NLD ပါတီ မှတ်ပုံတင် လျှောက်လွှာ တင်သွင်း

Dhisme uu dab weyn ka kacay ka dib markii ay duufaantu ku dhufatay degmada Moore, Oklahoma

နောင်ကျင်းပမယ့် ရွေးကောက်ပွဲတွေမှာ ပါဝင်ယှဉ်ပြိုင်နိုင်ဖို့အတွက် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD က ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်မှာ မှတ်ပုံတင်လိုက်ပါပြီ။ NLD ခေါင်းဆောင်တွေဖြစ်ကြတဲ့ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်တို့ ကိုယ်တိုင် နေပြည်တော်ကိုသွားပြီး ဒီနေ့ သောကြာနေ့မှာ ရွေးကောက်ပွဲ ကော်မရှင်မှာ လက်မှတ်ထိုး မှတ်ပုံတင်လိုက်တာ ဖြစ်ပါတယ်။ နေပြည်တော်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ၊ လွှတ်တော်နှစ်ရပ်တို့ရဲ့ ဥက္ကဋ္ဌတွေနဲ့လည်း သီးခြားစီတွေ့ဆုံခဲ့ပါတယ်။ အပြည့်အစုံကို ဘန်ကောက်ရုံးက မစုမြတ်မွန်က တင်ပြထားပါတယ်။

လူအများစိတ်ဝင်တစား စောင့်ကြည့်နေတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက နိုင်ငံရေးပါတီ မှတ်ပုံတင် လျှောက်လွှာကို ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်မှာ တင်လိုက်ပါပြီ။ ပါတီမှတ်ပုံတင်ဖို့ ဆောင်ရွက်စရာတွေ ဆောင်ရွက်နေတဲ့ အချိန်တွင်းမှာပဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးနဲ့ NLD ခေါင်းဆောင်တွေဖြစ်ကြတဲ့ ဦးတင်ဦး၊ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံ ဆွေးနွေးဖြစ်တဲ့အကြောင်း ပြောခွင့်ရသူ ဦးဉာဏ်ဝင်းက ခုလိုပြောပြပါတယ်။

“ကော်မရှင်ဥက္ကဋ္ဌအနေနဲ့လည်း တိုင်းပြည်အကျိုးရှိဖို့၊ ရွေးကောက်ပွဲဆိုင်ရာ စည်းမျဉ်းစည်းကမ်းတွေနဲ့အညီ ဖြစ်ဖို့၊ ဒါတွေကို သူ့ရဲ့တာဝန်လည်းဖြစ်တယ်၊ သူ လုပ်မယ် ဆိုတဲ့အကြောင်းလည်း ပြောပါတယ်။ တိုင်းပြည် တိုးတက်ရေးအတွက် အားလုံး ပူးပေါင်းဆောင်ရွက်မှသာ ထိရောက် မြန်ဆန်မယ် ဆိုတဲ့ဟာကိုလည်းပဲ အိုင်ဒီယာကိုလည်း ပြောပါတယ်။ ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ကတော့ ရွေးကောက်ပွဲ ဘယ်တော့ ကျင်းပနိုင်မလဲ ဆိုတာရယ်၊ နောင် လိုအပ်တဲ့အခါမှာ မသိတာ၊ မရှင်းလင်းတာတွေကို မေးမြန်းဖို့ တွေ့ဆုံခွင့်၊ ဒါတွေကိုပြောပါတယ်။ ဒါကို ကော်မရှင်ဥက္ကဋ္ဌကလည်း လက်ခံပါတယ်။”

အဲဒီတော့ သူတို့ ရွေးကောက်ပွဲ ဘယ်တော့လုပ်မယ်ဆိုတာကို သူတို့ အန်ကယ်တို့ကို ပြောလိုက်ပါလားရှင့်။ -

“မပြောပါဘူး။ သူ့အနေနဲ့ အဆိုပြုတင်ပြထားတာ ရှိတယ်။ ဒါက အတည်ပြုမှသာ သူ ပြောနိုင်မယ် ဆိုတဲ့အကြောင်း ရှင်းပြပါတယ်။”

