NLD အမတ် ၂ ဦး ပါတီတာဝန် ရုတ်တရက်ရပ်ဆိုင်းခံရ

NLD အမတ် ၂ ဦး ပါတီတာဝန် ရုတ်တရက်ရပ်ဆိုင်း

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီရဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဒေါ်သက်သက်ခိုင်နဲ့ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျတို့ကို ပါတီတာဝန်ကနေ ရပ်ဆိုင်းလိုက်တယ်လို့ NLD ပါတီကပြောကြားလိုက်ပါတယ်။ ပါတီတာဝန်တွေကနေ ရပ်ဆိုင်းလိုက်ပေမယ့် သူတို့နှစ်ဦးစလုံးဟာ ပါတီဝင်တွေအဖြစ်နဲ့တော့ ဆက်ပြီး ရှိနေဆဲပဲလို့ ပြောပါတယ်။ ဒီအကြောင်းကို ဆက်သွယ်စုံစမ်းထားတဲ့ ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

လက်ရှိအာဏာရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီရဲ့ ဒဂုံမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဒေါ်သက်သက်ခိုင် ကို ပါတီတာဝန်တွေကနေ ရပ်ဆိုင်းလိုက်တယ်လို့ NLD ပါတီက သြဂုတ်လ ၂၇ ရက်နေ့က ကြေငြာချက် ထုတ်ပြန်ပြောကြားလိုက်ပါတယ်။ ဒါနဲ့ ပတ်သက်ပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ပြောခွင့်ရလည်းဖြစ်၊ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဦးဉာဏ်ဝင်းက ဗွီအိုအေမြန်မာပိုင်းကို အခုလို ပြောပါတယ်။

“ထုတ်တာက ပါတီက ထုတ်တာမဟုတ်ပါဘူး၊ ပါတီတာဝန်တွေကို ရပ်စဲလိုက်တာပါ။ ”

မေး။ ။ ပါတီက ထုတ်တာမဟုတ်ဘူး၊ ပါတီတာဝန် ရပ်ဆိုင်းလိုက်တယ်၊ အဲဒီဟာလေး နည်းနည်းရှင်းပြပေးပါ-ဘယ်လိုမျိုးလဲဆိုတာကို။

ဦးဉာဏ်ဝင်း။ ။ ပါတီဝင်အဖြစ် သူတို့ဆက်ပြီး ရှိနေမယ်၊ ပါတီတာဝန်တွေက ဥပမာ- ကော်မတီအလိုက် တာဝန်နဲ့ဟာတွေ ဘာညာဆိုရင် အဲဒါတွေရပ်ဆိုင်းလိုက်တာ။ သူတို့ရှိနေတဲ့တာဝန်တွေကို ရပ်ဆိုင်းလိုက်တာ။ ပါတီအဖွဲ့ဝင်အဖြစ်ကတော့ ရှိနေမယ်။

မေး။ ။ ကော်မတီဝင်တွေအဖြစ်ကနေ ရပ်ဆိုင်းလိုက်တယ်၊ ပါတီဝင်အဖြစ်တော့ ဆက်ပြီးရှိနေမယ်၊ …ဆိုတော့ အမတ်အဖြစ်နဲ့ ဆက်ပြီး ရှိနေမယ့်သဘောပေါ့။

ဦးဉာဏ်ဝင်း။ ။ ရှိမယ်၊ ရှိမယ်၊ ရှိမယ်၊ ရှိမယ်။

မေး။ ။ ဟုတ်ကဲ့၊ သူတို့ ကိုပေးထားတဲ့ ကော်မတီတာဝန်ကရော ဘယ် ကော်မတီဝင်တွေအဖြစ်ကနေ ရပ်ဆိုင်းလိုက်တာလဲခင်ဗျ။

ဦးဉာဏ်ဝင်း။ ။ ကျနော် အကုန်တော့မသိဘူးဗျ။ လွှတ်တော်က ကိစ္စတွေကိုကျတော့လေ ပါတီက အကုန်မသိဘူး၊

မေး။ ။ ဘာကြောင့် အဲဒိတာဝန်တွေကနေ ရပ်ဆိုင်းလိုက်တာလို့ ပြောလို့ရလဲ။

ဦးဉာဏ်ဝင်း။ ။ အဲဒါကတော့ကျနော် ပြောလို့မရပါဘူး။ CEC က ဆုံးဖြတ်တာ။

မေး။ ။ ဦးကျော်ဇေယျကိုလည်း အဲလိုပဲလားခင်ဗျ။

ဦးဉာဏ်ဝင်း။ ။ ဟုတ်ပါတယ်၊ အဲဒီအတိုင်းပါပဲ။ တိုင်းဒေသကြီးအမတ်အဖြစ် ဆက်ရှိနေမယ်။ ပါတီဝင်အဖြစ်လည်း ဆက်ရှိနေမှာပေါ့။

