Trump လက်ထက် ကုလ ကန်သံအမတ်အဖြစ် အိန္ဒိယနွယ်ဖွားပြည်နယ်အုပ်ချုပ်ရေးမှူးကို လျာထား

တောင်ကာရိုလိုင်းနား အုပ်ချုပ်ရေးမှူး Nikki Haley

တောင်ကာရိုလိုင်းနား အုပ်ချုပ်ရေးမှူး Nikki Haley ကို သူ့အစိုးရလက်ထက်မှာ ကုလသမဂ္ဂဆိုင်ရာ အမေရိကန် သံအမတ်ကြီး အဖြစ် ရွေးချယ်မယ် လို့ ရွေးကောက်ခံသမ္မတ Donald Trump က ပြောထားသလို ၊ ဒီကနေ့ တရားဝင် အဆိုပြု ပြောလာနိုင်ဖွယ် ရှိနေပါတယ်။

အိန္ဒိယနိုင်ငံကနေ ရွှေ့ပြောင်းနေထိုင်လာသူတဦးရဲ့ သမီး၊ အသက် ၄၄ နှစ်အရွယ် Haley ဟာ တောင်ကာရိုလိုင်းနားပြည်နယ် အုပ်ချုပ်ရေးမှူး အဖြစ် ဒုတိယမြောက်သက်တမ်း တာဝန်ယူနေသူပါ။ ဒါပေမဲ့ နိုင်ငံခြားရေးမူဝါဒတွေနဲ့ ပတ်သက်လို့တော့ အတွေ့အကြုံရှိသူ မဟုတ်ပါဘူး။

တကယ်လို့ အရွေးခံရရင်တော့ သူဟာ Trump ရဲ့ အစိုးရအဖွဲ့ထဲမှာ လူဖြူ အမျိုးသား မဟုတ်တဲ့ ပထမဆုံး အစိုးရအဖွဲ့ဝင် ဖြစ်လာမှာပါ။ ရီပါဘလီကန် ပါတီတွင်း သမ္မတလောင်းရွေးချယ်တဲ့ လတွေနဲ့ချီ ယှဉ်ပြိုင်မှုတွေအတွင်း Haley ဟာ Trump ကို ထောက်ခံခဲ့သူ မဟုတ်ပါဘူး။ အစောပိုင်း ယှဉ်ပြိုင်မှုတွေမှာ ဖလော်ရီဒါပြည်နယ် အထက်လွှတ်တော်အမတ် Marco Rubio ကို ထောက်ခံခဲ့ပြီး Rubio ပြုတ်သွားခဲ့ပြီးတဲ့နောက်မှာတော့ တက္ကဆက်ပြည်နယ် အထက်လွှတ်တော်အမတ် Ted Cruz ကို တခါပြောင်းပြီး ထောက်ခံခဲ့တာပါ။

နိုဝင်ဘာလ ၈ ရက် ရွေးကောက်ပွဲကျင်းပဖို့ နီးလာချိန်မှာတော့ သူမက - သမ္မတသစ်ရွေးဖို့ သူ့အနေနဲ့ သိပ် စိတ်အားထက်သန်မှု မရှိတော့ ပေမဲ့၊ Trump ကို မဲပေးမယ်လို့ ပြောခဲ့တာပါ။ အမေရိကန်ပြည်ထောင်စုထဲ မူစလင်တွေ ဝင်ရောက်ခွင့် ပိတ်ပင်မယ်ဆိုတဲ့ Trump ရဲ့ အဆိုပြုချက်ကိုလည်း မစ္စစ် Haley က ဝေဖန်ပါတယ်။

သမ္မတအိုဘားမား နောက်ဆုံးအကြိမ် ပြောခဲ့တဲ့ နိုင်ငံတော်အခြေပြ မိန့်ခွန်းကို ရီပါဘလီကန်ပါတီဘက်က တုံ့ပြန်မိန့်ခွန်း ပြောခဲ့တဲ့အထဲ Trump ရဲ့ပုံစံမျိုးကို ဝေဖန်ခဲ့တာမှာ မစ္စစ် Haley က - “တချို့လူတွေဟာ သူတို့ဟာ သူများနဲ့မတူဘူးဆိုတာကို ပြချင်တာနဲ့ပဲ လေကြီးလေကျယ်တွေ ပြောတတ်ကြတယ်လို့ ဆိုပြီး ဝေဖန်ခဲ့တာပါ။

Your browser doesn’t support HTML5

Trump လက်ထက် ကုလ ကန်သံအမတ်အဖြစ် အိန္ဒိယနွယ်ဖွားပြည်နယ်အုပ်ချုပ်ရေးမှူးကို လျာထား