အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီ ဦးဆောင်တဲ့ အစိုးရရဲ့ အုပ်ချုပ်မှုသက်တမ်း အခုဆိုရင် ၆ လပြည့်တော့မှာ ဖြစ်ပါတယ်။ အရပ်သားစစ်စစ် အစိုးရရဲ့ ၆ လတာ ဆောင်ရွက်ချက်တွေ အပေါ်မှာတော့ အားရသူတွေရှိသလို၊ အားမရသူတွေလည်း ရှိနေကြပါတယ်။ အပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် မမြင့်မြင့်ခိုင် ရန်ကုန်မြို့ကနေ သတင်းပေးပို့ထားပါတယ်။
ပြောင်းလဲချိန်တန်ပြီဆိုတဲ့ ဆောင်ပုဒ်နဲ့ ရွေးကောက်ပွဲမှာ တခဲနက်အနိုင်ရပြီး တက်လာတဲ့ NLD အစိုးရ ၆ လတာ အုပ်ချုပ်မှု အပေါ် ကျေနပ်သူတွေ ရှိသလို၊ သိသိသာသာ ပြောင်းလဲတာ မတွေ့ရဘူးဆိုပြီး ပြောတဲ့သူတွေလည်း ရှိပါတယ်။ အစိုးရသစ်ရဲ့ ဆောင်ရွက်ချက်တွေဟာ လတ်တလောမှာ အခြေခံလူတန်းစားတွေ သိသိသာသာ အကျိုးခံစားရတဲ့ အခြေအနေမျိုး မရှိသေးပေမဲ့ မျှော်လင့်စရာတွေတော့ တွေ့နေရပြီလို့ အနှေးယာဉ်မောင်း ဦးစိန်သန်း က ပြောပါတယ်။ အစိုးရသစ် တက်လာတာ ၆ လသာ ရှိသေးတဲ့ အတွက်လည်း ဆယ်စုနှစ်တွေနဲ့ချီ ကြုံခဲ့ရတဲ့ အကျပ်အတည်းတွေ ချက်ခြင်းဖြေရှင်းနိုင်ဖို့ဆိုတာ မလွယ်ဘူးလို့လည်း ဆိုပါတယ်။
“ဦးလေးတယောက်တည်းအမြင်က အားရရဲ့လားဆိုတာက ဦးလေးတို့ အောက်ခြေအဆင့်အထိတော့ မရောက်သေးဘူးပေါ့။ ဒါပေမယ့်လို့ ခုနပြောသလိုပြော နေရာတိုင်းမှာ နေရာတိုင်းမှာ တန်ဖိုးနည်းအိမ်ရာတွေပေါ်လာပြီဆိုတော့ ဦးလေးကလည်း အငြိမ်းစားတယောက်လေ ဒါလေးတွေတော့ မျှော်မှန်းတာပေါ့နော်။ နောက်ပြီး ဟိုတုန်းကနဲ့ မတူတော့ဘူးပေါ့။ ဟိုတုန်းကဆိုရင် ဦးလေးတို့မှာ မြေဝယ်ဖို့၊ ခြံဝယ်ဖို့ဆိုတာ ဘယ်နည်းနဲ့မှ အဆင်မပြေနိုင်ဘူး။ အခုလိုတန်ဖိုးနည်းအိမ်ရာတွေပေါ်လာတော့ ဦးလေးတို့အတွက်လည်း တနေ့နေ့ တချိန်ချိန်မှာ ရနိုင်လိမ့်မယ်လို့ ထင်တယ်လေ။ အဲဒီတော့ နည်းနည်းတော့ စိတ်ချမ်းသာမှုရှိတာပေါ့လေ။”
