မတ်လ ၃၁ ရက်နေ့မှာ စ ပြီး တာဝန်ယူခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် အစိုးရဟာ သူတို့ရဲ့ ပထမဦးဆုံး လုပ်ရပ်အဖြစ် နိုင်ငံရေး အကျဉ်းသားတွေ၊ တက်ကြွ လှုပ်ရှားသူတွေ နဲ့ အမှုရင်ဆိုင်နေရတဲ့ ကျောင်းသားတွေကို လွတ်မြောက်အောင် ဆောင်ရွက်ပေးခဲ့ပါတယ်။ အကျဉ်းချ ခံထားရာကနေ လွတ်မြောက်လာတဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသား သမဂ္ဂများ အဖွဲ့ချုပ် ဗကသ ခေါင်းဆောင်တွေ အပါအဝင် ကျောင်းသားခေါင်းဆောင်တွေဟာ လက်ရှိ နိုင်ငံရေး အပြောင်းအလဲအပေါ် သူတို့ရဲ့ ခံယူချက်၊ သူတို့ ဆက်ပြီး လုပ်ကိုင်ဆောင်ရွက်သွားမယ့် လုပ်ငန်းစဉ်တွေအကြောင်း သတင်းမီဒီယာတွေကို ပြောဆိုခဲ့ကြပါတယ်။ အဲဒီလို ပြောဆိုမှုတွေကနေ တဆင့် ကျောင်းသားအရေး လှုပ်ရှားသူတွေနဲ့ အင်န်အယ်လ်ဒီ အစိုးရ ထောက်ခံသူတွေအကြား အခြေအတင် အငြင်းပွားမှုတွေလည်း ဖြစ်ပေါ်ခဲ့ပါသေးတယ်။ ကျောင်းသားခေါင်းဆောင်တွေ ဘာပြောခဲ့ကြသလဲ၊ တကယ့် တိုင်းပြည်ရဲ့ ပကတိ အခြေအနေနဲ့ ပညာရေး အဆက်အစပ်က ဘာလဲ၊ ဒီအပေါ်မှာ ကျောင်းသားခေါင်းဆောင်တွေ ဘယ်လို သဘောထားသင့်သလဲ ဆိုတာ ဒီတစ်ပါတ် ဝေဖန် ဆွေးနွေးကြည့်ကြရအောင်ပါ။
လွတ်မြောက်လာတဲ့ ကျောင်းသားခေါင်းဆောင်တွေရဲ့ ပြောစကားတွေကို ခြုံငုံသုံးသပ်ကြည့်ရင် အရင် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် အခြေခံပညာရေး ဥပဒေကို သပိတ်မှောက်ခဲ့စဉ်တုန်းက ခံယူထားချက်တွေအတိုင်း အခုလဲ ဆက်ပြီး ကိုင်စွဲထားတာ တွေ့ရမှာ ဖြစ်ပါတယ်။ ပြဌာန်းပြီးဖြစ်တဲ့ အခြေခံ ပညာရေး ဥပဒေ ကို မကြိုက်ဘူး၊ ပြင်ဆင်ပေးရမယ်၊ ဒီအတွက် လက်ရှိ အင်န်အယ်လ်ဒီ အစိုးရနဲ့ ဆက်ပြီး ဆွေးနွေးလိုတယ်၊ အဲဒီလို ပညာရေး ဥပဒေကို ပြင်ဆင်နိုင်ခြင်း မရှိသေးလို့ သူတို့အနေနဲ့ သပိတ်လှန်ဦးမှာ မဟုတ်သေးဘူး၊ ဒီလိုပြောလို့ မနက်ဖန် သန်ဘက်ခါပဲ လမ်းပေါ်ထွက် ဆန္ဒပြဦးမယ်လို့ ဆိုလိုတာ မဟုတ်ဘူးလို့ ရှင်းပြကြပါတယ်။ ဒါ့အပြင် အရင်ကတည်းက သူတို့ ခံယူထားတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး ဆက်လုပ်သွားမယ်၊ ကျောင်းသားထု ညီလာခံကြီး တစ်ရပ် ခေါ်ယူကျင်းပနိုင်ရေး အကောင်အထည် ဖော်သွားမယ်၊ ၁၉၆၂ ခုနှစ် တုန်းက စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်း ဖြိုချခဲ့တဲ့ ကျောင်းသားသမဂ္ဂ အဆောက်အဦကို ပြန်ပြီး တည်ဆောက်နိုင်အောင် ကြိုးစားသွားမယ် ဆိုတာတွေပဲ ဖြစ်ပါတယ်။
