ဒီတပတ် မျက်မှောက်ရေးရာ ဆွေးနွေးခန်းမှာ မြန်မာလူထုတရပ်လုံးက ဒီမိုကရေစီရေးအတွက်ကို မျှော်လင့်အားထားနေကြတဲ့ အင်အားစုကြီးတရပ်လို့ ဆိုနိုင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ သတင်းတွေကို ရယူဖို့အတွက် သတင်းလောကသားတွေကြားမှာ ညည်းတွားသံတချို့ ကြားနေရပါတယ်။ NLD နဲ့ Media ဘယ်ဖက်က လွှဲချော်နေပါသလဲ။ ဘာတွေဖြစ်သင့်ပါသလဲ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်တဦးဖြစ်တဲ့ သတင်းစာဆရာကြီး ဦးဝင်းတင်၊ မြန်မာပို့စ် ဂလိုဘယ်လ်ရဲ့ အယ်ဒီတာ ဦးစည်သူအောင်မြင့် တို့ကို ဦးကျော်ဇံသာ က ဆက်သွယ်မေးမြန်း ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။
ဦးကျော်ဇံသာ ။ ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ပတ်သက်ပြီးတော့ သတင်းယူကြတဲ့အခါမှာ ကျနော်တို့ပြည်ပ သတင်းသမားတွေအတွက် အကုန်လွှမ်းခြုံပြီး တခွန်းတည်းပြောရရင် သိပ်ပြီးတော့ media friendly မဖြစ်ဘူး တချို့အချက်တွေမှာလို့ ညည်းတွားကြပါတယ်။ အဲဒါ ဆရာက ပြည်တွင်းမှာ လက်တွေ့သတင်းရေးနေရတဲ့သူဆိုတော့ ဆရာရဲ့ အတွေ့အကြုံကို ပြောပြပါ။
ဦးစည်သူအောင်မြင့် ။ ။ နှိုင်းယှဉ်ပြီးတော့ ပြောရမယ်ဆိုရင်တော့ ကြံ့ခိုင်ရေးပါတီ၊ တစညပါတီ၊ NDF ပါတီ ရှိမယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ရှိမယ်။ လောလောဆယ်အချိန်အထိတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ တခြားသောပါတီတွေနဲ့စာရင် ကျနော်တို့ မီဒီယာတွေအတွက်တော့ ဆက်ဆံလို့ အလွယ်ဆုံး၊ အဆင်ပြေဆုံး ဖြစ်နေတုန်းပဲ။ ဒီလိုပြောလို့ အကုန်လုံး အဆင်ချောနေသလားလို့တော့ မဟုတ်ဘူး။ နောက်တခု ထပ်ပြောချင်သေးတာက သူကို နှိုင်းယှဉ်မယ်ဆိုရင်၊ နိုင်ငံတကာနဲ့ နှိုင်းယှဉ်မလား။ အဲဒါဆိုရင်တော့ ပြဿနာတွေ အများကြီးရှိလိမ့်မယ်။ ပြည်တွင်းက အခြေအနေအတိုင်းပဲ ပြောမယ်ဆိုရင်တော့ သူလိုအပ်ချက်ရှိတာ မှန်ပေမယ့်၊ လောလောဆယ် တခြားအဖွဲ့အစည်းတွေ၊ ပါတီတွေနဲ့စာရင်တော့ အများကြီး တော်တော်လေးကို ကျနော်တို့အတွက်ကတော့ အဆင်ပြေနေသေးတယ်လို့ ပြောလို့ရပါတယ်။ ပြဿနာကတော့ရှိတယ်၊ အများကြီးရှိတယ်။