NLD အစိုးရသစ် လက်ထက်မှာ နိုင်ငံရေး၊ ပြည်တွင်းငြိမ်းချမ်းရေး စတဲ့ တိုင်းပြည်မှာ ရင်ဆိုင်နေရတဲ့ ပြဿနာတွေကို ဦးစားပေး ဖြေရှင်းနေတာ တွေ့ရပေမဲ့၊ စီးပွားရေးကဏ္ဍမှာတော့ သိသာတဲ့ တိုးတက်မှု မတွေ့ရဘူးလို့ ယူဆသူတွေလည်း ရှိပါတယ်။ အစိုးရသက်တမ်း ၆ လပြည့်မယ့် အချိန်မှာပဲ၊ ပြည်တွင်းမှာ ရွှေဈေးနဲ့ ဒေါ်လာဈေးနှုန်းတွေ အဆမတန် တက်လာနေတဲ့ အတွက်လည်း ကုန်ဈေးနှုန်းတွေ မတည်မငြိမ်ဖြစ်မှာ စိုးရိမ်သူတွေလည်း ရှိပါတယ်။ ထီလက်မှတ်ရောင်းနေတဲ့ မခင်သန်းဌေး ကတော့ လူထုကြားမှာ စားဝတ်နေရေး ပြဿနာဟာ ကြီးသထက် ကြီးလာနေတယ်လို့ ပြောပါတယ်။
“အဓိကတော့ ပြည်သူတွေမှာ စားဝတ်နေရေးကျပ်တည်းတယ်။ အလုပ်အကိုင်တွေအရမ်း အဆင်မပြေတွေဖြစ်တယ်။ အထူးသဖြင့်အောက်ခြေလူတန်းစားတွေမှာ ကူးသန်းရောင်းဝယ်ရေးအစစက အဆင်မပြေဘူး။ အဆင်မပြေတဲ့အတွက် သူတို့မှာ စားဝတ်နေရေးအတွက် နေ့စဉ်နဲ့အမျှ ဖြေရှင်းနေရတဲ့ အခက်အခဲတွေ ရှိတယ်။”
ဒါပေမဲ့လည်း NLD အစိုးရသစ် လက်ထက်မှာပဲ စီးပွားရေး လုပ်ငန်းတွေ၊ သယံဇာတတူးဖော် ထုတ်လုပ်မှုလို လုပ်ငန်းတွေမှာ အလွန်အကျွံ လုပ်ကိုင်နေတာတွေကို ထိန်းချုပ်ဖို့ ကြိုးစားတာတွေလည်း ရှိပါတယ်။ ဒါကြောင့်လည်း တာဝန်ယူမှုပိုရှိတဲ့ NLD အစိုးရသက်တမ်း ပထမ ၆ လ ဆောင်ရွက်ချက်တွေအပေါ်မှာ အားရတယ်လို့ ခရီးသွားလုပ်ငန်းရှင် ကိုအောင်ရဲကျော်က ပြောပါတယ်။
“ဒီအစိုးရပိုင်းမှာ ဘယ်လိုပြောမလဲ တာဝန်ယူမှုတွေ ဒီကတိပေးပြီးတော့မှ လုပ်ဆောင်မှုတွေက အရင်ထက်စာရင်တော့ အများကြီးတိုးတက်ပြောင်းလဲလာတယ်လို့တော့ ထင်ပါတယ်။ စစခြင်းပြောင်းလဲတာ ၆ လဆိုတော့ဘာမှ ၆ နှစ်မဟုတ်သေးဘူးလေ။ ဒါပေမယ့် တော်တော်လေးတော့ ပြောင်းလဲလာတယ်ပေါ့။ ရာခိုင်နှုန်းတော်တော်များတယ်ပေါ့ အဲဒီအတွက်လည်း အားရတယ် နောက်ပြီးရှေ့လျောက်လည်း ဒီလိုမျိုး ထပ်ပြီးတော့မှ ဆက်သွားရင်ကောင်းတာပေါ့နော်။”
NLD အစိုးရအနေနဲ့ ပြီးခဲ့တဲ့ ၆ လ သက်တမ်းအတွင်း ဆောင်ရွက်မှုတွေမှာ အားနည်းချက်တွေ ရှိခဲ့သလို၊ ရှေ့မှာလည်း စိန်ခေါ်မှုတွေ ရှိနေတုန်းပဲလို့ မြင်သူတွေလည်း ရှိပါတယ်။ နိုင်ငံရေး လေ့လာသူ ဒေါက်တာရန်မျိုးသိမ်း ကတော့ အစိုးရသက်တမ်း ၆ လအတွင်း အားနည်းချက်တွေကို အခုလို ထောက်ပြပါတယ်။