Your browser doesn’t support HTML5
ဒီအချက်တွေအားလုံးကို ချုပ်ပြီး ပြောရရင် ဗကသ အပါအဝင် အကျဉ်းချခံထားရာကနေ လွတ်မြောက်လာတဲ့ ကျောင်းသားခေါင်းဆောင်တွေဟာ လက်ရှိ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ အစိုးရအဖွဲ့ တက်လာတာကို ကြိုဆိုကြပေမယ့် ပညာရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရတဲ့ ဒေါက်တာမျိုးသိမ်းကြီးကိုတော့ မကြိုက်ကြပါဘူး။ ဒါ့အပြင် အရင် ဖိနှိပ်တဲ့ အစိုးရအဆက်ဆက် ခေတ်တုန်းက ကိုင်စွဲခဲ့တဲ့ ခံယူချက်နဲ့ လုပ်ငန်း လမ်းစဉ်တွေကိုလည်း အပြောင်းအလဲ မရှိ ဆက် ကိုင်စွဲထားကြတာကို တွေ့မြင်ကြရပါတယ်။ အဲဒါတွေဟာ ဒီကနေ့ အခြေအနေနဲ့ ကိုက်ညီမှု ရှိပါရဲ့လား ဆိုတာ ပြန်ပြီး သုံးသပ်သင့်ပါတယ်။
ကိုလိုနီခေတ်ကတည်းက စခဲ့တဲ့ မြန်မာနိုင်ငံ ကျောင်းသားလှုပ်ရှားမှု သမိုင်းကို ပြန်ကြည့်ရင် ပညာရေး၊ ကျောင်းသားအရေး ဆိုတဲ့ ဘောင်ထဲမှာထက် တိုင်းပြည်လွတ်လပ်ရေး၊ တနည်းအားဖြင့် နိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး နယ်ပယ်ထဲမှာ ရှိနေခဲ့တာက များပါတယ်။ ၁၉၆၂ ခုနှစ် စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်း အာဏာသိမ်းပြီး တက်လာတော့လည်း အစောဆုံး ဆန့်ကျင်ခဲ့သူတွေဟာ ကျောင်းသားတွေပဲ ဖြစ်ပါတယ်။ အဲဒီနောက်ပိုင်း ကာလ တလျောက်လုံး ကျောင်းသားလှုပ်ရှားမှု ဆိုတာဟာ တကယ်စင်စစ်တော့ နိုင်ငံရေး လှုပ်ရှားမှုပဲ ဖြစ်ခဲ့ပါတယ်။ ဒီလို ဖြစ်ခဲ့တာကလည်း သဘာ၀ ကျပါတယ်။ တိုင်းပြည်မှာ ပညာရေး စနစ်မကောင်းဘူး၊ ပညာရေးစနစ် ဖျက်ဆီးခံရပြီး နိမ့်ကျနေတယ်၊ ဒီလိုဖြစ်ရတာဟာ နိုင်ငံရေး စနစ်ကြောင့် ဖြစ်ရတာ၊ အာဏာရှင် စနစ်ကြောင့် ဖြစ်ရတာ၊ ဒါကြောင့် အာဏာရှင် စနစ်ကို အရင်ဖြိုဖျက်ဖို့ လိုတယ်လို့ ခံယူကြတာကြောင့် ကျောင်းသားလှုပ်ရှားမှုဟာ နိုင်ငံရေး လှုပ်ရှားမှု ဖြစ်နေရတာပါ။
