ရခိုင်ပြည်နယ်အရေး အိုဘားမား ဆွေးနွေးဖို့ အမျိုးသမီး နိုဘဲလ်ဆုရှင်တွေ တိုက်တွန်း

၁၉၉၇ ခုနှစ် နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဂျိုဒီဝီလျံ (လယ်)။ (ဇန်နဝါရီလ ၃၀ ရက်၊ ၂၀၁၂)။

အမေရိကန်သမ္မတ မြန်မာနိုင်ငံကို မသွားခင် စနေနေ့က Nobel Women’s Initiative လို့ခေါ်တဲ့ အမျိုးသမီးငြိမ်းချမ်းရေး နိုဘဲလ် ဆုရှင်များအဖွဲ့က မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်တွေက အကြမ်းဖက်မှုတွေ အဆုံးသတ်အောင် လုပ်ဆောင်ဖို့ အမေရိကန် သမ္မတ နဲ့ မြန်မာသမ္မတကို စာရေးသား တောင်းဆိုလိုက်ကြပါတယ်။ စနေနေ့မှာပဲ မြန်မာအစိုးရ သတင်းနဲ့ ပြန်ကြားရေးအဖွဲ့က လူ့အခွင့်အရေးနဲ့ အမျိုးသား ပြန်လည် သွေးစည်းရေးအတွက် လုပ်ဆောင်နေတာနဲ့ ပတ်သက်ပြီး ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ ရခိုင်နဲ့ ကချင်ပြည်နယ် အေးချမ်းအောင် အရေးယူဆောင်ရွက် နေတယ်လို့ ဖော်ပြပါတယ်။ အပြည့်စုံကို ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။

အမျိုးသမီး ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင်များအဖွဲ့ အနေနဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ကြီးမားတဲ့ နိုင်ငံတကာ ဝမ်းနည်းကျေကွဲဖွယ် ဖြစ်ရပ်အဖြစ် ဖော်ပြခဲ့တဲ့ ရခိုင်ပြည်နယ်က အကြမ်းဖက်မှုတွေနဲ့ ကချင်ပြည်နယ်က ပြည်တွင်းစစ် ဖြစ်နေတာတွေ လုံး၀ ရပ်ဆိုင်းသွားအောင် မြန်မာနိုင်ငံကို အမေရိကန် သမ္မတကိုယ်တိုင် သွားရောက်ချိန်မှာ ဆွေးနွေးကြဖို့အတွက် သမ္မတ အိုဘားမား ကိုရော၊ မြန်မာသမ္မတ ဦးသိန်းစိန်ကိုပါ တိုက်တွန်းစာ ပေးပို့ခဲ့တယ်လို့ အမျိုးသမီး နိုဘဲလ် ငြိမ်းချမ်းရေးဆုရှင်များ အဖွဲ့က ၁၉၉၇ ခုနှစ်၊ ငြိမ်းချမ်းရေး နိုဘဲလ်ဆုရှင် ဂျိုဒီဝီလျံ (Jody Williams) က ဗွီအိုအေကို ပြောပါတယ်။

“ကျမတို့ အမျိုးသမီး နိုဘဲလ် ဆုရှင်များအဖွဲ့က မြန်မာနိုင်ငံရဲ့ အရှေ့ခြမ်းနဲ့ အနောက်ခြမ်း ဒေသတွေမှာ အခုထိ အကြမ်းဖက်မှုတွေ ဆက်ပြီး ဖြစ်နေတာတွေ အတွက် အထူး စိုးရိမ်မိပါတယ်။ လူ့အခွင့်အရေးနဲ့ ပတ်သက်ပြီး ကျမတို့အဖွဲ့က ရှေ့တန်းတင် ပြောလေ့ရှိတဲ့အတိုင်းပဲ ဒါဟာ မြန်မာနိုင်ငံမှာလည်း လူနည်းစု တိုင်းရင်းသားတွေရဲ့ အခွင့်အရေးကိစ္စ ဖြစ်နေပါတယ်။ ဒါကြောင့် သမ္မတ အိုဘားမား ကိုယ်တိုင် မြန်မာနိုင်ငံကို သွားဖို့ ဖြစ်လာတဲ့ အချိန်မျိုးမှာ အခွင့်ကောင်းယူပြီး အများလျစ်လျူရှုထားတယ်လို့ ထင်တဲ့ကိစ္စကို အရေးယူဆောင်ရွက်ဖို့ တိုက်တွန်းတာပါ။”

ကချင်ပြည်နယ်မှာရော၊ ရခိုင်ပြည်နယ်ထဲမှာပါ ဒေသခံတွေကို ကာကွယ်ပေးဖို့နဲ့ ဒုက္ခရောက်နေသူတွေ လိုအပ်တဲ့ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ အပြည့်အ၀ ပေးအပ်ဖို့ တောင်းဆိုခဲ့တဲ့အပြင် ဒီဒေသတွေက အကြမ်းဖက်မှုတွေနဲ့ ပြည်တွင်းစစ်တွေ အဆုံးသတ်စေဖို့ သတ်ဆိုင်ရာ နိုင်ငံရေး အဖွဲ့အစည်းတွေ၊ ဒေသခံ တိုင်းရင်းသားတွေအပြင် ဘာသာရေး အဖွဲ့အစည်းတွေ ပါဝင် ဦးဆောင်တဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး လုပ်ငန်းစဉ်ကို လုပ်ဆောင်ဖို့ပါ တိုက်တွန်းလိုက်တာပါ။ ဒါ့အပြင် မြန်မာနိုင်ငံ ငြိမ်းချမ်းရေးအတွက် နိုင်ငံတကာနဲ့ အဖွဲ့အစည်း ပေါင်းစုံကပါ ပါဝင်ပြီး ဆောင်ရွက်ဖို့ လိုအပ်တယ်လို့ ဆိုပါတယ်။

