ရွေးကောက်ပွဲ အလွန် စောင့်ကြိုနေမယ့် စိန်ခေါ်မှု

UWSA ၀ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် ထိန်းချုပ်နယ်မြေမှာ ကျင်းပနေတဲ့ ပန်ဆန်းညီလာခံ (မေလ ၂၀၁၅)

အစိုးရဘက်ကလည်း စစ်ရေးနည်းနဲ့ မဟုတ်ပဲ စေ့စပ်ဆွေးနွေး ညှိနှိုင်းတဲ့ နည်းကိုပဲ သုံးရမှာ ဖြစ်သလို၊ လက်နက်ကိုင်တိုင်းရင်းသားတွေ ဘက်ကလည်း ပြည်ပနိုင်ငံတစ်နိုင်ငံကို ပြည်တွင်း ပဋိပက္ခထဲ ဆွဲသွင်းဖို့ ကြိုးစားတာမျိုးဟာ အတော်လေးကို မဖြစ်သင့်တဲ့ ကိစ္စပါ။

အခုဆို ရွေးကောက်ပွဲကြီး ကျင်းပပြီးစီးသွားပါပြီ။ မြန်မာနိုင်ငံမှာ ရွေးကောက်ပွဲအပြီး စောင့်ကြိုနေမယ့် အဓိက ပြသနာ နှစ်ခု ရှိနေဆဲပါ။ တစ်ခုကတော့ အမျိုးသား ပြန်လည် ရင်ကြားစေ့ရေး ဖြစ်ပြီး နောက်တစ်ခုကတော့ လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ဖို့ ဖြစ်ပါတယ်။ ဒီနှစ်ခုထဲက တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး တည်ဆောက်ရေးနဲ့ ပတ်သက်ပြီး ဖြစ်ထွန်းမှု အသစ်တွေ မြင်တွေ့လာရပါတယ်။ အဲဒါကတော့ ပြီးခဲ့တဲ့ ရက်ပိုင်း UWSA ၀ ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် ထိန်းချုပ်နယ်မြေ ပန်ဆန်းမှာ အစိုးရနဲ့ NCA ခေါ် တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ် စာချုပ် လက်မှတ်ရေးထိုးရာမှာ မပါဝင်တဲ့ အဖွဲ့တွေ သီးသန့် တွေ့ဆုံဆွေးနွေးခဲ့ကြတဲ့ ပွဲပါ။ ဆွေးနွေးပွဲအပြီး အချက် (၇) ချက်ပါ ကြေငြာချက် တစ်ခုကိုလည်း ထုတ်ပြန်ခဲ့ပါသေးတယ်။ ရွေးကောက်ပွဲ အပြီး ဆက်ပြီး ဆောင်ရွက်ရမယ့် လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ စစ်မှန်တဲ့ ငြိမ်းချမ်းရေး တည်ဆောက်ရေး လုပ်ငန်း အဆင်ပြေ လွယ်ကူ ချောမွေ့မှာလား၊ ပိုပြီး ခက်ခဲသွားစေမှာလား ဆိုတာ ဒီတစ်ပါတ် ဆွေးနွေး တင်ပြသွားပါ့မယ်။

