် နောက်ဆုံးနေ့ ဇန်နဝါရီ ၂၈ ရက်နေ့မှာ သမ္မတ ဦးသိန်းစိန်ရော သူရဦးရွှေမန်းပါ စကားပြောကြပါတယ်။ သမ္မတ ဦးသိန်းစိန်က “ ထိပ်တိုက်ရင်ဆိုင်မှုများ ကြုံတွေ့ရသော်လည်း ပုဂ္ဂိုလ်ရေး ထိခိုက်နာကျင်မှုများကို မေ့ပျောက်၍ သည်းခံဆောင်ရွက်ခဲ့တယ်”ဆိုပြီး ပြောခဲ့သလို သူရဦးရွှေမန်းကလည်း “ကြိုးစားရင်း ကြိုးစားရင်းနဲ့ ကျွန်တော့်မှာလည်း ဒါဏ်ရာ ဒါဏ်ချက်တွေ အများကြီးရပါတယ်။ ဒီလိုပဲ ကျွန်တော်နဲ့ နီးစပ်သူတွေလည်း ဒါဏ်ရာ ဒါဏ်ချက်တွေ အများကြီး ရပါတယ်။” လို့ ပြောဆိုခဲ့ပါတယ်။ ဒါဟာ လွှတ်တော်နဲ့ အစိုးရအဖွဲ့ ဖြစ်ပွားခဲ့တဲ့ ဂိုဏ်းဂဏ တိုက်ပွဲကို ထင်ဟပ်စေတဲ့ စကားလုံးတွေ ဖြစ်ပါတယ်။ အားလုံးကို ခြုံငုံသုံးသပ်လိုက်ရင် ကုန်လွန်ခဲ့တဲ့ လွှတ်တော် သက်တန်းဟာ ပြည်သူ့ဆန္ဒ လွှတ်တော် ဆန္ဒ ဆိုတာထက် ကိုယ်ကျိုးစီးပွားနဲ့ ဂိုဏ်းဂဏ တိုက်ပွဲတွေ ပိုပြီး လွှမ်းမိုးခဲ့တဲ့ လွှတ်တော်လို့ သတ်မှတ်ရင် ပို နီးစပ်မှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။