“ဒီကိစ္စအတွက် လူတိုင်းက မေးခွန်းထုတ်ကြဖို့ သင့်တယ်လို့ ကျမ ထင်ပါတယ်။ အခု မြန်မာနိုင်ငံအတွက် အရေးယူဒဏ်ခတ်မှုတွေ ဖယ်ရှားပေးလာသလို နိုင်ငံထဲဝင်ပြီး ရင်းနှီးမြှုပ်နှံမှုတွေ လုပ်လာတာ တွေ့ရပေမဲ့ အခုထက်ထိ အရှေ့ခြမ်းမှာ ပြည်တွင်းစစ်တွေ ဆက်ဖြစ်နေ၊ အနောက်ခြမ်းမှာတော့ ဆိုးဆိုးရွားရွား အကြမ်းဖက်မှုတွေ တွေ့နေရပါတယ်။ ဒီကိစ္စကို Nobel Women’s Initiative အဖွဲ့က မကြိုက်ပါဘူး။ ဒါကြောင့် ကျမတို့ရဲ့ ပြောဆိုချက်တွေကို သမ္မတ အိုဘားမားနဲ့ မြန်မာသမ္မတ တို့ တွေ့ဆုံကြချိန်မှာ သေသေချာချာ ဆွေးနွေးပြီး စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရအောင် လုပ်ဖို့ပါ။”

မြန်မာအစိုးရ သတင်းနဲ့ ပြန်ကြားရေးအဖွဲ့က စနေနေ့မှာပဲ ကြေညာချက်အမှတ် ၂/၂၀၁၂ ကို ထုတ်ပြန်ပြီး နိုင်ငံတကာ စံနှုန်းနဲ့ ကိုက်ညီတဲ့ လူ့အခွင့်အရေး ကာကွယ် စောင့်ရှောက်ဖို့ ဆက်လက်ပြီး ကြိုးပမ်းနေကြောင်းနဲ့ ကချင်ပြည်နယ်နဲ့ တခြား ဒေသတွေမှာ အကြမ်းဖက်မှုတွေ လျော့ပါး လာအောင် ရေရှည် တည်တံ့မယ့် နိုင်ငံရေး အဖြေရှာမှုတွေနဲ့ ဆက်လက် လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်အရေးအတွက် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ကို သမ္မတ ဦးသိန်းစိန် ဒီလဆန်းမှာ သတိပေးခဲ့သလိုပဲ အကြမ်းဖက် တိုက်ခိုက်မှု မဖြစ်ပွားအောင် ကာကွယ်ဖို့ တိတိကျကျ ဆုံးဖြတ်ပြီး လုပ်ဆောင်မှာဖြစ်ကြောင်း ဖော်ပြထားပါတယ်။ ဒါ့အပြင် အိုးအိမ် ရွှေ့ပြောင်းရသူတွေ ကို ပြန်လည် နေရာချထားပေးဖို့ကနေ နိုင်ငံသားအဖြစ် လက်ခံရေးကိစ္စ အဆုံး နိုင်ငံရေး အဖြေရှာမှုတွေ လုပ်နေသလို လူသားချင်းစာနာမှု လိုအပ်ချက်တွေ ဖြည့်ဆည်းပေးဖို့ နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ လက်တွဲပြီး ဆောင်ရွက်နေကြောင်း ဖော်ပြထားတာပါ။

မစ္စ ဂျိုဒီဝီလျံ ကတော့ ဒါတွေကို လက်တွေ့ လုပ်ဆောင်ပြဖို့အတွက် ထောက်ခံအားပေး နေမယ်လို့ ဆိုပါတယ်။

“အရေးကြီးဆုံး အချက်က ဒီသတင်းထုတ်ပြန်ချက်ထဲမှာ ထုတ်ပြန်ထားတဲ့အတိုင်း သူတို့ဘယ်လို လိုက်နာ လုပ်ဆောင်ကြတယ် ဆိုတာပါ။ စပြီးတော့ ပြောင်းဖို့လုပ်ကတည်းက ဒါမျိုးတွေ ပြောခဲ့တာတွေ တွေ့ရပါတယ်။ ဒါကြောင့် ပြောတဲ့အတိုင်း လုပ်ဖို့ ကျမတို့က ပိုပြီးတော့ လိုလားပါတယ်။ စကားလုံး လှလှလေးတွေ သုံးပြီး ပြောတာက လွယ်ပါတယ်။ ပြောတဲ့အတိုင်း ဘယ်လောက် လိုက်လုပ်တယ် ဆိုတာက ပိုပြီး အရေးကြီးတာပါ။ ဒါကြောင့် သမ္မတ အိုဘားမား အနေနဲ့ ဒါကို အသိအမှတ်ပြု လက်ခံမယ်လို့ ကျမတို့က မျှော်လင့်ထားသလို မြန်မာသမ္မတ အနေနဲ့ ပြောတဲ့အတိုင်း လက်တွေ့ လုပ်ပြဖို့ ကျမတို့က ထောက်ခံအားပေး နေမှာပါ။”

အမေရိကန် သမ္မတ ဘရက်အိုဘားမား ဟာ သမ္မတ ဦးသိန်းစိန် နဲ့ရော၊ မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ပါ တနင်္လာနေ့မှာ ရန်ကုန်မြို့မှာ တွေ့ဆုံမှာဖြစ်ပါတယ်။