၀ နယ်မှာ လုပ်တဲ့ အဲဒီဆွေးနွေးပွဲမှာ အရေးကြီးတဲ့ ထူးခြားချက် နှစ်ခု မြင်တွေ့ရပါတယ်။ ပထမ ထူးခြားချက်ကတော့ အခု တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ စု ဖွဲ့မှုဟာ အရင် ရှေ့ပိုင်းက လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေရဲ့ စုဖွဲ့မှုတွေနဲ့ အဓိပ္ပါယ်ချင်း ကွာခြားသွားတာပါ။ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ် စာချုပ် တစ်ခု ချုပ်ဆိုနိုင်ရေး၊ ငြိမ်းချမ်းရေး တည်ဆောက်ရေး၊ အဲဒီ ဖြစ်စဉ်ထဲမှာ တိုင်းရင်းသား အဖွဲ့အားလုံး တန်းတူ ပါဝင်နိုင်ရေး ဆိုတဲ့ ရည်ရွယ်ချက်နဲ့ တိုင်းရင်းသားတွေရဲ့ စုဖွဲ့မှုကို ကူညီ အားပေးခဲ့ပါတယ်။ ဒီလိုနည်းနဲ့ လော်ခီးလာညီလာခံ၊ လိုင်ဇာ ညီလာခံ ဆိုတာမျိုး ပေါ်ပေါက်ခဲ့တာပါ။ ဘယ်ခေတ် ဘယ်အခါတုန်းကနဲ့မှ မတူ အစိုးရကနေ လက်နက်ကိုင် တိုင်းရင်းသားတွေ စုဖွဲ့၊ အပစ်ရပ်ရေး၊ ငြိမ်းချမ်းရေး အတွက် လွတ်လွတ်လပ်လပ် ဆွေးနွေးနိုင်အောင် ခွင့်ပြု၊ ကူညီပေးခဲ့တာမျိုးပါ။ အရင်ခေတ် အခါတုန်းကတော့ မြောက်ဖျားကနေ တောင်ဖျားအထိ ပျံ့နှံ့နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ စု ဖွဲ့ဖို့ ဆိုတာ လွယ်ကူတဲ့ ကိစ္စ မဟုတ်ခဲ့ပါဘူး။

Your browser doesn’t support HTML5

ရွေးကောက်ပွဲ အလွန် စောင့်ကြိုနေမယ့် စိန်ခေါ်မှု

အခုနောက်ဆုံးအခြေအနေအရတော့ NCA လို့ ခေါ်တဲ့ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ် စာချုပ် ရေးထိုးရေးကို အကြောင်းပြုပြီး အစိုးရနဲ့ ဆွေးနွေးဘက် လက်နက်ကိုင် တိုင်းရင်းသားတွေ အုပ်စု နှစ်စု ကွဲသွားပါတယ်။ တောင်ပိုင်းက အဖွဲ့တွေ အများစုကတော့ NCA လက်မှတ်ရေးထိုးကြပြီး တရုတ်နယ်စပ်နဲ့ မြောက်ပိုင်းက အဖွဲ့တွေကတော့ လက်မှတ် မရေးထိုးပါဘူး။ ထူးခြားချက်ကတော့ အဲလို လက်မှတ်မထိုးတဲ့ အဖွဲ့တွေကို ၀ တပ်ဖွဲ့က ခေါင်းဆောင်ပြီး စည်းရုံး စုစည်းလိုက်တဲ့ ဖြစ်ရပ်ပါ။ တကယ်တော့ တရုတ်နိုင်ငံ နယ်စပ်က ဝ၊ မိုင်းလား နဲ့ ကိုးကန့် တပ်ဖွဲ့တွေ ဆိုတာဟာ အရင် အာဏာရှင်ကြီး ဦးနေဝင်းရဲ့ မိုက်မဲမှားယွင်းမှု၊ တရုတ်အစိုးရရဲ့ မြန်မာ့နိုင်ငံရေးကို ပြောင်ပြောင်တင်းတင်း ဝင်ရောက်စွက်ဖက်မှုကနေ ပေါ်ပေါက်လာတဲ့ အဖွဲ့တွေ ဖြစ်ပါတယ်။ သမိုင်းရဲ့ ဆိုးမွေ၊ အာဏာရှင် စနစ်ရဲ့ ဆိုးမွေလို့ ခေါ်ဆိုနိုင်ပါတယ်။