ဦးကျော်ဇံသာ ။ ။ ကျနော် နိုင်ငံတကာနဲ့ နှိုင်းယှဉ်ပြီးတော့ ပြောစေချင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံကျော်၊ ကမ္ဘာကျော်အဖွဲ့အစည်းတခု ဖြစ်ပါတယ်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ခေါင်းဆောင်ဆိုရင်လည်း နိုင်ငံတကာ အဆင့်အတန်းရှိတဲ့ ခေါင်းဆောင်ကြီးအဖြစ် အသိအမှတ်ပြုခံရတဲ့ ပုဂ္ဂိုလ်ဖြစ်ပါတယ်။ ဒီ ပုဂ္ဂိုလ်နဲ့ ပတ်သက်ပြီး သတင်းယူတဲ့အခါကြတော့…
ဦးစည်သူအောင်မြင့် ။ ။ ကျနော် ပြောချင်တာက ကျနော်တို့မှာက နှစ်ပိုင်း - တပိုင်းက ဘာလဲဆိုရင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က သတင်းထုတ်ပြန်ရေးဆိုင်ရာ၊ သူတို့ရဲ့ ကျွမ်းကျင်မှု၊ နားလည်းမှု၊ သဘောထားတွေနဲ့ ပတ်သက်လို့ ကျနော် မြင်ရတာကတော့ သူတို့အတွက်လည်း အတွေ့အကြုံအသစ်ပဲ။ လူတွေလည်း အသစ်တွေ၊ ပြည်တွင်းမီဒီယာတွေလည်း အသစ်တွေ။ အကုန်လုံးက အသစ်တွေကြီးပဲ။ အသစ်တွေဆိုတော့ ကျနော်တို့ မီဒီယာဖက်ကလည်း တော်တော်လေးကို စည်းမကျကမ်းမကျတွေ၊ အဆင်မချောတာတွေလည်း ရှိတယ်။ နှစ်ဖက်စလုံးမှာ ရှိတယ်။ ဒီဥစ္စာက အဆင်သင့် နှစ်ဖက်စလုံး မဖြစ်သေးဘူးလို့ ကျနော်ယူဆတယ်။ ပြဿနာတွေကတော့ ပြောလို့ရတယ်။ တခုချင်းစီရှိတယ်။
ဦးကျော်ဇံသာ ။ ။ ဆရာဦးဝင်းတင် ဆရာက နိုင်ငံရေးလောကထဲကို မဝင်ခင် သတင်းစာဆရာကြီးတဦး ဖြစ်ပါတယ်။ ဆိုတော့ အခု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ မီဒီယာတွေရဲ့ ဆက်ဆံရေး။ ပြည်တွင်းမှာပဲ ဆရာတို့ ဟိုခေတ်တုန်းက ဆက်ဆံခဲ့ရတဲ့ အခြေအနေတွေနဲ့ နှိုင်းယှဉ်ပြောရရင် ဘယ်လိုရှိပါသလဲ။
ဦးဝင်းတင် ။ ။ ကျနော်က သမိုင်းလေးနဲ့ချီပြီး ပြောချင်ပါတယ်။ တိုတိုပါ။ စစ်ကြိုခေတ် လွတ်လပ်ရေးကြိုးပမ်းခေတ်လောက်ထဲက သတင်းစာဆရာတွေက နိုင်ငံရေးသမားလုပ်ခဲ့တာ။ ဘကြီးဘဖေ၊ ဗန္ဓုလဦးစိန်၊ ဂျာနယ်ကျော် ဦးချစ်မောင်။ နောက်ပိုင်းမှာ ဦးထွန်းဖေ၊ ဦးစောဦး၊ လူထုဦးလှ တို့ စသည်ပေါ့။ ကျနော်လည်း သတင်းစာသမားကနေ နိုင်ငံရေးဝင်လုပ်တာပါ။ ဒါပေမဲ့ ကျနော်ဟာ ဒီနေ့အထိ နိုင်ငံရေးသမားဘဝကို မခံယူဘူး။ ကျနော်ကိုယ် ကျနော်လည်း နိုင်ငံရေးသမားလို့ မပြောဘူး။ ကျနော်ဟာ သတင်းစာဆရာလို့ပဲ ပြောတယ်။ အဲဒီ သဘောထားကြောင့် ကျနော်ဟာ အန်အယ်လ်ဒီမှာ သတင်းစာနဲ့ ပတ်သက်ပြီး ဆက်ဆံရေးမပြေပြစ်တာတွေရှိရင် ကျနော်က သတင်းစာဖက်ကပဲရပ်ပြီး ပြောချင်တယ်။ ဘာလို့ ပြောချင်တာလည်းဆိုတော့ သတင်းစာသမားတယောက်ဖြစ်လို့ သတင်းသမားကို ထိတာ၊ သတင်းစာကိုထိလို့ နာတယ့်သဘောမျိုးနဲ့ ပြောတာမဟုတ်ဘူး။ သတင်းစာနဲ့ ပတ်သက်တဲ့အမြင် မှန်မှန်ရှိဖို့ လိုတယ်ဆိုတာကို ပြောချင်တယ်။ အခုန ဦးကျော်ဇံသာ သုံးသွားတဲ့စကားထဲမှာပါတဲ့ media friendly ဖြစ်တဲ့ နိုင်ငံရေးသမားမျိုး ဖြစ်ဖို့လိုတယ်။ အမှန်အတိုင်းပြောရရင် ကျနော်တို့ပါတီမှာ လူကြီးလုပ်သွားတဲ့ လူတယောက်ကိုတောင် ပြောဖူးပါတယ်။ ခင်များတို့ဟာ သတင်းစာနဲ့ ပတ်သက်လာလို့ရှိရင် သတင်းစာနဲ့ friendly ဖြစ်ဖို့လိုတယ်။ သတင်းစာနဲ့ ရန်သူလို သဘောမထားဘဲနဲ့ မိတ်ဆွေလို လုပ်ဖော်ကိုင်ဖက်လို သဘောထားဖို့ လိုတယ်ဆိုတာကို ကျနော်ပြောပါတယ်။ အဲဒီ သဘောထားဟာ ဒီနေ့အထိလည်း ရှိပါတယ်။ ဦးကျော်ဇံသာတို့ပြောတဲ့ သတင်းစာသမားနဲ့ ဒီလို အန်အယ်လ်ဒီ နဲ့ ဆက်ဆံရေးတွေ မပြေပြစ်တာလည်း ကျနော်သိတယ်။ အဲဒီလို မပြေပြစ်တာ ပေါ်တိုင်းပေါ်တိုင်း ကျနော်ဖက်ကတော့ အန်အယ်လ်ဒီ ဖက်က အမှားတွေရှိရင် ဝန်ခံဖို့အသင့်ပဲ။ ကျနော် ဝန်လည်းဝန်ခံတယ်။ နောက်ပြီးတော့ အန်အယ်လ်ဒီကိုလည်း အမြဲတမ်း သွန်သင်ဆုံးမဖို့ ဝန်မလေးဘူး။ သူတို့အနေနဲ့ ကျနော်အပေါ် ဘယ်လိုသဘောထားထား။ ပါတီက အကြီးဆုံးလူတွေကအစ အောက်ဆုံးအထိကို ကျနော်က သွန်သင်နေတယ်။ နည်းပြနေတယ်၊ ဖျောင်းဖျနေတယ်။ နောက်ပြီးတော့ ဖြေသိမ့်နေတယ်။ သူတို့ကို ချော့မော့နေတယ်လို့တောင် ပြောချင်ပါတယ်။ အဲဒါကြောင့် အဆင်မပြေတာတွေရှိရင် တခုချင်း ထောက်ပြပါအုန်း။ ကျနော်ကတော့ သဘောထားကောင်းရှိအောင် ဒီလိုလုပ်နေပါတယ်။ အန်အယ်လ်ဒီမှာ မကောင်းတဲ့သဘောထားတွေ မရှိဘူးမဟုတ်ဘူး ရှိတယ်။ သို့သော် ဒါတွေဟာ အကုန်လုံး နောက်ပိုင်းကြတော့ သုံးသပ်ပြချင်ပါတယ်။ ဘာကြောင့် ဒီလို ဖြစ်နေရသလဲဆိုတာကို။ ဦးကျော်ဇံသာ တခုချင်းတော့ ထောက်ပြဖို့ ကောင်းတယ်လို့ ကျနော်ထင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ ဆရာဦးအောင်မြင့် က နမူနာတွေ အများကြီးလို့ ပြောခဲ့ပါတယ်။ ဆရာအနေနဲ့ တခုလောက် ထောက်ပြပါလား။