မေး။ ။ ပါတီဝင်အဖြစ်နဲ့ ဆက်ရှိနေမယ်၊ တိုင်းဒေသကြီးအမတ်အဖြစ်နဲ့လည်း ဆက်ရှိနေမယ်ပေါ့။ ကော်မတီဝင်အဖြစ်ကနေပဲ ရပ်ဆိုင်းတာပေါ့နော်။

ဦးဉာဏ်ဝင်း။ ။ ဟုတ်ပါတယ်။

ဒေါက်တာ ဒေါ်သက်သက်ခိုင်ဟာ ပြည်သူ့လွှတ်တော် ဘဏ်များနဲ့ငွေကြေးဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးကော်မတီအဖွဲ့ဝင် တဦဖြစ်တယ်လို့ အဆိုပါကော်မတီရဲ့ ဥက္ကဋ္ဌ ဒေါ်ခင်စန်းလှိုင်က ပြောပါတယ်။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဒေါ်သက်သက်ခိုင်ကို ဗီအိုအေကနေ ဆက်သွယ်မေးမြန်းဖို့ ကြိုးစားခဲ့ပေမယ့် ဆက်သွယ်လို့မရခဲ့ပါဘူး။ NLD ပါတီဘက်ကတော့ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးဆုံးဖြတ်ချက်အရ အခုလို ဆုံးဖြတ်ခဲ့တာလို့ ပြောပေမယ့်၊ ဘာကြောင့်အခုလို တာဝန်တွေကို ရပ်ဆိုင်းလိုက်တယ်ဆိုတာကိုတော့ ထုတ်ပြန်ပြောဆိုခြင်းမရှိပါဘူး။ ပြည်တွင်းသတင်းမီဒီယာတွေမှာတော့ ဒေါ်သက်သက်ခိုင်ဟာ ပါတီတွင်းလုပ်ဆောင်နေတာတွေနဲ့ ပတ်သက်ပြီး ဝေဖန်ပြောဆိုမှုတွေကြောင့် အခုလို တာဝန်ကနေ ရပ်ဆိုင်းလိုက်တာဖြစ်တယ်လို့လည်း ဖော်ပြနေကြပါတယ်။ ဒေါ်သက်သက်ခိုင်နဲ့ အတူ ရန်ကုန်တိုင်းဒေသကြီး ဒဂုံမြို့ နယ် လွှတ်တော်မဲဆန္ဒနယ် အမှတ် (၂ ) ရဲ့ လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဇေယျကိုလည်း ပါတီတာဝန်တွေကနေ ရပ်ဆိုင်းလိုက်ပါ တယ်။ ဒါနဲ့ ပတ်သက်ပြီး ဦးကျော်ဇေယျကတော့ ဗွီအိုအေကို အခုလို ပြောပါတယ်။

“ကျနော်က ဒဂုံမြို့နယ်က၊ ဒေါက်တာသက်သက်ခိုင်ရယ်၊ ကျနော်ရယ်။ ပါတီတာဝန်ကနေ ရပ်ဆိုင်းတာ မှန်ပါတယ်ခင်ဗျာ။”

မေး။ ။ ဘာဖြစ်လို့ ရပ်ဆိုင်းလိုက်တယ်လို့ ပြောလဲ။

ဦးကျော်ဇေယျ။ ။ အဲဒီက ခင်ဗျားမေးတဲ့ WHY ဆိုတဲ့မေးခွန်းကို ကျနော်လည်း ဒီနေ့ ဒီအချိန်အထိ မသိရသေးဘူးခင်ဗျ။ ရပ်ဆိုင်းလိုက်တယ်ဆိုတာကိုကျနော့်မြို့နယ်ကို စာပို့ပါတယ်။ ဗဟိုကော်မတီရဲ့ ၂၅ ရက်နေ့ပေါ့၊ ပြီးခဲ့တဲ့လ ၂၅ ရက်နေ့က စည်းဝေးဆုံးဖြတ်ချက်အရ ကျနော်တို့ကို ပါတီတာဝန်ကနေ ရပ်ဆိုင်းလိုက်တယ်၊ အဲဒါပဲ ကျနော် သိပါတယ်ခင်ဗျ။