လက်ရှိ ၀ တပ်ဖွဲ့နဲ့ မိုင်းလားတပ်ဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နယ်မြေမှာ တိုင်းပြည် အချုပ်အခြာအာဏာနဲ့ တူတာဆိုလို့ ဘာတစ်ခုမှ ရှိမနေပါဘူး။ ရုံးသုံး ဘာသာစကားနဲ့ စာ ကို မြန်မာစကား၊ မြန်မာစာ မသုံးသလို၊ အသုံးပြုတဲ့ ငွေကြေးကလည်း မြန်မာကျပ်ငွေ မဟုတ်ပါဘူး။ တရုတ်ယွမ်ငွေကိုသုံးသလို၊ တရုတ်နိုင်ငံ ဆက်သွယ်ရေး ကွန်ယက်က မိုဘိုင်းဖုန်းကို အသုံးပြုပါတယ်။ တရုတ်နိုင်ငံဘက်နဲ့ ကူးလူးဆက်ဆံရေး လုပ်ပြီး တရုတ်နိုင်ငံဘက်က စားကုန်သောက်ကုန်တွေကိုပဲ အသုံးပြုပါတယ်။ တရုတ်လက်နက်တွေ တပ်ဆင်ထားတဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေရှိပြီး တရုတ်ပြည်ဘက်က ရေဒီယိုနဲ့ ရုပ်သံထုတ်လွှင့်မှုကိုပဲ ကြည့်ကြတာပါ။ အဲလို နယ်မြေကို ထိန်းချုပ်ထားတဲ့ တပ်ဖွဲ့တစ်ခုဟာ အရင်တုန်းက သူ့တောင်းဆိုချက်နဲ့သူ သီးသန့်နေပြီး မြန်မာ့နိုင်ငံရေး ရေစီးကြောင်းထဲ ဝင်မပါပါဘူး။

လက်ရှိ ၀ တပ်ဖွဲ့ ဦးဆောင်တဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ စုဖွဲ့မှုဟာ အရင်ခေတ် အစိုးရနဲ့ လက်နက်ကိုင် တပ်ဖွဲ့တွေ ပဋိပက္ခ တိုက်ပွဲ ပြင်းထန်နေစဉ်တုန်းက စုဖွဲ့မှုနဲ့ ပုံသဏ္ဍာန်ခြင်း တူညီနေတာပါ။ ငြိမ်းချမ်းရေး စကားတွေ ဘယ်လိုပြောပြော နှစ်ဖက် ထိပ်တိုက်တိုးရေး အခြေအနေအောက်မှာ စုဖွဲ့မှု ပုံသဏ္ဍာန် ဖြစ်သွားခြင်းပါ။ ဒီအချက်ကို ပိုပြီး သေခြာစေတာကတော့ မြန်မာနိုင်ငံမှာ လက်နက်ကိုင် တိုင်းရင်းသား တပ်ဖွဲ့တွေရဲ့ နောက်ထပ် တပ်ပေါင်းစု တစ်ခု တည်ထောင်ဖို့ ကြိုးစားမှုပါ။ လက်ရှိ ကေအိုင်အေ ကချင်ပြည် လွတ်မြောက်ရေး တပ်မတော် ဦးဆောင်တဲ့ UNFC ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ် ကောင်စီ ရှိနေပေမယ့် အဲဒီ အဖွဲ့ထဲမှာ ၀ နဲ့ မိုင်းလား တပ်ဖွဲ့တွေ မပါဝင်ပါဘူး။ အခု အသစ် ထပ်ဖွဲ့မယ့် တပ်ပေါင်းစုထဲမှာတော့ ၀ နဲ့ မိုင်းလား အဖွဲ့ ပါဝင်လာမှာဖြစ်ပြီး အစိုးရနဲ့ NCA လက်မှတ်ထိုးလိုက်တဲ့ အဖွဲ့တွေကတော့ ပါဝင်တော့မှာ မဟုတ်ပါဘူး။ ဒီ တပ်ပေါင်းစုသာ ဖွဲ့ဖြစ်ခဲ့မယ် ဆိုရင် လက်ရှိ အစိုးရနဲ့ တပ်မတော်အတွက် စိန်ခေါ်မှု အသစ် ဖြစ်လာပါလိမ့်မယ်။