ဦးစည်သူအောင်မြင့် ။ ။ ဥပမာ နမူနာတခုက ဘယ်လိုလဲဆိုရင် Freedom ရုပ်ရှင်ပွဲတော် လုပ်တဲ့အခါမှာ မီဒီယာသမားတွေက တော်ဝင်စန်တာ ခုနှစ်ထပ်ကိုတက်ဖို့ဆိုပြီး ဓါတ်လှေကားမှာ စောင့်ကြတယ်။ တိုတိုပဲ ကျနော်ပြောပါမယ်။ အဲဒီလို စောင့်တဲ့အခါကြတော့ ဒါကို စီမံခန့်ခွဲကြတာ အန်အယ်လ်ဒီ က လူငယ်တွေ စီမံခန့်ခွဲကြတယ်။ စီမံခန့်ခွဲတဲ့အခါမှာ မီဒီယာသမားတွေက အပေါ်မှာ နေရာပြည့်သွားပြီးဆိုပြီ ပေးမတတ်ဘူး။ ပေးမတတ်တော့ကောင်းပြီ ကျနော်တို့ လုံးလုံးမတတ်ရတော့ဘူးလား။ ဒါဆို ကျနော်တို့ ပြန်မှာပေါ့။ သို့မဟုတ် တက်ခွင့်အရေးရှိသေးတယ်ဆိုရင်လည်း တန်းစီးမယ်။ အဲဒါဆို စနစ်တကျလေးဖြစ်အောင် လုပ်ပေးပါဆိုပြီး သေချာပြောတယ်။ ပြောတဲ့အခါကြတော့ အဲဒီ လူငယ်တယောက်က ဘယ်လိုစကားလုံး သုံးလာသလဲဆိုရင် အဲဒီစကားလုံးက သူတို့တကြိမ်မက သုံးတယ်။ သူတို့က ဘာပြောသလဲဆိုတော့ ကျနော်တွေက ဒီဥစ္စာလုပ်တယ်ဆိုတာ တကယ့်ကို စွန့်လွှတ်အနစ်နာခံပြီးလုပ်တာ။ ကျနော်တို့တတွေဟာ နိုင်ငံရေးအကျဉ်းသမားဟောင်းတွေပါ။ ဒါမျိုးတွေကအစ ပြောတယ်။ ပြောတဲ့အခါကြတော့ တကယ့်တကယ်ကြတော့ နိုင်ငံရေးအကျဉ်းသမားဖြစ်ခဲ့တာနဲ့ ဒီလိုကိစ္စမျိုးတွေနဲ့ မီဒီယာသမားတွေနဲ့ ဆက်ဆံတာ သိပ်မဆိုင်လှဘူး။ နောက်ပြီးတော့ ပြည်သူလူထုထဲမှာ၊ သတင်းစာသမားထဲမှာနဲ့ ကျနော်ကိုယ်တိုင် နိုင်ငံရေးအကျဉ်းသမားဟောင်းတွေဆိုတာ အများကြီးရှိတယ်။ ကျနော်ကတော့ ဘယ်မှာမှ ထုတ်မပြောပါဘူး။ နောက်ကြုံရင်တော့ ဆရာဦးဝင်းတင် တို့ကို ပြောပြမယ်။ ဒီလောက်ပဲ စိတ်ကူးရှိပါတယ်။ အဲဒီလိုနေရာတွေက တော်တော်များများရှိတယ်။ အဲဒါက ဆက်ဆံတဲ့လူတွေရဲ့ အမူအရာဘာညာ ဒီအပိုင်းနဲ့ဆိုင်တာပေါ့။ နောက် စီစဉ်မှုအပိုင်းတွေမှာလည်း ပြဿနာတွေအများကြီးရှိတယ်။ ဥပမာ သတင်းစာရှင်းလင်းပွဲ လုပ်မယ်ဆိုရင် ဘယ်နားမှာ လုပ်မလဲ။ မီဒီယာသမားတွေကို ဘယ်လိုနေရာ ချထားပေးမလဲ။ ပြီးတော့ ဘယ်လိုနည်းနဲ့ ဝင်ခွင့်ပြုမလဲ။ ဘယ်နှစ်ယောက် ဖိတ်မလဲ။ အဲဒီဟာတွေက အခုအချိန်အထိ စနစ်တကျ ဖြစ်သေးတာ မတွေ့ရသေးတော့ မကျေမနပ်ပြောဆိုမှုတွေကတော့ အမြဲတမ်း တွေ့နေရတာပေါ့။
