ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၉ ရက်နေ့က ကျင်းပတဲ့ ၆၉ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံရဲ့ မြန်မာ့အရေး ဆုံးဖြတ်ချက် တစ်ခုမှာ ရိုဟင်ဂျာ မူဆလင် လူနည်းစုတွေကို နိုင်ငံသားဖြစ်ခွင့် အပြည့်အ၀ ပေးဖို့နဲ့ နိုင်ငံတွင်း လွတ်လပ်စွာ သွားလာခွင့်ပေးဖို့ တိုက်တွန်းထားတာ တွေ့ရပါတယ်။ နိုင်ငံတကာ မိသားစုဖြစ်တဲ့ ကုလသမဂ္ဂ အဖွဲ့ကြီးရဲ့ ဆုံးဖြတ်ချက်ဟာ ဘယ်လို ဆုံးဖြတ်ချက်မျိုးလဲ၊ ရခိုင်ပြည်နယ်က အခြေအနေ အဖြစ်မှန်ကရော ဘာလဲ၊ ဒါနဲ့ ပါတ်သက်ပြီး အစိုးရနဲ့ ရခိုင်တိုင်းရင်းသား ပါတီ ဘက်က ဘယ်လို တုန့်ပြန်ကြသလဲ၊ တကယ့်တကယ်မှာရော ဘယ်လို ဖြစ်သင့်ပါသလဲ ဆိုတာ ဆွေးနွေးသုံးသပ်ကြည့်ကြရအောင်ပါ။
ကုလသမဂ္ဂ အထွေထွေညီလာခံ ဆုံးဖြတ်ချက်မှာ ရိုဟင်ဂျာ ဘင်္ဂလီတွေကို နိုင်ငံသားဖြစ်ခွင့်ပေးဖို့၊ နိုင်ငံအတွင်း လွတ်လပ်စွာ သွားလာခွင့်ပေးဖို့ အပြင် ဒုက္ခသည် စခန်းမှာ ခိုလှုံနေရသူတွေ သူတို့ နေရပ်မှာ ပြန်လည် နေရာချထားရေး ဆောင်ရွက်ပေးဖို့ ဆိုတဲ့ အချက်လည်း ပါဝင်ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံ အတွင်းက မတရားဖမ်းဆီးထိန်းသိမ်းမှုတွေ၊ အတင်းအဓမ္မ အိုးအိမ်ရွှေ့ပြောင်းခိုင်းတာတွေ၊ လိင်မှုဆိုင်ရာ အကြမ်းဖက်မှုတွေ၊ လူမဆန်တဲ့ ညှဉ်းပမ်းမှုတွေနဲ့ အဓမ္မမြေယာသိမ်းဆည်းမှုတွေ အပါအဝင် လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို အဆုံးသတ်ဖို့လည်း မြန်မာအစိုးရကို တိုက်တွန်းထားပါသေးတယ်။
Your browser doesn’t support HTML5
အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း ၂၀၁၂ ခုနှစ် ရခိုင်ပြည်နယ်မှာ ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုတွေဖြစ်ပွား၊ ရိုဟင်ဂျာ ဘင်္ဂလီ တစ်သိန်းကျော်နဲ့ ရခိုင်တိုင်းရင်းသား ထောင်ဂဏန်းလောက် ဒုက္ခသည် စခန်းတွေမှာ သွားရောက် ခိုလှုံရတဲ့ အခြေအနေ ရောက်ခဲ့ပြီးနောက်ပိုင်း အဲဒီ ပြသနာ ကမ္ဘာက ပိုပြီး အာရုံစိုက်လာတာ ဖြစ်ပါတယ်။ နောက်ပိုင်း အစိုးရရဲ့ ကိုင်တွယ်ပုံ မမှန်ကန်တာကြောင့် ရခိုင်ပြည်နယ်က ရခိုင်တိုင်းရင်းသားတွေနဲ့ ရိုဟင်ဂျာ ဘင်္ဂလီတွေရဲ့ ပဋိပက္ခဟာ အစ္စလာမ် ဘာသာကိုးကွယ်တဲ့ ကမန် တိုင်းရင်းသားတွေနဲ့ ရိုဟင်ဂျာ ဘင်္ဂလီတွေကို အကူအညီပေးနေတဲ့ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့အစည်းတွေ ကို တိုက်ခိုက်သည် အထိ ကျယ်ပြန့်လာခဲ့ပါတယ်။ ဒီလို ပြသနာ ကျယ်ပြန့်လာလို့လည်း ပဋိပက္ခဖြစ်ပွားတာ ၂ နှစ်ကျော် ၃ နှစ်ထဲ ဝင်လာသည်အထိ နှစ်ဖက် လူအဖွဲ့အစည်းနှစ်ခု ပြေလည် ငြိမ်းအေးမှု မရသေးတဲ့ အပြင် ယုံကြည်မှုကို စပြီး တည်ဆောက်နိုင်တဲ့ အဆင့်ကိုတောင် ရောက်မလာသေးပါဘူး။
နဂိုကတည်းကမှ လူ့အခွင့်အရေး ချိုးဖေါက်ခံရပြီး ဆင်းရဲမွဲတေနေတဲ့ ရိုဟင်ဂျာ ဘင်္ဂလီတွေရဲ့ ဘ၀ ဟာလည်း ပဋိပက္ခဖြစ်ပြီးနောက်ပိုင်း ပိုလို့တောင် ဆိုးလာပါသေးတယ်။ ဘင်္ဂလီ ရိုဟင်ဂျာ တစ်သိန်းကျော်ဟာ ဒုက္ခသည် စခန်းတွေမှာ ခိုလှုံနေရဆဲ ဖြစ်ပြီး အာဏာပိုင်တွေဟာ သူတို့ကို နဂို နေထိုင်ရာ ရပ်ရွာတွေကို ပြန်ခွင့်မပေးသေးပဲ ပိတ်လှောင်ထားဆဲ ရှိနေပါသေးတယ်။ ဒီကြားထဲ နောက်ထပ် ပြသနာ တက်လာတာက ယာယီသက်သေခံလက်မှတ် ကိုင်ဆောင်ထားသူတွေ အရေးပါ။ မြန်မာနိုင်ငံမှာ ဘယ်နိုင်ငံသားမှန်း မစိစစ်ရသေးလို့ ယာယီသက်သေခံလက်မှတ်လို့ ခေါ်တဲ့ White Card ကိုင်ဆောင်သူ ၆ သိန်းနီးပါး ရှိတယ်လို့ လဝက ဝန်ကြီး ဦးခင်ရီ ပြီးခဲ့တဲ့ ရက်ပိုင်းကပဲ ပြောပါတယ်။ အဲဒီအရည်အတွက်ဟာ အသက် ၁၈ နှစ် ပြည့်ပြီးသူတွေပဲ ဖြစ်ပြီး လူဦးရေ အားလုံးပေါင်းရင် ရခိုင်ပြည်နယ်မှာ ၇ သိန်း၊ တစ်ပြည်လုံးမှာ ၈ သိန်းလောက် ရှိတယ်လို့ လွှတ်တော်အတွင်း ထွက်ဆိုချက်မှာ ဖော်ပြထားပါတယ်။ အခုလက်ရှိ ကမ္ဘာ့ကုလသမဂ္ဂ နိုင်ငံတကာမိသားစုက တောင်းဆိုနေတာဟာ အဲဒီ လူတွေကို စိစစ်ပေးဖို့၊ နိုင်ငံသားဆိုရင် နိုင်ငံသားအဖြစ် အသိအမှတ်ပြုပြီး နိုင်ငံသား အခွင့်အရေး အပြည့်အ၀ ပေးဖို့ ဖြစ်ပါတယ်။
