အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီကို ပြန်လည် ဖွဲ့စည်းတဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည် ဥက္ကဋ္ဌ ဖြစ်လာမယ့်အလားအလာ ရှိနေပါတယ်။ အထွေထွေအတွင်းရေးမှူး ရာထူး မထားတော့ဘဲ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးအဖွဲ့သာ ထားရှိတော့မယ်လို့ NLD ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဦးဉာဏ်ဝင်းက ဗွီအိုအေကို ပြောခဲ့တာပါ။ အပြည့်အစုံကိုတော့ ဆက်သွယ်စုံစမ်းထားတဲ့ ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။
မြန်မာနိုင်ငံ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်က NLD ကို နိုင်ငံရေးပါတီအဖြစ် တည်ထောင်ဖို့ ခွင့်ပြုလိုက်ပြီး ရက်ပိုင်းအတွင်းမှာ ပါတီကို အသစ် ပြန်လည်ဖွဲ့စည်းသွားဖို့ ခေါင်းဆောင်ပိုင်းက စီစဉ်လိုက်တာ ဖြစ်ပါတယ်။
ပါတီ ထိပ်ပိုင်းခေါင်းဆောင်တွေ လာမယ့် ဒီဇင်ဘာလ ၁၉ ရက်၊ တနင်္လာနေ့မှာ အစည်းအဝေးထိုင်ပြီး ပါတီဖွဲ့စည်းပုံသစ်ကို ထုတ်ပြန်မယ့်အကြောင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် တစ်ဦးလည်းဖြစ်၊ ပါတီပြောခွင့်ရပုဂ္ဂိုလ် တစ်ဦးလည်းဖြစ်တဲ့ ဦးဉာဏ်ဝင်းက ပြောပါတယ်။
“ပါတီဖွဲ့စည်းပုံက အဓိက ကျနော်ပြောရလို့ရှိရင် လက်ရှိမှာ ဥက္ကဋ္ဌနဲ့ အထွေထွေ အတွင်းရေးမှူး၊ နောက် အတွင်းရေးမှူး။ ဒီလိုရှိတာကိုး။ အဲဒီအစား ဥက္ကဋ္ဌ နဲ့ အတွင်းရေးမှူးအဖွဲ့ပဲ။ အထွေထွေ အတွင်းရေးမှူး ဆိုတဲ့ဟာကို ကျနော်တို့ ဖြုတ်လိုက်ပါမယ်။”
NLD ပါတီရဲ့ လက်ရှိ ဖွဲ့စည်းပုံကနေ ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူးအဖွဲ့ပဲ ထားတော့မှာဖြစ်တဲ့အတွက် လက်ရှိ အထွေထွေအတွင်းရေးမှူး ရာထူးယူထားတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပါတီ ဥက္ကဋ္ဌဖြစ်လိမ့်မယ်လို့ တွက်ဆစရာ ဖြစ်နေတာပါ။
လက်ရှိအနေအထားမှာတော့ ပါတီဥက္ကဋ္ဌအဖြစ် အသက် ၉၆ နှစ်ရှိပြီဖြစ်တဲ့ အငြိမ်းစား ဗိုလ်မှူးချုပ် ဦးအောင်ရွှေက တာဝန်ယူထားပြီး ဒုဥက္ကဋ္ဌအဖြစ် အသက် ၈၅ နှစ်ရှိပြီဖြစ်တဲ့ အငြိမ်းစား ဗိုလ်ချုပ်ကြီး သူရ ဦးတင်ဦးတို့က တာဝန်ယူထားတာဖြစ်ပေမဲ့ ပါတီရဲ့ အဓိကဦးဆောင်မှု အခန်းကဏ္ဍကိုတော့ ဒေါ်အောင်ဆန်းစုကြည်ကပဲ တာဝန်ယူထားတာပါ။
ပါတီ ထိပ်ပိုင်းခေါင်းဆောင် ရာထူးတွေကို အသက်အရွယ်ကြီးရင့်သူ အများစုက တာဝန်ယူထားတာကြတာ ဖြစ်တာကြောင့် လူငယ်တွေနဲ့ ပြန်လည်ဖွဲ့စည်းဖို့ လိုအပ်တယ်ဆိုတဲ့ ပြောဆိုမှုတွေလည်း ရှိနေတာပါ။
မကြာခင်ကျင်းပဖို့ရှိတဲ့ ပါတီခေါင်းဆောင်ပိုင်း စည်းဝေးပွဲကရလာတဲ့ ရလဒ်တွေနဲ့အတူ နေပြည်တော် ရွေးကောက်ပွဲကော်မရှင်ရုံးကို သွားပြီး ပါတီကို တရားဝင် မှတ်ပုံတင်မှာ ဖြစ်ပါတယ်လို့ ဦးဉာဏ်ဝင်းက ဆက်ပြောပါတယ်။
“ကျနော်တို့ လာမယ့်တနင်္လာနေ့ပေါ့ ၁၉ ရက်နေ့မှာ ၂၁ ဦးအဖွဲ့ အစည်းအဝေးလုပ်မယ်။ အဲဒီအစည်းအဝေး ကနေပြီးတော့ ဒီ ၂၁ ဦးရဲ့အဖွဲ့ ခေါင်းဆောင် ၊ ဒုတိယခေါင်းဆောင်ကို ရွေးချယ်ပေးရမယ်။ အဲဒီရွေးချယ်ပြီးရင် လိုအပ်တဲ့ ဖွဲ့စည်းပုံတို့၊ မူဝါဒတို့၊ တံဆိပ်တို့၊ အလံတို့နဲ့အတူ ကျနော်တို့ နေပြည်တော်မှာ သွားပြီးတော့ မှတ်ပုံတင်ရမှာပါ။ အဲဒီသွားဖို့ရက်ကိုတော့ ယာယီအားဖြင့် ကျနော်တို့ ၂၃ ရက်နေ့ သတ်မှတ်ထားပါတယ်။”
ခေါင်းဆောင်တွေကို သဘောတူ ရွေးချယ်မယ့် အစည်းအဝေးမှတ်တမ်း မိတ္တူကိုလည်း ပါတီမှတ်ပုံတင်ခွင့် လျှောက်တဲ့အခါ ပေးဖို့လိုတာကြောင့် ပါတီတည်ထောင်ခွင့် လျှောက်ထားခဲ့ကြတဲ့ ၂၁ ယောက်လုံး အခုလို ရက်ပိုင်းအတွင်းမှာ အမြန်ဆုံး ပြန်ဆုံပြီး ဆုံးဖြတ်ရွေးချယ်ကြတာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
မကြာခင် လအနည်းငယ်အတွင်း ကျင်းပလိမ့်မယ်လို့ မျှော်လင့်ရတဲ့ ကြားဖြတ် ရွေးကောက်ပွဲအတွင်း ဘယ်မဲဆန္ဒနယ်မြေက ဘယ်ကိုယ်စားလှယ်တွေ ဝင်ရောက် ယှဉ်ပြိုင်ကြမယ်ဆိုတာတော့ NLD ပါတီက အခုချိန် တရားဝင် ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပါဘူး။