တရားဥပဒေစိုးမိုးမှ တိုင်းပြည်အေးချမ်းမည်

နိုင်ငံတွင်း တရားဥပဒေ စိုးမိုးရေးဟာ အရေးကြီးဆုံး ဖြစ်တယ်လို့ ပဲခူးတိုင်း ဖြူးမြို့နယ်မှာ တနင်္လာနေ့က ပြုလုပ်တဲ့ NLD မြို့နယ်ရုံးသစ် ဖွင့်ပွဲကို တက်ရောက်လာတဲ့ NLD ပါတီ နာယက ဦးတင်ဦးက ပြောပါတယ်။ ဒါတင်မက အလုပ်သမား လယ်သမားသမဂ္ဂတွေ လွတ်လွတ်လပ်လပ် ဖွဲ့စည်းဆောင်ရွက် နိုင်ခွင့် အတွက်လည်း သူက တိုက်တွန်း ပြောကြားသွားခဲ့ပါတယ်။ အကြောင်းစုံကို မသိင်္ဂီထိုက်က တင်ပြထားပါတယ်။

NLD ပါတီက လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ အနိုင်ရပြီး လွှတ်တော်ထဲကို ရောက်ရင် ဒီမိုကရေစီ အကျင့်အကြံနဲ့ မကိုက်ညီတဲ့ ဖွဲ့စည်းပုံ အခြေခံဥပဒေထဲက အချက်အလက်တွေကို ပြင်မယ်ဆိုပြီး NLD ပါတီရဲ့ နာယက ဦးတင်ဦးက တနင်္လာနေ့မှာ ပြောပါတယ်။ ပဲခူးတိုင်း ဖြူးမြို့နယ်မှာ NLD ရုံးသစ်ဖွင့်ပွဲမှာ လာရောက်ကြတဲ့ ထောင်နဲ့ချီတဲ့ ဒေသခံလူထုကို ပြောဆိုခဲ့တာ ဖြစ်တယ်လို့ ဖြူးမြို့နယ် NLD ပါတီရဲ့ စည်းရုံးရေး တာဝန်ခံ ဦးသက်စိန် က အခုလို ပြောပါတယ်။

“ဒီ တိုင်းပြည်တစ်ပြည်မှာ ဥပဒေ စိုးမိုးရေးဟာ အရေးကြီးဆုံး ဆိုတဲ့အကြောင်းနဲ့ ခေတ်အဆက်ဆက် ဖြစ်လာတဲ့ တချို့ ဥပဒေတွေက ပြည်သူလူထုအတွက် ဖိနှိပ်တဲ့ ဥပဒေတွေ ဖြစ်နေတယ်၊ ဒါကြောင့်မိုလို့ ပြည်သူတွေ အေးအေးချမ်းချမ်း နေဖို့အတွက်ဆိုရင် မလိုလားအပ်တဲ့ ဥပဒေတွေကို ပြင်ရမယ်လို့ဆိုပြီး တရားဥပဒေ စိုးမိုးရေးကို ပထမ ထည့်ပြောပါတယ်ခင်ဗျ။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေ အနေနဲ့ ငြိမ်းချမ်းရေး အပြီးအပိုင် ရရှိရေးအတွက်ကို ပင်လုံစိတ်ဓါတ်နဲ့ ဆောင်ရွက်ရမယ် ဆိုပြီးတော့ ပြည်သူလူထုများကလည်း ဝိုင်းဝန်းကူညီကြဖို့ ပြောပါတယ်။ NLD အနေနဲ့ လွှတ်တော်ထဲရောက်ရင် အခြေခံဥပဒေကို ပြင်ရမယ်လို့ ပြောပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီ လက်ရှိ အခြေခံဥပဒေဟာ ဒီမိုကရေစီကျင့်စဉ် အတွက်ကို တချို့ဟာတွေက မကိုက်ညီတဲ့အတွက်ကြောင့် ဒီဟာတွေကို လွှတ်တော်ထဲ ရောက်လို့ရှိရင် ပြင်ရမယ် ပြောပါတယ်ခင်ဗျ။ နိုင်ငံတကာနဲ့ စီးပွားရေး စာချုပ် ချုပ်တဲ့အခါမှာ ပြည်သူတွေရဲ့ အကျိုးစီးပွားကို အရင်ကြည့်ရမယ် ဆိုပြီးတော့လည်း ပြောသွားပါတယ်။ တောင်သူလယ်သမား အစည်းအရုံးတို့၊ အလုပ်သမား သမဂ္ဂ တို့ ဖြစ်လာမှ ဒါတွေဟာ တောင်သူလယ်သမားတွေ အလုပ်သမားတွေ အတွက်ကို အကာအကွယ် ပေးနိုင်မယ်၊ အခုကတော့ ဖွဲ့စည်းပုံတော့ သူတို့ ခွင့်ပြုထားတယ်။ တကယ်တမ်းကျတော့ ဖွဲ့လို့မရသေးဘူးဆိုတော့ ဘာနဲ့တူလဲဆိုရင်တဲ့၊ အမြောက်ပေးထားပြီးတော့ ကျည်ဆံမပေးတာနဲ့ တူပါတယ်တဲ့။”

ဖြူးမြို့နယ်တွင်းမှာ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ တစ်ခုတည်း ရှိနေရာကနေ အခု NLD ရုံးကို ပြန်ပြီး ဆိုင်းဘုတ်တင် ဖွင့်လှစ်နိုင်တာ ဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ရုံးခွဲဖွင့်လှစ်ပြီးရင် ပါတီဝင်သစ် စုဆောင်းတာ၊ ရွေးကောက်ပွဲ အောင်နိုင်ရေးတို့ကို တစိုက်မတ်မတ် လုပ်ဆောင်သွားမယ် လို့လည်း NLD တာဝန်ခံတွေက ပြောပါတယ်။ လတ်တလော ဖြူးမြို့နယ်အတွင်းမှာ NLD ပါတီဝင် လေးထောင်နီးပါး ရှိတယ်လို့လည်း ဦးသက်စိန်က ပြောပါတယ်။

“အရင်တုန်းက ကျနော်တို့ ဆိုင်းဘုတ်တင်လို့ မရဘူးလေ။ ဆိုင်းဘုတ်တင်လို့ မရသလို ရုံးအနေနဲ့ သီးခြား မရှိဘူးပေါ့။ အခုကတော့ ကျနော်တို့ ရုံးကို သီးခြား ဖွင့်လိုက်တာပါခင်ဗျ။”

NLD ပါတီက တရားဝင် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ပြီးနောက်ပိုင်းကစလို့ နိုင်ငံတဝှမ်းမှာ ပါတီရုံးခွဲတွေကို ပြန်ပြီး ဖွင့်လှစ်နေတာ ဖြစ်ပါတယ်။ ပါတီဝင်သစ် စုဆောင်းမှုတွေကိုလည်း ပြန်ပြီး လုပ်ဆောင်နေတာပါ။ လာမယ့် ကြားဖြတ် ရွေးကောက်ပွဲမှာ လစ်လပ်နေရာ ၄၈ နေရာ ဝင်ရောက် ယှဉ်ပြိုင် အနိုင်ရရေး အတွက်လည်း ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံတဝှမ်း ခရီးလှည့်လည်ပြီး မဲဆွယ်စည်းရုံးမှုတွေ လုပ်ဆောင်နေပါတယ်။