ဆွီဒင်နိုင်ငံ စတော့ဟုမ်းမြို့ နိုဘယ်လ်ဆုရွေးချယ်ရေးကော်မတီက - ဒီနှစ်အတွက် စာပေဆိုင်ရာနိုဘယ်လ်ဆုကို - ဘယ်လာရုစ်နိုင်ငံသူ စာနယ်ဇင်းသမား Svetlana Alexievich ကို ချီးမြှင့်လိုက်ပါတယ်။ သူ့ရဲ့ အသံမျိုးစုံပါတဲ့ ရေးသားချက်တွေက ဒီကနေ့ခေတ်ရဲ့ ဝေဒနာတွေ၊ ရဲစွမ်းသတ္တိတွေကို ထင်ရှားစေတဲ့ သာဓက တခု ဖြစ်တာကြောင့် ရွေးချယ်လိုက်တာဖြစ်တယ်လို့လည်း ပြောပါတယ်။
Alexievich ဟာ ယူကရိန်းနိုင်ငံက ရှာနိုဘိုင်းလ် နျူကလီးယားစက်ရုံ မတော်တဆဖြစ်ရပ်ကြောင့် လူတွေ ခံစားရတဲ့ အကျိုးဆက်တွေ၊ ဆိုဗီယက် - အာဖဂန် ၁၀ နှစ်ကြာ စစ်ပွဲ၊ ဆိုဗီယက်နဲ့ ဆိုဗီယက်ခေတ်လွန်ကာလ သမိုင်းကြောင်းတွေနဲ့ ပတ်သက်ပြီး စာအုပ်တွေ ရေးသားခဲ့သူပါ။ သူ့ရဲ့ ရေးသားချက် အများစုဟာ ပါးစပ် ရာဇဝင်နဲ့ ကိုယ်တိုင်တွေ့ကြုံခဲ့ရသူတွေရဲ့ အမြင်တွေအပေါ် အခြေခံ ထားပါတယ်။
ဘယ်လာရုစ်နိုင်ငံသား ဖခင်နဲ့ ယူကရိန်းနိုင်ငံသူ မိခင်တို့ကနေ - ယူကရိန်းနိုင်ငံ Ivano-Frankivsk မှာ သူ့ကိုမွေးဖွားခဲ့တာပါ။ သူ့ဖခင်က စစ်မှုထမ်း သက်တမ်း ပြည့်ပြီးနောက် မကြာခင်မှာပဲ သူတို့မိသားတစုလုံး ဘယ်လာရုစ် ကို ပြောင်းရွှေ့ ခဲ့ကြတာဖြစ်ပါတယ်။ ကောလိပ်ကျောင်း ပြီးနောက်ပိုင်း - သတင်းစာတိုက် တော်တော် များများမှာ အလုပ်လုပ်ခဲ့ပြီး၊ ဆိုဗီယက် ဆန့်ကျင်ရေး အတိုက်အခံ သတင်းသမားတဦး အဖြစ်နဲ့လည်း ထင်ရှားလာခဲ့တာပါ။
၁၉၈၅ မှာတော့ - ဒုတိယကမ္ဘာစစ်တုန်းက တာဝန်ထမ်းဆောင်ခဲ့ကြတဲ့ အမျိုးသမီး ၂၀၀ ရဲ့ ပြောကြားချက်တွေကို ရေးသားထားတဲ့ “The Unwomanly Face of War” ဝတ္ထုကို ထုတ်ဝေခဲ့ပါတယ်။ သူရရှိခဲ့ဖူးတဲ့ ဆုတွေထဲမှာတော့ အခုနောက်ဆုံး ရလိုက်တဲ့ နိုဘယ်လ်ဆုကတော့ ဂုဏ်သိက္ခာ အကြီးမားဆုံးဆု ဖြစ်ခဲ့ပြီး၊ ဒီဆုကို ရခဲ့တဲ့ ၁၄ ယောက်မြောက် အမျိုးသမီးတဦးလည်း ဖြစ်ခဲ့ပါတယ်။