“လက်ရှိအစိုးရသစ်ရဲ့ ၆လပြည့်တော့မယ့် သက်တမ်းအတွင်းမှာ ဆောင်ရွက်ချက်တွေကို ကြည့်မယ်ဆိုရင် အားရကျေနပ်စရာသိပ်မရှိဘူးလို့တော့ ကျနော်မြင်တယ်။ အထူးသဖြင့်ပေါ့လေ အစိုးရသစ်အနေနဲ့ ဒီ ၆ လ သက်တမ်းအတွင်းမှာ ဝန်ကြီးဌာနအားလုံးပြည်ထောင်စု အဆင့်အဖွဲ့အစည်းအားလုံးရဲ့ ဆောင်ရွက်ချက်တွေကို အားနည်းချက် အားသာချက် ၊လိုအပ်ချက်၊ ချို့ယွင်းချက်တွေကို စနစ်တကျ ပြန်သုံးသပ်ပြီးတော့ စနစ်တကျ ဆုံးဖြတ်နိုင်ဖို့ လိုအပ်တယ်လို့မြင်ပါတယ်။ လက်ရှိအစိုးရသစ်ရဲ့ ၆ လ သက်တမ်းအတွင်းမှာ အဂတိလိုက်စားမှု နဲ့ ပတ်သက်ပြီးတော့ ထိထိရောက်ရောက်ဆောင်ရွက်တာကို မတွေ့ရဘူး။ အဲဒီအပြင် အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်ကိုလည်း အသစ်ပြင်ဖွဲ့စည်းတာမျိုးမတွေ့ရဘူး။ အဲဒီအခါကျတော့ အဲဒီအပိုင်းဟာ အင်မတန်မှ အားနည်းတယ်လို့ မြင်ပါတယ်။”
NLD အစိုးရရဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ ၂၁ ရာစု ပင်လုံညီလာခံလို တိုင်းရင်းသား လက်နက်ကိုင် ပဋိပက္ခတွေလို ဖြေရှင်းဖို့ ကြိုးပမ်းမှုတွေ၊ လူမှုအသိုင်းအဝိုင်းကြား ပြဿနာတွေ ပေါ်ခဲ့တဲ့ ရခိုင်ပြည်နယ်အရေး ဖြေရှင်းဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဦးဆောင်တဲ့ ကော်မရှင်တရပ် ဖွဲ့စည်းခဲ့တာလို ဆောင်ရွက်ချက်တွေဟာ ထူးခြားတဲ့ အောင်မြင်မှုတွေ အဖြစ်နဲ့လည်း မြင်ကြပါတယ်။ ဒီလိုပဲ မကြာသေးခင်က အမေရိကန် ပြည်ထောင်စုကို သွားရောက်ခဲ့ပြီး သမ္မတ ဘရက်ခ် အိုဘားမား နဲ့ တွေ့ဆုံရာမှာ မြန်မာနိုင်ငံအပေါ် ဒဏ်ခတ်မှုတွေ ဖယ်ရှားဖို့ အမေရိကန်က ကြေညာခဲ့တာ၊ ကုလသမဂ္ဂ အထွေထွေညီလာခံမှာ တက်ရောက်ပြီး မြန်မာနိုင်ငံအပေါ် နိုင်ငံတကာက နားလည်အောင် ကြိုးပမ်းနိုင်ခဲ့တာတွေဟာလည်း အောင်မြင်မှုတွေအဖြစ်နဲ့ အများက ယူဆထားကြပါတယ်။
Your browser doesn’t support HTML5