ဦးကျော်ဇံသာ ။ ။ ကျနော့်ရဲ့ အတွေ့အကြုံ ပြောရမယ်ဆိုရင်တော့ ဥပမာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အခုလောလောဆယ် ပြည်ပခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ ကျနော်တို့တတွေက ဒီဖက် end က သတင်းတွေထွက်တယ် ဆရာဦးဝင်းတင် ခင်များ။ British Parliament မှာ စကားပြောမယ်။ David Cameron နဲပါလာတဲ့ လူပြောလို့ ကျနော်တို့ သိရတယ်။ အန်အယ်လ်ဒီ ကို ကျနော်တို့ ကြိုမေးပါတယ်အကြိမ်ကြိမ်။ တဖက်ကလည်း ခြံကသိမယ်။ တဖက်ကလည်း ရုံးကိုဆက်ပါ။ အဲဒီလို ခြံနဲ့ရုံးနဲ့ ဘယ်လိုဖြစ်နေသလဲ။ ထိုနည်းတူစွာ ဒေါ်အောင်ဆန်းစုကြည် ထိုင်းကိုသွားမယ့်ခရီးစဉ်လည်း ဟိုဖက်က စီစဉ်နေတဲ့လူတွေကလည်း ကျနော်တို့ကို အသေးစိတ် ပြောပြနေတယ်။ အန်အယ်လ်ဒီဖက်က ဘာမှမပြောဘူး။ မသိဘူးဘဲ ငြင်းနေတော့ သတင်းပြောရတာ အတော်လေးအခက်အခဲ ရှိပါတယ်။ အဲဒါ သတင်းအပိုင်းပေါ့။
ဦးဝင်းတင် ။ ။ ကျနော်ကတော့ ဒီလို ပြောချင်တယ်။ ဒီကိစ္စတွေက ကျနော်က လုံးဝအားမပေးဘူး။ ဒေါ်အောင်ဆန်းစုကြည်ကလည်း လုံးဝအားမပေးဘူး။ ကျနော်တို့ ခေါင်းဆောင်ပိုင်းကလည်း ဒီလိုဟာမျိုးတွေကို အားမပေးဘူးဆိုတာကို ပြောချင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော်တို့ ယုံတာ နိုင်ငံရေးသမားနဲ့ သတင်းစာဆရာဆိုတာ တိုင်းပြည်ကို ပူးတွဲပြီး အုပ်ချုပ်နေတယ်ဆိုတဲ့ စကားတောင်။ အင်္ဂလိပ်စကားတောင် ရှိပါတယ်။ အဲဒီလို ပူးပေါင်းလုပ်နေရတဲ့ လူတွေကြားထဲမှာ တယောက်နဲ့တယောက် ဖွင့်ပြောရမယ်။ ဆိုပါတော့ ကျနော်တို့ embargo တို့ ဘာတို့လုပ်တဲ့ စကားတွေ ရှိပါတယ်။ သတင်းစာသမားတွေကို အကုန်လုံး ဖွင့်ပြောရတယ်။ ပြောပြီးမှ တားသင့်တားထားရတယ်။ ခဏနေပါအုန်း၊ တရက်နှစ်ရက် နေပါအုန်း။ ကျနော်တို့ green light ပေးတဲ့အချိန်ကြရင် ရေးပါ။ ခင်များသိသင့်တာတွေ သိအောင်ဆိုတဲ့ဟာမျိုး ပြောတာတွေ ရှိပါတယ်။ ကျနော်တို့မှာ ချွတ်ချော်နေမှုတွေ မရှိဘူးမဟုတ်ဘူး၊ ရှိတယ်။ သို့သော် ကျနော်ပြောချင်တာ ဘာလဲဆိုတော့ အဲဒီ ချွတ်ချော်မှုတွေ အလေ့အထတွေက ကျနော်တို့က အာဏာရှင်အောက်မှာ မျက်စိပိတ်၊ နားပိတ်၊ ပါးစပ်ပိတ်၊ လက်တွေဘာတွေ အကုန်လုံးချုပ်တည်းပြီးတော့ နေရတဲ့ဘဝက ဖြတ်သန်းလာခဲ့ရတာ။ အဲဒီတော့ ကျနော်တို့က ဘယ်လိုဖြစ်နေသလဲဆိုတော့ ပွင့်လင်းတဲ့အကျင့်ဟာ ဒီနေ့အထိ ကျနော်တို့မှာ မရကြသေးဘူး။ ကျနော်တို့ရဲ့ ခေါင်းဆောင်ပိုင်းမှာလည်း ဒီလိုပဲ။ ဘာမှ မပြောနိုင်၊ မသိတဲ့။ ဟိုလူမကြားစေနဲ့ ဟိုလိုမဖြစ်စေနဲ့။ ကျနော်ကတော့ အဲဒီလို မထင်ဘူး။ ကျနော်ကတော့ အရေးကြီးတယ် မထင်ဘူး။ အဲဒါတွေကို ကျနော်က ပြောနေတယ်။ အဲဒီအတွက် ပါတီထဲမှာ ကျနော်အပေါ် တမျိုးထင်ရင်ထင်မယ်။ ငြိုငြင်းတဲ့လူ ရှိရင်ရှိမယ်။ ကျနော်ကို လွန်ကဲတယ်လို့ ထင်တဲ့လူ ရှိရင်ရှိမယ်။ ကျနော်ကတော့ အကုန်ပြောတာပဲ။ ပြောတာမှ ဥပမာ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကျနော် ပြဿနာဖြစ်တယ်။ ကျနော် ပြောတာပဲ။ ဘယ်နေရာမှာဖြစ်တယ် ပြောတာပဲ။ အစည်းအဝေးတွေမှာ CEC မှာ ပြောတယ်။ CRPP မှာ ပြဿနာဖြစ်တယ်။ ကျနော် ပြောတာပဲ။ ကျနော်တို့တတွေ ပြင်ရမယ်ဆိုတာကို သဘောတူပါတယ်။ မီဒီယာ friendly ဖြစ်အောင် ဘယ်လိုလုပ်ရမယ်ဆိုတာလည်း ကျနော်တို့ အမြဲတမ်း ကြံဆနေပါတယ်။ ကျနော်တို့လည်း ပြင်ပါ့မယ်။ Promising လုပ်ဖို့ဟာကတော့ အခုန ဦးအောင်မြင့် ပြောသွားတဲ့အထဲမှာလည်းပါတယ်။ မီဒီယာဖက်ကလည်း တခါတလေကြတော့ သတင်းရရေးလောက်ပဲ နားလည်းတယ်။ ဘယ်လို ဆက်ဆံရမယ်ဆိုတာတွေ မသိတာတွေရှိတယ်။ အလွန်အကျွံလုပ်တာတွေ၊ အလွန်အကျွံတိုးပြီး အငမ်းမရ သတင်းရဖို့ အရေးကြီးတယ်။ လူပဲသတ်ရသတ်ရဆိုတဲ့ ပုံစံမျိုးတွေ၊ သဘောထားတွေလည်း ရှိတယ်လို့ ကျနော်ကြားနေရတယ်။ သို့သော် ဘယ်လိုပဲကြားကြား ဒါတွေအကုန်လုံးကို မီဒီယာဖက်ကသာ မီဒီယာဟာ ပြည်သူရဲ့ အသံ၊ ပြည်သူရဲ့ ကိုယ်စားလှယ်၊ ပြည်သူရဲ့ နား၊ ပြည်သူရဲ့ ပါးစပ်လို့ ကျနော်က မြင်တဲ့အတွက် မီဒီယာကို ကျနော်က အမြဲတမ်း ခွင့်လွတ်ပြီးတော့ စိတ်ရှည်သည်းညီးခံပြီးတော့ ဆက်ဆံရမယ်ဆိုတာတော့ ဒီလို သဘောထားရှိတယ်ဆိုတာကိုတော့ အဲဒါကို ပြောချင်ပါတယ်။
ဦးကျော်ဇံသာ ။ ။ နောက်တခု မေးချင်တာက ကျနော်တို့ အချက်အလက်အပိုင်း သတင်းယူတဲ့နေရာမှာ ဆရာဦးအောင်မြင့်တို့ အန်အယ်လ်ဒီကို ဝေဖန်တယ့်။ အန်အယ်လ်ဒီရဲ့ လုပ်ရပ်ကို ဝေဖန်သုံးသပ်တယ်ဟာတွေ ဆရာတို့ လွတ်လွတ်လပ်လပ် ရေးနိုင်ပါသလား။ ရေးရဲကြပါသလား။ အန်အယ်လ်ဒီ က အပယ်ခံရမှာများ စိုးရိမ်တယ်ဆိုတဲ့ဟာမျိုး မြန်မာနိုင်ငံရဲ့ သတင်းလောကမှာ အဲဒီ စိုးရိမ်ချက်များ ရှိနေကြပါသလား။ ဆရာဦးအောင်မြင့် အရင်ပြောပါ။