ရွေးကောက်ပွဲလုပ်ရင် လွတ်လွတ်လပ်လပ် မျှမျှတတဖြစ်အောင် လုပ်ဖို့ကိုလည်း NLD ဘက်က ပြောခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ တိုင်းပြည်ကောင်းအောင် လုပ်နိုင်မယ်လို့ ယုံကြည်တဲ့အတွက် ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုတယ်လို့ လွှတ်တော်ကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက မကြာခင် ရက်ပိုင်းကပဲ ပြောထားတာရှိတဲ့အတွက် တွေ့ဆုံတဲ့အခါမှာရော ဘယ်လိုမြင်ရသလဲလို့ NLD ပြောခွင့်ရသူ ဦးဉာဏ်ဝင်းကို မေးကြည့်ပါတယ်။

“လှိုက်လှိုက်လဲှလှဲ ကြိုဆိုတယ်။ အားလုံးစိတ်ထဲ တရားမျှတမှု၊ တိုင်းပြည် တိုးတက်မှုနဲ့ ပတ်သက်ပြီးတော့ သူ့စိတ်ထဲရှိတာတွေကိုလည်း သူ ရှင်းပြတယ်။”

နေပြည်တော်မှာ ပါတီမှတ်ပုံတင် လျှောက်လွှာတင်တဲ့ခရီးစဉ်မှာပဲ ဒေါ်အောင်ဆန်းစုကြည်ဟာ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းတို့နဲ့ သီးခြားစီ တွေ့ဆုံခဲ့ပါတယ်။ ဦးခင်အောင်မြင့်နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ နာရီဝက်လောက် တွေ့ဆုံမှုအတွင်းမှာ လွှတ်တော်ရဲ့ဆောင်ရွက်မှုတွေနဲ့ ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည် မေးတာတွေကို ဖြေခဲ့တယ်လို့ ဦးခင်အောင်မြင့်က သတင်းထောက်တွေကို ပြောပါတယ်။ ဒီမိုကရေစီဖော်ဆောင်ရေးအတွက် အဓိကလုပ်နေတဲ့ လွှတ်တော်ထဲ ဒေါ်အောင်ဆန်းစုကြည် ရောက်လာရင် ပိုပြီး အားရှိတယ်လို့လည်း အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ ဦးခင်အောင်မြင့်က ပြောပါတယ်။

နေ့ချင်းပြန် နေပြည်တော်သွားတဲ့ ခရီးစဉ်မှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းနဲ့လည်း သီးခြားတွေ့ဆုံပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဘက်က တွေ့ဆုံဖို့ စာရေး အကြောင်းကြားတဲ့အတွက် တွေ့တာဖြစ်ပြီး တစ်နာရီကျော်လောက် ဆွေးနွေးဖြစ်ကြတာနဲ့ ပတ်သက်လို့ ဦးရွှေမန်းက သတင်းထောက်တွေကို ခုလို ပြောခဲ့ပါတယ်။

“ဒီနေ့တွေ့ဆုံတဲ့အခါမှာလည်း လွှတ်တော်ရေးရာနဲ့ ပတ်သက်ပြီး သိချင်တဲ့အချက်တွေကို သူ မေးပါတယ်။ ဒါနဲ့ပတ်သက်ပြီးတော့ ဖြေကြားပေးပါတယ်။ အဲဒီနည်းတူပဲ အိန္ဒိယခရီးစဉ်နဲ့ ပတ်သက်ပြီးတော့ မေးတာရှိပါတယ်။ အဲဒါတွေကို ပြန်ပြီးတော့ ရှင်းပြခဲ့ပါတယ်။”

ပြည်သူ့လွှတ်တော် ဦးရွှေမန်းဦးဆောင်တဲ့ လွှတ်တော်ကိုယ်စားလှယ်အဖွဲ့ဟာ မကြာခင်ကပဲ အိန္ဒိယနိုင်ငံက ပါလီမန်ဒီမိုကရေစီစနစ်၊ အစိုးရအုပ်ချုပ်ရေးစနစ်တွေကို သွားရောက်လေ့လာခဲ့တာ ဖြစ်ပါတယ်။ ဒီကနေ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ လွှတ်တော် နှစ်ရပ်လုံးက ဥက္ကဋ္ဌတွေ တွေ့ဆုံမှုဟာ ပထမဆုံး တရားဝင်တွေ့ဆုံမှုလို့ ပြောလို့ရပါတယ်။

နေ့လည်ပိုင်းကတော့ ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်ထောင်စုဝန်ကြီးတွေ ဖြစ်ကြတဲ့ ဦးအောင်ကြည်၊ ဦးစိုးသိန်းနဲ့ ဦးသိန်းဌေးတို့နဲ့ နေ့လည်စာအတူ စားခဲ့ကြပါတယ်။