တကယ်တော့ ဒီ ယာယီသက်သေခံ လက်မှတ်တွေ ပေါ်ပေါက်လာတဲ့ သမိုင်းကြောင်းကလည်း မရိုးသားပါဘူး။ ၁၉၉၃ ကစ အရင် စစ်အာဏာရှင်တွေဟာ သုံးခေါက်ချိုးလို့ ခေါ်တဲ့ အမျိုးသားမှတ်ပုံတင် နဲ့ အခြား အသိအမှတ်ပြု သက်သေခံ လက်မှတ် တစ်ခုခု ကိုင်ဆောင်ထားတဲ့ အစ္စလာမ် ဘာသာဝင် အများစုဆီကနေ သူတို့ကိုင်ထားတဲ့ လက်မှတ်တွေကို သိမ်း၊ ယာယီသက်သေခံ လက်မှတ်တွေ ပြန်ထုတ်ပေးခဲ့ပါတယ်။ အဲဒီ အစ္စလာမ် ဘာသာဝင် အများစု လက်ထဲမှာ ဘာ သက်သေခံ အထောက်အထားမှ မကျန်ရစ်ပါဘူး။ ရခိုင်ပြည်နယ်မှာတော့ ရိုဟင်ဂျာ- ဘင်္ဂလီတွေကို အဲလို သက်သေခံ လက်မှတ်မျိုး အများအပြား ထုတ်ပေးခဲ့ပါတယ်။
တကယ်တော့ ယာယီ သက်သေခံ လက်မှတ် ဆိုတာဟာ ယာယီ အတွက်ပဲ ဖြစ်ရပါလိမ့်မယ်။ ဒါပေမယ့် အရင် စစ်အစိုးရလုပ်ခဲ့ပုံဟာ နှစ်ပေါင်း ၂၀ ကျော် ကြာတဲ့တိုင် အဲဒီ လူတွေကို စနစ်တကျ စိစစ်ပေးတာ မလုပ်ခဲ့ပဲ ယာယီ သက်သေခံ လက်မှတ်ထုတ်ပေးထားပြီး နိုင်ငံသား အခွင့်အရေး မပေးတဲ့အပြင် လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကိုတောင် ကျူးလွန်ခဲ့ပါသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီ ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာ ဘင်္ဂလီတွေကို မြန်မာနိုင်ငံက တိုင်းရင်းသား ၁၃၅ မျိုးထဲမှာ မပါဘူးလို့ သမ္မတ ဦးသိန်းစိန်က ကြေငြာထားပြီး နိုင်ငံသားတွေ မဟုတ်ပါဘူးလို့ ယတိပြတ် ငြင်းဆိုထားတာတော့ မရှိပါဘူး။ ဒီအတွက် နိုင်ငံတကာက တောင်းဆိုသည်ဖြစ်စေ၊ မတောင်းဆိုသည် ဖြစ်စေ လက်ရှိ အစိုးရ အနေနဲ့ ၈ သိန်းသော ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်သူတွေကို နိုင်ငံသားလား၊ ဧည့်နိုင်ငံသားလား၊ နိုင်ငံသားပြုခွင့်ရသူတွေလား စသဖြင့် စိစစ် အဆင့်အတန်း သတ်မှတ်ပေးပြီး သတ်မှတ်ပေးလိုက်တဲ့ အဆင့်အတန်းနဲ့ လျော်ညီတဲ့ အခွင့်အရေး ပေးရမှာ ဖြစ်ပါတယ်။ ဒီလိုမှမဟုတ်ပဲ အဲဒီလူတွေဟာ တစ်ဖက်နိုင်ငံက ခိုးဝင်လာသူတွေလို့ ဆိုခဲ့ရင် အစိုးရဘက်က ခိုးဝင်လာသူတွေဖြစ်ကြောင်း သက်သေအထောက်အထား ခိုင်ခိုင်လုံလုံပြရပါမယ်၊ ပြီးရင် ဒုက္ခသည်တွေအဖြစ် တရားဝင်ကြေငြာပြီး တစ်ဖက်နိုင်ငံက ပြန်လက်ခံဖို့ ပြတ်ပြတ်သားသား အရေးဆိုရဲရပါမယ်။ ဘယ်လိုပဲဖြစ်ဖြစ် ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်ထားခိုင်းတဲ့ အခြေအနေကိုတော့ လုံး၀ ရပ်ဆိုင်းပစ်သင့်ပါပြီ။
အခုဆိုရင် ကုလသမဂ္ဂ အထွေထွေညီလာခံက ဆုံးဖြတ်ချက် ထွက်လာချိန်နဲ့ တိုက်ပြီး အစိုးရကလည်း ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်ထားသူတွေ အနေနဲ့ ၁၉၈၂ ဥပဒေနဲ့ အညီ ဇန်နဝါရီ တစ်ရက်နေ့ကစ နိုင်ငံသားဖြစ်ခွင့် လျောက်ထားနိုင်ပြီလို့ ကြေငြာလာပါပြီ။ ဘယ်လောက် မှန်မှန်ကန်ကန်၊ မြန်မြန်ဆန်ဆန် စိစစ်ပေးနိုင်မလဲ တော့ မသိနိုင်သေးပါဘူး။ ရခိုင်အမျိုးသားပါတီ ခေါင်းဆောင် ဒေါက်တာအေးမောင်ကတော့ ကုလသမဂ္ဂ အထွေထွေ ညီလာခံ၊ တစ်နည်း နိုင်ငံတကာ မိသားစုကြီးရဲ့ အဲဒီ တောင်းဆိုချက်ကို ကန့်ကွက်တဲ့အကြောင်း လွှတ်တော်မှာ တင်ပြသွားမယ်လို့ ဆိုထားပါတယ်။ သိပ်မကြာသေးခင်ကပဲ မြန်မာနိုင်ငံကို ရောက်လာတဲ့ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းက ရခိုင်ပြည်နယ်ထဲက ရိုဟင်ဂျာ ဘင်္ဂလီတွေကို “ရိုဟင်ဂျာ” လို့ သုံးနှုန်းလိုက်တဲ့အပေါ် လွှတ်တော်ထဲ အဆိုတင်ပြီး ကန့်ကွက်ခဲ့ပါသေးတယ်။
တကယ်တော့ မြန်မာနိုင်ငံ အနေနဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ရောက်ဖို့၊ ဖွံ့ဖြိုးတိုးတက်ဖို့ အတားအဆီး အနှောင့်အယှက် ဖြစ်နေတဲ့ ကိစ္စတွေထဲမှာ ရခိုင်ပြည်နယ်က ဘင်္ဂလီ ရိုဟင်ဂျာ အရေးလည်း ပါဝင်ပါတယ်။ အရင် စစ်အာဏာရှင်တွေ မွေးမြူထားခဲ့တဲ့၊ ဥပဒေနဲ့အညီ မဖြေရှင်းပဲ ထားခဲ့တဲ့ ကိစ္စကြီးတစ်ရပ် ရခိုင်တိုင်းရင်းသားတွေကို လက်ညှိုးထိုး အပြစ်ပုံချဖို့ ကြံရွယ်နေတဲ့ ပြသနာလည်း ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံတကာ မိသားစုရဲ့ တိုက်တွန်းချက်အတိုင်း ရခိုင်ပြည်နယ်က ရိုဟင်ဂျာ ဘင်္ဂလီတွေကို နိုင်ငံသားတွေ ဖြစ်မဖြစ် ဥပဒေနဲ့ အညီ အမြန်ဆုံး စိစစ်၊ ခိုးဝင်လာသူတွေဆိုရင် အစိုးရဘက်က ခိုင်လုံတဲ့ အထောက်အထားနဲ့ ဖော်ထုတ်၊ စိစစ်ပြီးသူတွေကို သတ်မှတ်ထားတဲ့ အဆင့်အတန်းနဲ့ လျော်ညီတဲ့ အခွင့်အရေးပေးဖို့ အကောင်အထည် ဖော်သင့်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။