ဦးစည်သူအောင်မြင့် ။ ။ ကျနော်ကတော့ လက်တွေ့ ပြည်တွင်းဂျာနယ်တွေမှာ ဖော်ပြတာ၊ ခေါင်းစဉ်တွေတပ်ပြီး ရေးလည်းရေးတယ်၊ လုပ်လည်းလုပ်တယ်။ ဒါပေမဲ့ အဲဒီလို ရေးတိုင်းလုပ်တိုင်းမှာ တခြားလူတွေကိုလည်း မေးရမြန်းရတယ်။ မေးရမြန်းရတယ့်အထဲမှာ နိုင်ငံရေးသမားတွေလည်းပါတယ်။ သတင်းစာဆရာတွေလည်းပါတယ်။ ကိုကျော်ဇံသာ မေးတာဟာမျိုး ကျနော်လည်းတွေ့မိတယ်။ ကျနော်တို့မဟုတ်ဘူး တချို့ သတင်းစာဆရာတွေက အန်အယ်လ်ဒီကို ဝေဖန်လိုက်ရင်တော့ တို့ဝင်ရပြုရ ခက်သွားမယ်။ သတင်းယူရတာ ခက်သွားမယ်။ သို့မဟုတ် ဒီရေစီးကြောင်းကြီးအပြင် ရောက်သွားမယ်ဟာမျိုးကတော့ ကျနော်တို့ သတင်းလောကထဲမှာ ရှိနေတာတော့ အမှန်ပဲ။ ပြီးခဲ့တဲ့ တလောတုန်းကဆိုရင် ကျနော်က ဘာခေါင်းစဉ်နဲ့ အမြင်တွေစုစည်းသလဲဆိုရင် ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင်၊ အန်အယ်လ်ဒီထဲမှာ ဗဟိုချုပ်ကိုင်မှုတွေ များနေတာကို ဘယ်လိုမြင်ကြသလဲ။ အဲဒါတွေကို ဘယ်လိုပြုပြင်ရင် ကောင်းမလဲဆိုတဲ့ အမြင်တွေစုစည်းတဲ့ဆီမှာ အဲဒီလို အသံမျိုးတွေတော့ ကြားရပါတယ်။
ဦးကျော်ဇံသာ ။ ။ အန်အယ်လ်ဒီ ပါတီအတွင်း ဒီမိုကရေစီ ရှိပါသလား။ အခုနလို ဝေဖန်မှုတွေကို ပွင့်ပွင့်လင်းလင်း လက်ခံနိုင်တဲ့ အဖွဲ့အစည်းတရပ် ဖြစ်ပါပြီလားဆရာ။
ဦးဝင်းတင် ။ ။ ဖြစ်တယ်။ အဲဒါတော့ ကျနော်ပြောနိုင်တယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒီမိုကရေစီကို ယုံလို့ ကျနော်တို့ လုပ်လာတာ၊ တော်ရုံတန်ရုံ ပါးစပ်နဲ့ပြော ယုံတာမဟုတ်ဘူး။ နှစ်ပေါင်း နှစ်ဆယ်ကျော်အစိတ် ဖြတ်သန်းခဲ့တဲ့ ယုံကြည်မှု။ သို့သော် ကျနော် ပြောချင်တာက ဒီမိုကရေစီဆိုတဲ့ဟာကို ကျင့်သုံးတဲ့အခါမှာ ဒါကတော့ နှစ်ဖက်ဖြစ်တယ်ဆိုတာကိုတော့ ကျနော်တို့ သဘောတူရမယ်လို့ ထင်ပါတယ်။ အဲဒီတူတဲ့နေရာမှာ ကျနော်က အလျှော့အပေးအစားရှိရင် နိုင်ငံရေးသမားကသာ အလျှော့ပေးရမယ်။ နိုင်ငံရေးသမားက ရှင်းပြရမယ်ဆိုတာ ကျနော် အမြဲတမ်း ယုံပါတယ်။ နောက်တချက်က ဘာခေါ်မလဲ ကွပ်ကဲမှု၊ စီမံမှု၊ ချမှတ်မှု၊ ကျနော်တို့ဖက်က ချွတ်ယွင်းတာ၊ အားနည်းတာရှိတယ်ဆိုတာကို ကျနော်တို့ ဝန်ခံရမယ်။ အရေးကြီးဆုံးကတော့ အန်အယ်လ်ဒီ ကို ဝေဖန်ဖို့ပဲ။ ဦးကျော်ဇံသာ မေးလို့ ဦးအောင်မြင့် ဖြေသလိုပဲ။ သတင်းစာသမားဖက်က တွန့်ဆုတ်နေရင်တော့ သတင်းစာသမားရဲ့ တာဝန်ပဲလို့ ကျနော်ပြောချင်တယ်။ သတင်းစာသမားတွေက အန်အယ်လ်ဒီ ကို ဝေဖန်ရမယ်။ ဆိုပါတော့ မနေ့တနေ့က