ပန်ဆန်း အစည်းအဝေးရဲ့ နောက်ထပ် ထူးခြားချက် တစ်ခုကတော့ နှစ်ဖက် ပြသနာထဲမှာ တရုတ်နိုင်ငံကို ဆွဲထည့်လာတဲ့ ကိစ္စပါ။ အစည်းအဝေးပွဲအပြီး လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေ ထုတ်ပြန်တဲ့ အထဲမှာ အောက်ပါ အချက်လည်း ပါဝင်ပါတယ်။ “မြန်မာနိုင်ငံ မြောက်ပိုင်းနှင့် အရှေ့မြောက်ပိုင်းတွင် ဖြစ်ပွားနေသည့် စစ်ရေး ပဋိပက္ခကို ဖြေရှင်းနိုင်ရန် အတွက် နိုင်ငံတော် အစိုးရ၊ တပ်မတော်၊ သက်ဆိုင်ရာ လက်နက်ကိုင် တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် တကွ တရုတ်ပြည် အစိုးရ၊ တရုတ်ပြည် စစ်ဘက် တာဝန်ခံများမှ တွေ့ဆုံဆွေးနွေး ညှိနှိုင်းရေး ကိုယ်စားလှယ် အဖွဲ့ ဖွဲ့စည်းပြီး ယင်း ဖြစ်ပွားနေသည့် ပြသနာများကို ညှိနှိုင်းဖြေရှင်းကာ တရုတ်-မြန်မာ နယ်စပ် တလျောက်တွင် ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို ပြန်လည် ရရှိစေရန် အမြန်ဆုံး ဖော်ဆောင်သွားသင့်ကြောင်း၊ တိုက်တွန်းအပ်ပါသည်။” ဆိုပြီး ဖြစ်ပါတယ်။

တကယ်တော့ လက်ရှိ ဖြစ်ပွားနေတဲ့ အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေကြားက ပဋိပက္ခဟာ ပြည်တွင်း ပဋိပက္ခပါ။ ပြသနာတွေ ပြေလည်ရေးအတွက် နှစ်ဖက် တွေ့ဆုံဆွေးနွေး အဖြေရှာရမှာပါ။ အစိုးရဘက်ကလည်း စစ်ရေးနည်းနဲ့ မဟုတ်ပဲ စေ့စပ်ဆွေးနွေး ညှိနှိုင်းတဲ့ နည်းကိုပဲ သုံးရမှာ ဖြစ်သလို၊ လက်နက်ကိုင်တိုင်းရင်းသားတွေ ဘက်ကလည်း ပြည်ပနိုင်ငံတစ်နိုင်ငံကို ပြည်တွင်း ပဋိပက္ခထဲ ဆွဲသွင်းဖို့ ကြိုးစားတာမျိုးဟာ အတော်လေးကို မဖြစ်သင့်တဲ့ ကိစ္စပါ။ ပြသနာ ဖြေရှင်းရာမှာ လေ့လာသူ၊ စောင့်ကြည့်သူ အဆင့် ထားရင် လုံလောက်ပါတယ်။

အခု ၀ တပ်ဖွဲ့ဦးဆောင်တဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေက မြန်မာနိုင်ငံ နိုင်ငံရေး ပြသနာထဲမှာ တရုတ်နိုင်ငံကို ဆွဲသွင်းဖို့ ကြိုးစားလာတာဟာ ပြည်တွင်းစစ် ရပ်စဲရေး ပြသနာကို ပိုပြီး နက်ရှိုင်းသွားစေမယ့် သဘောလို့ သုံးသပ်နိုင်ပါတယ်။ လက်ရှိ မြန်မာအစိုးရနဲ့ မြန်မာ့တပ်မတော်ဟာ အရင် စစ်အာဏာရှင်ခေတ် တရုတ်တစ်နိုင်ငံတည်းကိုပဲ မှီခိုနေရတဲ့ အခြေအနေကနေ အနောက်နိုင်ငံတွေနဲ့ပါ ရင်းနှီးတဲ့ ဆက်ဆံရေး ထူထောင်ဖို့ ကြိုးစားနေတဲ့ ကာလလည်း ဖြစ်ပါတယ်။ ဒီလို အချိန်မျိုးမှာ ၀ တပ်ဖွဲ့ ဦးဆောင်ပြီး နောက်ထပ် လက်နက်ကိုင် တပ်ပေါင်းစု တစ်ခု တည်ထောင်ဖို့ ကြိုးစားတာ၊ မြန်မာနိုင်ငံ ပြည်တွင်းစစ် ပြသနာမှာ တရုတ်နိုင်ငံ ဝင်ပါဖို့ ဖိတ်ခေါ်လိုက်တာဟာ ရွေးကောက်ပွဲ အလွန် ပြည်တွင်း ငြိမ်းချမ်းရေး ပြသနာ ဖြေရှင်းရေးကို ပိုမိုခက်ခဲစေမှာသာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။