မေး။ ။ ဟုတ်ကဲ့၊ ဘာကြောင့် ရပ်ဆိုင်းလိုက်တယ်လို့ရော ထင်ပါသလဲခင်ဗျ။

ဦးကျော်ဇေယျ။ ။ ဘာကြောင့် ရပ်ဆိုင်းလိုက်တယ်လို့ရော ထင်ပါသလဲ- ခင်ဗျားမေးခွန်းကိုတော့ ကျနော်ပြန်ဖြေရရင် ကျနော့ကိုလည်းလူတော်တော်များများက ဒီလိုမေးပါတယ်။ ကျနော်လည်း အဲဒါပဲ ထိုင်ပြီး ဖြေရှင်းနေရတယ်လေ။ မီဒီယာတချို့က ကျနော့်ဆီ ပြန်ဆက်တယ်။ သူတို့လည်း NLD ရုံးချုပ်နဲ့ ပြန်ပြီး ဆက်သွယ်တဲ့အခါမှာ ဦးကျော်ဇေယျရဲ့ မီဒီယာမှာပြောဆိုမှုတွေက ပါတီစည်းကမ်းနဲ့ မညီတဲ့အတွက်ဆိုပြီး သိရတယ်-ဦးလေး- ဆိုတော့ ‘ဟာ၊ ဟုတ်လား၊ အဲဒီလိုဆိုလည်း အန်ကယ်တောင် မင်းတို့’ပြောမှသိရတယ်။ ကျေးဇူးတင်တယ်ဆိုပြီး သူတို့ကိုတောင် ပြန်ပြီးပြောနေရတဲ့အနေအထားပါ။ အဲလောက်ပါပဲဗျ။

မေး။ ။ ဟုတ်ကဲ့၊ ဒီဆုံးဖြတ်ချက်အပေါ်မှာရော ဦးကျော်ဇေယျအနေနဲ့ဘာများ ပြောချင်ပါလဲ။

ဦးကျော်ဇေယျ။ ။ ကျနော်လည်း စိတ်မကောင်းတော့ ဖြစ်မိတာပေါ့ဗျာ။ တကယ်တန်းကျတော့ ကျနော့်မှာ တကယ်လို့ အပြစ်ရှိရင်လည်းပဲ ၊ ရပ်ဆိုင်းဖို့ အပြစ်ရှိရင်လည်းပဲ ဒါ မိဘနဲ့သားသမီးပဲလေ၊ ပွင့်ပွင့်လင်းလင်းပေါ့၊ ကျနော့်ရဲ့အပြစ်ကို ထောက်ပြ၊ ဆူလိုက်၊ ဆဲလိုက် အဲလိုပဲ လိုမယ်လို့ ထင်ပါတယ်။ အခုကတော့ ပွင့်လင်းမှုတော့ မရှိဘူးပေါ့ဗျာ၊ ကျနော့်ကို ဖုံးလည်းမဆက်၊ လူလည်း ခေါ်မတွေ့၊ ပြိးတော့ကျမှ စာနဲ့ပေနဲ့၊ စာတောင်မှ မြို့နယ်…..ပွင့်လင်းမှု မရှိပါဘူး၊ အဲဒါမျိုး- ကျနော်ကတော့ စိတ်တော့မကောင်းပါဘူူး၊ ဒီလောက်ပါပဲ။

မေး။ ။ ဆိုတော့ ဦးကျော်ဇေယျအနေနဲ့ ဒီကိစ္စနဲ့ပတ်သက်ပြီး ပါတီတာဝန်ရှိသူတွေကို မေးသွားဖို့ အစီအစဉ်ရှိလား။ ဘာကြောင့် ဘာကြောင့် ထုတ်လိုက်တယ်၊ ဘယ်လိုကြောင့်…

ဦးကျော်ဇေယျ။ ။ ကျနော့်အနေနဲ့ကတော့ မရှိပါဘူး ကျနော်ကတော့ ပေးတဲ့အမိန့်အတိုင်း နာခံမှာပေါ့။ မရှိပါဘူး။ ကျနော်က ပြီးခဲ့တဲ့သုံးလေးလကတည်းက၂၀၂၀ မှာ ကိုယ်စားလှယ်အနေနဲ့ တက်မနေတော့ဘူး၊ ကျနော်အသက်ကြီးပြီ။ လူငယ်တွေကိုပဲံကျနော်တာဝန်ပေးမယ်ဆိုတာ ကျနော် ပြောပြီးသားပါ။ ကျနော် ဆုံးဖြတ်ချက် ချပြီးသားပါ။ ကျနော် ဘာမှ complain တက်စရာ အကြောင်း မရှိတော့ပါဘူးခင်ဗျ။

ဒါ့အပြင် ပဲခူးတိုင်းဘက်မှာတော့ အုတ်တွင်းမြို့နယ်အလုပ်အမှုဆောင်အဖွဲ့ဝင် ဦးသန်းဝင်းကိုတော့ ပါတီဝင်အဖြစ်ကနေ တရားဝင်ထုတ်ပယ်လိုက်တယ်ဆိုပြီး NLD ပါတီက သြဂုတ်လ ၂၇ ရက်နေ့ နေ့စွဲနဲ့ ထုတ်ပြန်ထားပါတယ်။

Your browser doesn’t support HTML5

NLD အမတ် ၂ ဦး ပါတီတာဝန် ရုတ်တရက်ရပ်ဆိုင်းခံရ