အန်အယ်လ်ဒီ ထဲက လူတယောက်ရဲ့ ဓါတ်ပုံသတင်းထောက်နဲ့ ပြဿနာဖြစ်တယ်ဆိုတဲ့ဟာမျိုးမှာ ကျနော်တို့ထဲက လူတယောက်က ဘာပြောသလဲဆိုရင် ဒီလူတွေက အသက်ပေးလုပ်နေရတာ၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လုံခြုံရေးဟာ သိပ်အရေးကြီးတယ်။ ဟုတ်တာပေါ့ အရေးကြီးတာ သိတာပေ့ါ။ ဒေါ်အောင်ဆန်းစုကြည် ကို ပစ်သတ်သွားရင် ဘယ်နဲ့လုပ်မလဲ။ ကျနော်တို့ သိတာပေါ့။ သို့သော် လူထုခေါင်းဆောင်။ လူထုထဲကို တိုးဝင်ရမယ်၊ လူထုနဲ့ ထိတွေ့ရမယ်။ လူထုအသံကို နားထောင်ရမယ်။ လူထုကို စကားပြောရမယ်လို့ ယုံကြည်တယ်။ အခုလို စွပ်စွဲချက်တွေ၊ အပြစ်တင်ချက်တွေ၊ ဝေဖန်ချက်တွေကို မချေပချင်ပါဘူး။ ချေပစရာလည်း မလိုပါဘူး။ ချေပဖို့လည်း မမှန်ဘူးလို့ ယူဆတယ်။ ဒါက ကျနော့်ရဲ့ ကိုယ်ပိုင် အယူအဆနော်။ အဲဒါကြောင့် ကျနော်ကတော့ ပြောချင်တာကတော့ သတင်းစာသမားတွေကလည်း မကြောက်ပါနဲ့ ဘယ်လိုမှ ပြည်တွင်းမှာ ရေးမရရင်၊ အင်တာနက်ကနေတင်။ ရေးဗျာ။ ကျနော်တို့ကိုလည်း ရှင်းခိုင်းပါ။ ကျနော်တို့ကို ဆော်ရုံနဲ့ မလုပ်ပါနဲ့။ ခင်များတို့ ရှင်းပါလို့ပြောပါ။ အဲဒါမှ ဒေါ်အောင်ဆန်းစုကြည်လည်း နားလည်းမယ်။ ပြဿနာရှိခဲ့ရင်။ Press ဆိုတာဒါပဲ။ သူများကို ဝေဖန်နိုင်တယ်။ ပြစ်တင်နိုင်တယ်။ ရှုတ်ချနိုင်တယ်။ ထောက်ပြနိုင်တယ်။ အဲဒီတော့ အဲဒါတွေကိုလုပ်ပါ။
ဦးကျော်ဇံသာ ။ ။ နောက်ဆုံးအနေနဲ့ ကျနော်ကတော့ အန်အယ်လ်ဒီတင် မကပါဘူး။ မြန်မာနိုင်ငံမှာရှိတဲ့ နိုင်ငံရေးသမားတွေအားလုံး ဆရာဝင်းတင်လို့ သဘောထားမျိုး ရှိကြပါစေလို့ပဲ ပြောရမလို ဖြစ်နေပါပြီ။ ဆရာဦးအောင်မြင့် ဘာပြောချင်ပါသလဲ။
ဦးစည်သူအောင်မြင့် ။ ။ ကျနော်လည်း အဲဒီ သဘောပါပဲ။ ဘာပဲပြောပြော အန်အယ်လ်ဒီ ဟာ အခုန ဦးကျော်ဇံသာ အစပိုင်းမှာပြောသလိုပဲ တကယ့်ကိုပဲ တိုင်းပြည်မှာလည်း အကြီးအကျယ်ဆုံး နိုင်ငံတကာအဆင့်အထိ ရှိနေတဲ့ ပါတီကြီးဖြစ်တယ်။ ဒေါ်အောင်ဆန်းစုကြည်ဆိုရင်လည်း တကယ့် ကမ္ဘာ့အဆင့် ခေါင်းဆောင်တယောက်ဆိုတော့ ဒီပါတီက မီဒီယာတွေနဲ့ ဆက်ဆံတဲ့အခါမှာ စနစ်တကျနဲ့ လေ့လာသင်ယူဖို့လည်းလိုတယ်။ နားမလည်းဘူးဆိုရင်လည်း နားလည်းအောင်လုပ်ပြီး နိုင်ငံတကာအဆင့်မှီအောင်လုပ်ဖို့ ကျနော်ကတော့ မီဒီယာသမားတယောက်အနေနဲ့ တိုက်တွန်းပါတယ်။