၁၉၈၈ ခုနှစ် ပြည်သူလူထု တစ်ရပ်လုံး ဒီမိုကရေစီ စနစ်ကို လိုလားတောင်းဆိုတဲ့အချိန်၊ အာဏာရှင်တွေက ဒါကို လျစ်လျူရှုပြီး စစ်အာဏာသိမ်း၊ အကြမ်းဖက် ဖိနှိပ်ခဲ့ပြန်တော့ ကျောင်းသားတွေဟာ ရိုးရိုး နိုင်ငံရေး လှုပ်ရှားမှု ဘောင်ကနေ ကျော်လွန်ပြီး အာဏာရှင်စနစ်ကို လက်နက်စွဲကိုင် တိုက်ပွဲဝင်တဲ့ အဆင့်အထိ ကူးပြောင်း ရောက်ရှိသွားပါတော့တယ်။ ပြောရရင် မြန်မာနိုင်ငံ ကျောင်းသားလှုပ်ရှားမှု ဆိုတာ ပညာရေး၊ ကျောင်းသားအရေး အဝန်းအဝိုင်း ဘောင်ထဲမှာထက် ဖိနှိပ်တဲ့ အာဏာရှင် စနစ် ဖြုတ်ချရေး၊ ဒီမိုကရေစီ ထွန်းကားရေး လှုပ်ရှားမှုဘက် ရောက်နေတာ တွေ့နိုင်ပါတယ်။ အကြောင်းကတော့ အာဏာရှင်တွေ လက်အောက်မှာ ကျောင်းသားအရေးနဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေကို လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့် မရှိလို့ပဲ ဖြစ်ပါတယ်။
၂၀၁၀- ၂၀၁၆ နှစ်ဆန်းပိုင်းဟာ မြန်မာနိုင်ငံအတွက် ထူးခြားတဲ့ ကာလ ဖြစ်ခဲ့ပါတယ်။ စစ်တပ်ကို ကျောထောက်နောက်ခံပြုပြီး တက်လာတဲ့ သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်မှာ နိုင်ငံရေး လှုပ်ရှားမှုတွေ လွတ်လွတ်လပ်လပ် လုပ်လာနိုင်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ နဲ့ မင်းကိုနိုင် ဦးဆောင်တဲ့ ၈၈ မျိုးဆက် အဖွဲ့စည်းတွေရဲ့ နိုင်ငံရေး လှုပ်ရှားမှုတွေကို ကြည့်ရင် သိနိုင်ပါတယ်။ ကျောင်းသားလှုပ်ရှားမှုကတော့ ပုံစံ တစ်မျိုး ဖြစ်လာပါတယ်။ ကျောင်းသားအဖွဲ့အစည်းတွေထဲမှာ အရွယ်ကျော်လွန်နေပြီဖြစ်တဲ့ ခေါင်းဆောင် တစ်ချို့ နိုင်ငံရေးဘက်ကို ကူးပြောင်းတာမျိုး မလုပ်ပဲ ကျောင်းသားခေါင်းဆောင် ဘ၀ ဆက် ခံယူပြီး ကျောင်းသားနိုင်ငံရေး ဆက်လုပ်ကြပါတယ်။ ဒီအထဲ တစ်ချို့ မျိုးဆက်သစ်၊ တကယ့် ငယ်ရွယ်တဲ့ ကျောင်းသားခေါင်းဆောင် တစ်ချို့လည်း ပါဝင်လာကြပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျောင်းသားလှုပ်ရှားမှုဟာ နိုင်ငံရေး နယ်ပယ်က မထွက်နိုင်သေးပေမယ့် ပညာရေးနဲ့ ကျောင်းသားအရေး ကိစ္စတွေကို ပိုပြီး ရှေ့တန်းတင်လာတာကိုတော့ တွေ့နိုင်ပါတယ်။ အထူးသဖြင့် ပြီးခဲ့တဲ့ ကာလ အခြေခံပညာရေး ဥပဒေကို သပိတ်မှောက်တဲ့ ကိစ္စမျိုးမှာ ဖြစ်ပါတယ်။
ကျောင်းသားတွေ နိုင်ငံရေး လှုပ်ရှားမှုဘက် ရောက်လာရတာဟာ တိုင်းပြည်မှာ အာဏာရှင် စနစ် ကျဆုံးပြီး ဒီမိုကရေစီ စနစ် ထွန်းကားလာဖို့ ဖြစ်ပါတယ်။ အခု တိုင်းပြည်မှာ အသွင်ကူးပြောင်းရေး ပထမ အဆင့်ကို အောင်အောင်မြင်မြင် ဖြတ်ကျော်နေချိန်ဖြစ်ပါတယ်။ တပ်မတော်ဟာ သီးခြားအဖွဲ့အစည်း တစ်ခု အဖြစ် ရပ်တည်နေသေးတဲ့တိုင် ပြည်သူလူထုက ရွေးကောက်တင်မြှောက်လိုက်တဲ့ အင်န်အယ်လ်ဒီ အစိုးရ အာဏာရနေပါပြီ။ ဒီ အချိန်မှာ ကျောင်းသားတွေရဲ့ အဓိက တာဝန်ဟာ အင်န်အယ်လ်ဒီ အစိုးရ တည်ငြိမ်ရေးနဲ့ အလွန်အမင်း နိမ့်ကျနေတဲ့ ပညာရေးကို ပြန်လည် ထူမတ်နိုင်အောင် အင်န်အယ်လ်ဒီ အစိုးရကို အကူအညီ ပေးဖို့ ဖြစ်ပါတယ်။ ဒီ ရည်ရွယ်ချက်တွေ အထမြောက်ဖို့ ဆိုရင် အရင် အာဏာရှင် အစိုးရခေတ်တုန်းကလို ရရင်ရ မရရင် လမ်းပေါ်ထွက် ဆန္ဒပြ ဆိုတာမျိုး လုပ်သင့် မသင့် ပြန်စဉ်းစားဖို့ လိုပါတယ်။
နောက်ထပ် အရေးကြီးတာ တစ်ချက်ကတော့ ပညာရေး ပြန်လည် မြင့်မားအောင် ဆောင်ရွက်ရာမှာ ကျောင်းသား အဖွဲ့အစည်းတွေ ထဲထဲဝင်ဝင် တက်တက်ကြွကြွ ပါဝင်နိုင်ရေးပါ။ လက်ရှိ ကျောင်းသားအဖွဲ့အစည်းတွေထဲက အရွယ်လွန်နေတဲ့ ခေါင်းဆောင်တွေ နိုင်ငံရေးနယ်ပယ်ထဲ ဝင်ရောက် လှုပ်ရှားသင့်ပါတယ်။ ကျောင်းသားအဖွဲ့အစည်းတွေကို တကယ် ကျောင်းတက်နေကြတဲ့၊ ပိုပြီး ငယ်ရွယ်တဲ့ ကျောင်းသားတွေလက်ထဲ လက်လွှဲတာဝန်ပေးခဲ့ပြီး ပညာရေးနဲ့ ကျောင်းသားအရေး လှုပ်ရှားဖို့ ပထမ၊ တိုင်းပြည်အရေး နိုင်ငံ့အရေး ဆောင်ရွက်ဖို့က ဒုတိယ ဆိုတဲ့ လုပ်ငန်းလမ်းစဉ် အသစ်တွေ ချမှတ်ဖို့ လိုပါတယ်။ အကြောင်းကတော့ အသွင်ကူးပြောင်းရေးကာလမှာ နိုင်ငံရေး လှုပ်ရှားမှုတွေကို နိုင်ငံရေးပါတီတွေနဲ့ နိုင်ငံရေးသမားတွေက ဆောင်ရွက်ရမှာဖြစ်ပြီး၊ ပညာရေး၊ ကျောင်းသား အရေးတွေကို ကျောင်းသား အဖွဲ့အစည်း၊ တကယ့် ကျောင်းသားခေါင်းဆောင်တွေကပဲ ဆောင်ရွက်သင့်လို့ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။