NLD ညီလာခံဒုတိယနေ့ ဒေါ်စုမိန့်ခွန်းပြော

NLD ပထမဆုံးညီလာခံတွင်း ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်း ပြောကြားနေစဉ်။ (မတ်လ ၉ ရက်၊ ၂၀၁၃)။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဒီနေ့မိန့်ခွန်းထဲမှာ ဘာတွေပြောသွားတယ် ဆိုတာနဲ့၊ ပြောသွားတဲ့ အထဲမှာ အဓိကကျမယ်လို့ထင်ရတဲ့ အချက်တချို့ကို ကောက်နုတ်တင်ပြရရင်တော့ လွန်ခဲ့တဲ့ နှစ်၂၀ ကျော်ကာလအတွင်း NLD ပါတီအနေနဲ့ ဗဟိုဦးစီးစနစ်ကျင့်သုံးခဲ့ရတဲ့အတွက် နားလည်မှု လွဲမှားခဲ့တာတွေ ရှိကောင်းရှိမယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။ ဒါဟာ NLD ပါတီမှာ ဗဟိုဦးစီးစနစ် ကျင့်သုံးခဲ့ဖူးတယ်ဆိုတာကို ပါတီခေါင်းဆောင်တယောက် ပထမဦးဆုံးအကြိမ် ဝန်ခံပြောဆိုခြင်းဖြစ်ပါတယ်။

အခုအခါမှာ အခြေအနေပွင့်လင်းလာတဲ့အခါ နေရာလုတာတွေ ရှိလာတယ်လို့ကြားရတဲ့ အတွက် ထိန်းထိန်းသိမ်းသိမ်းလုပ်ကြပါလို့လည်း သူက တိုက်တွန်းသွားပါတယ်။ NLD ပါတီကို တည်ထောင်ခဲ့စဉ်တုန်းက ပြည်သူကိုပေးခဲ့တဲ့ ကတိတွေကို သွေဖီမသွားဖို့ လိုတယ်လို့လည်း သတိပေးခဲ့ပါတယ်။

ပါတီဝင်တွေကို စည်းရုံးတဲ့အခါမှာ၊ လူထုကို စည်းရုံးတဲ့အခါမှာ ရိုးရိုးသားသား စည်းရုံးပါ။ လူပါရင်ပြီးရောလုပ်ရင် ပါတီရဲ့ မူလရည်ရွယ်ချက်ကို သွေဖီသွားနိုင်တယ်လို့ လည်း ဒေါ်အောင်ဆန်းစုကြည်က သတိပေးပါတယ်။ မတူကွဲပြားမှုရှိတဲ့ အစုအဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုကြီး ဖြစ်တာကြောင့် မတူကွဲပြားမှုတွေကို နားလည် လက်ခံနိုင်ဖို့ အရေးကြီးတယ်လို့ ထောက်ပြပါတယ်။

အခု ပါတီခေါင်းဆောင်သစ်တွေ ရွေးချယ်ပြီးတဲ့ကာလမှာ ဒီခေါင်းဆောင်သစ်တွေ အနေနဲ့ စမ်းသပ်ကာလတရပ်ကို ဖြတ်သန်းရဦးမှာဖြစ်တယ်လို့ဆိုပါတယ်။ မူလရည်ရွယ်ချက်နဲ့ သွေဖီ မသွားဖို့ အရေးကြီးတယ်လို့ ပြောသွားပါတယ်။ အထူးသဖြင့် ပါတီဒုက္ခအရောက်ဆုံးကာလ၊ စစ်အစိုးရလက်ထက်အဆက်ဆက် ဖိနှိပ်ချုပ်ချယ်မှုအသီးသီးနဲ့ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်ကိုယ်တိုင် နေအိမ်အကျယ်ချုပ်နဲ့ နေခဲ့ရတဲ့ကာလတွေမှာ မဟာမိတ်အဖြစ် ရပ်တည်ပေးခဲ့တဲ့ တိုင်းရင်းသားတွေကို ကျေးဇူးတင်တဲ့အကြောင်းကိုလည်း အထူးတလည် ပြောသွားပါတယ်။

ပါတီညီလာခံမှာ မမြင်ဖူးခဲ့တဲ့ ပါတီကြီးတွေကိုလည်း ကြိုဆိုတယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ပြောပါတယ်။ ဘယ်ပါတီကြီးတွေ ဆိုတာကိုတော့ နံမည်နဲ့တကွ ထုတ်ဖော်ပြောဆိုသွားခြင်း မရှိပါဘူး။ NLD ပါတီရဲ့ အခုညီလာခံဟာ အကြီးမားဆုံးနဲ့ ပထမအကြိမ် ကျင်းပတဲ့ညီလာခံဖြစ်ပါတယ်။