Boko Haram လက်က အမျိုးသမီး ၃၀၀ ခန့် Nigeria ကယ်တင်

ဘိုကိုဟာရမ်းက ပြန်ပေးဆွဲခံလိုက်ရတဲ့ ကျောင်းသူလေးတွေ လွတ်မြောက်ရေး ဆန္ဒပြ။

နိုင်ဂျီးရီးယား စစ်တပ်က မိန်းကလေးငယ် ၂၀၀ နဲ့ အမျိုးသမီး ၉၃ ယောက်ကို အင်္ဂါနေ့က ကယ်တင်လိုက်ပါတယ်။ ဒါပေမယ့် သူတို့ဟာ လွန်ခဲ့တဲ့ တနှစ်လောက် တုန်းက ပြန်ပေးဆွဲခံလိုက်ရတဲ့ ကျောင်းသူလေးတွေ ဟုတ်မဟုတ်ဆိုတာတော့ မသေချာသေးပါဘူး။

ဘိုကို ဟာရမ်း စစ်သွေးကြွတွေ အဓိက ခြေကုတ်စခန်း ချထားတဲ့ နယ်မြေအတွင်းက စခန်း ၃ ခုမှာ အဲဒီ သူတို့ကို တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း နိုင်ဂျီးရီးယား ကာကွယ်ရေးဌာန ပြောခွင့်ရ ဗိုလ်ချုပ် Chris Olukolade က ဗွီအိုအေ သတင်းထောက် Chris Stein ကို ပြောပါတယ်။

ဘိုကို ဟာရမ်းအဖွဲ့က သိမ်းပိုက်ထားတဲ့ မြို့တွေ၊ ကျေးရွာတွေကနေ စစ်တပ်က လိုက်လံတိုက်ခိုက် မောင်းထုတ်လိုက်နိုင်ပြီးတဲ့နော
က် ဒီဒေသဟာ ဘိုကို ဟာရမ်းအဖွဲ့အတွက် နောက်ဆုံးကျန်နေတဲ့ ခြေကုတ်စခန်း ဖြစ်တယ်လို့ ဗိုလ်ချုပ် Olukolade က ပြောပါတယ်။ အခု အမျိုးသမီးတွေကို ကယ်တင်လိုက်နိုင်တဲ့ စခန်းတွေကို စစ်တပ်က ဖျက်ဆီးပစ်လိုက်ပြီလို့ သူက ပြောပါတယ်။

တိုင်းပြည် မြောက်ပိုင်းမှာရှိတဲ့ Chibok ကျေးရွာကနေ ကျောင်းသူလေး ၂၀၀ ကျော်ကို ဘိုကို ဟာရမ်းအဖွဲ့က ၂၀၁၄ ခုနှစ် ဧပြီလအတွင်းမှာ ပြန်ပေးဆွဲသွားခဲ့တာကြောင့် သူတို့ ပြန်လွတ်ရေးအတွက် နိုင်ငံတကာက တောင်းဆိုမှုတွေ ထွက်ပေါ်လာခဲ့ပါတယ်။

အခု ကယ်တင်လိုက်တဲ့ အမျိုးသမီးတွေထဲမှာ Chibok ကျောင်းက ပြန်ပေးဆွဲခံလိုက်ရတဲ့ ကျောင်းသူတွေလေးတွေ မပါဘူးလို့ နိုင်ဂျီးရီးယား စစ်တပ်က ပြောခွင့်ရ ဗိုလ်မှူးကြီး Sani Usman က အစောပိုင်းမှာ ပြောခဲ့ပါတယ်။