ကင်မရွန်းမှာ Boko Haram ဝင်ရောက်ပြန်ပေးဆွဲ

နိုင်ဂျီးရီးယားနိုင်ငံဘက်ကနေ နယ်စပ်ကို ဖြတ်ကျော်တိုက်ခိုက်မှုအတွင်း ဘိုကိုဟာရမ် စစ်သွေးကြွတွေက လူပေါင်း ၆၀ ထက်မနည်းကို ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း ကင်မရွန်းနိုင်ငံကတာဝန်ရှိသူတွေက ပြောပါတယ်။

တနင်္ဂနွေနေ့က စီးနင်းတိုက်ခိုက်မှုအတွင်း လူသုံးဦးသတ်ဖြတ်ခံခဲ့ရကာ လူနေအိမ်ပေါင်း အလုံး ၈၀ ကို ဖျက်ဆီးသွားခဲ့တယ်လို့ ကင်မရွန်း အစိုးရ ပြော ခွင့်ရသူ Issa Tchiroma က ပြောပါတယ်။ တိုက်ခိုက်မှုဟာ ကင်မရွန်းနိုင်ငံရဲ့ မြောက်ဖက်အကျဆုံး ဒေသတွင်းမှာရှိတဲ့ ကျေးရွာတွေကို ဦးတည် ပြုလုပ်ခဲ့တာဖြစ်တယ်လို့လည်း ပြောပါတယ်။

ပြန်ပေးဆွဲခေါ်ဆောင်သွားခံရသူအများစုဟာ အသက် ၁၀ နှစ်နဲ့ ၁၅ နှစ်ကြား ငယ်ရွယ်တဲ့ကလေးတွေဖြစ်တယ်လို့ စစ်ဖက်ဆိုင်ရာ ထိပ်တန်း အရာရှိ တဦးကို ကိုးကားပြီး ရိုက်တာသတင်းဌာနက သတင်းထုတ်ပြန်ပါတယ်။

နိုင်ဂျီးရီးယားနဲ့ ကင်မရွန်းနိုင်ငံနယ်စပ်မှာ ရှိတဲ့နေရာတွေကို မကြာခင်က သိမ်းပိုက်ခဲ့တဲ့ ဘိုကိုဟာရမ်းစစ်သွေးကြွတွေကို တိုက်ထုတ်ဖို့ ချတ်နိုင်ငံက ထောင်နဲ့ချီတဲ့ တပ်ဖွဲ့ဝင်တွေ ကင်မရွန်းနိုင်ငံကို ပို့ပေးလိုက်ပြီး နောက်တနေ့မှာ အခုလို တိုက်ခိုက်မှု သတင်းထွက်ပေါ်လာတာ ဖြစ်ပါတယ်။

စစ်သားတွေကို နိုင်ဂျီးရီးယားနယ်စပ် စစ်မက်ဖြစ်ပွားနေတဲ့အရပ်မှာ ချထားမှာ ဖြစ်တယ်လို့ ကင်မရွန်းစစ်ဖက်ဆိုင်ရာ တာဝန်ရှိသူတွေက ပြောပါတယ်။