အဘူဂျာမြို့ ကုလသမဂ္ဂရုံး အစွန်းရောက်တွေ ကားဗုံးခွဲ၊ ၂၀ ခန့်သေ

အဘူဂျာမြို့ ကုလသမဂ္ဂရုံး အစွန်းရောက်တွေ ကားဗုံးခွဲ၊ ၂၀ ခန့်သေ

နိုင်ဂျီးရီးယားနိုင်ငံမြို့တော် အဘူဂျာ (Abuja) မှာရှိတဲ့ ကုလသမဂ္ဂ အဆောက်အဦးမှာ လူ ၁၈ ယောက်ထက်မနည်း သေဆုံးခဲ့ရတဲ့ ကားဗုံးခွဲ တိုက်ခိုက်မှုဟာ သူတို့လက်ချက်ဖြစ်တဲ့အကြောင်း နိုင်ငံထဲမှာရှိတဲ့ အစ္စလာမ်အစွန်းရောက် အုပ်စုတခုက ကြေညာလိုက်ပါတယ်။ ရှုပ်ထွေးပွေလီလှတဲ့ အဆောက်အဦးရဲ့ အဝင်ပေါက်မှာရှိတဲ့ လုံခြုံရေးကင်းစခန်းကို အတင်းဖြတ်ကျော် မောင်းနှင်လာတဲ့ ကားတစီးနဲ့ ဒေသစံတော်ချိန် မွန်းလွဲပိုင်းလောက်မှာ ဖောက်ခွဲတိုက်ခိုက်လိုက်တာလို့ မျက်မြင်တွေ့သူတွေက ပြောပါတယ်။

ကားဗုံးပေါက်ကွဲမှု ဖြစ်ပွားအပြီးမှာတော့ အစွန်းရောက် အုပ်စုတခုဖြစ်တဲ့ Boko Haram အဖွဲ့ရဲ့ ပြောခွင့်ရသူ တယောက်က နိုင်ဂျီးရီးယားနိုင်ငံမှာရှိနေတဲ့ ဗွီအိုအေ သတင်းထောက်ကို တယ်လီဖုန်းဆက်ပြီး တိုက်ခိုက်မှုဟာ သူတို့လက်ချက် ဖြစ်တဲ့အကြောင်း ပြောဆိုခဲ့တာပါ။ ဒါဟာ အစပဲရှိသေးတယ်လို့လည်း သတိပေးခဲ့ပါတယ်။

ဒီအဖွဲ့အခြေစိုက် လှုပ်ရှားနေတဲ့ နိုင်ငံအရှေ့မြောက်ပိုင်းက ဘော်နို (Borno) ပြည်နယ်ထဲမှာ စစ်တပ်တွေ တိုးမြှင့်ချထားတာကို တုံ့ပြန်တဲ့ အနေနဲ့ အခုလို တိုက်ခိုက်တာလို့လည်း ပြောခဲ့ပါတယ်။

နယူးယောက်မြို့ ကုလသမဂ္ဂ ရုံးချုပ်မှာရှိနေတဲ့ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း ကတော့ သေဆုံးသူ အတိအကျကို သူ့အနေနဲ့ မသိရသေးပေမဲ့ အတော်များမယ်လို့ ခန့်မှန်းရတဲ့အကြောင်း ပြောပါတယ်။ ဒီလိုတိုက်ခိုက်မှုမျိုးဟာ လက်ခံနိုင်စရာ မရှိတဲ့အကြောင်း လုံခြုံရေးကောင်စီထဲမှာ အတွင်းရေးမှူးချုပ်က ပြောသွားခဲ့သလို ဒါဟာဆိုရင် ကုလသမဂ္ဂရုံးတွေဟာ အလွယ်တကူ တိုက်ခိုက်နိုင်တဲ့ ပစ်မှတ်တွေအဖြစ် ကမ္ဘာတဝန်း စစ်သွေးကြွတွေက သဘောထားလာနေကြတယ် ဆိုတာကို ပြသတဲ့ လက္ခဏာ တရပ်ဖြစ်တယ်လို့လည်း သတိပေးခဲ့ပါတယ်။