မြောက်ကိုရီးယားပြဿနာ အမေရိကန်နဲ့တရုတ် ပူးပေါင်းဖြေရှင်းမည်

အမေရိကန်နိုင်ငံခြားရေးဝ်ကြီး ဂျွန်ကယ်ရီ နဲ့ တရုတ်သမ္မတ ရှီကျင်းဖျင် တို့ တွေ့ဆုံစဉ်။ (ဧပြီလ ၁၃ ရက်၊ ၂၀၁၃)။

အမေရိကန်နိုင်ငံခြားရေးဝ်ကြီး ဂျွန်ကယ်ရီ နဲ့ တရုတ်သမ္မတ ရှီကျင်းဖျင် တို့ တွေ့ဆုံစဉ်။ (ဧပြီလ ၁၃ ရက်၊ ၂၀၁၃)။

မြောက်ကိုရီးယားက နျူကလီးယားလက်နှက်နဲ့ တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်နေတာကြောင့် တင်းမာမှုတွေမြင့်မားနေတဲ့ ကိုရီးယားကျွန်းဆွယ် ပဋိပက္ခကို ဖြေရှင်းဖို့ လက်တွဲ လုပ်ဆောင်သွားကြမယ်လို့ အမေရိကန်ပြည်ထောင်စုနဲ့ တရုတ်က ကတိပြုသွားကြပါတယ်။ နျူကလီးယား ကင်းရှင်းတဲ့ ကိုရီးယားကျွန်းဆွယ် ဖြစ်အောင်လုပ်ဆောင်ကြမှာကို ထောက်ခံတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီ (John Kerry) နဲ့ တရုတ် နိုင်ငံခြားရေးမူဝါဒ အကြီးအကဲ ယန်ကျီးချီ (Yang Jiechi) တို့က စနေနေ့ ပီကင်းမြို့တော်က ဆွေးနွေးပွဲအပြီးမှာ ပြောသွားပါတယ်။

နျူကလီးယား ကင်းရှင်းအောင် လုပ်ဆောင်ရေးက ဒေသ နဲ့ တကမ္ဘာလုံး တည်ငြိမ်ရေးအတွက် အထူးအရေးကြီးပါတယ်လို့ မစ္စတာကယ်ရီ က ပြောပါတယ်။ မြောက်ကိုရီးယားရဲ့ နျူကလီးယားအစီအစဉ်နဲ့ ပတ်သတ်ပြီး ရပ်ဆိုင်းနေတဲ့ ၆ နိုင်ငံဆွေးနွေးပွဲကို ပြန်စတင်နိုင်ဖို့ အဓိကနေရာကနေ တရုတ်က ပါဝင်ပြီး အမေရိကန်နဲ့ တခြားနိုင်ငံတွေနဲ့ လက်တွဲ လုပ်ဆောင်သွားမယ်လို့ မစ္စတာ ယန် က ပြောပါတယ်။

စနေနေ့ အစောပိုင်းတုန်းကလည်း မစ္စတာကယ်ရီ က မြောက်ကိုရီးယားရဲ့ နျူကလီးယား အစီအစဉ်နဲ့ တခြားကိစ္စရပ်တွေကို တရုတ်သမ္မတ ရှီကျင်းဖျင် (Xi Jinping) နဲ့ ဆွေးနွေးခဲ့ပါတယ်။ အခုအချိန်ဟာ သိပ်ကို အရေးကြီးနေပြီလို့ မစ္စတာကယ်ရီ က သမ္မတ ရှီ ကို ပြောသွားပါတယ်။ မြောက်ကိုရီးယားက နျူကလီးယား ခြိမ်းခြောက်မှုတွေ လုပ်မနေဖို့ မြောက်ကိုရီးယားရဲ့ အရင်းနှီးဆုံး မဟာမိတ်ဖြစ်တဲ့ တရုတ်တို့ အနေနဲ့ မြောက်ကိုရီးယားအပေါ် သူတို့ရဲ့ သြဇာလွှမ်းမိုးမှုကို သုံးပြီးတိုက်တွန်းပါလို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးက တရုတ်အရာရှိတွေကို တိုက်တွန်းခဲ့ပါတယ်။

မြောက်ကိုရီးယားက အမေရိကန်ပြည်ထောင်စုနဲ့ ဒေသတွင်းက အမေရိကန်ပစ်မှတ်တွေကို နျူကလီးယားလက်နက်နဲ့ တိုက်ခိုက်မယ်လို့ ခြိမ်းခြောက်ထားတာပါ။ နောက်ထပ် ဒုံးကျည်စမ်းသပ်မှုတခုပြုလုပ်ဖို့ နီးနေပြီလို့လည်း သူတို့က သတိပေးထားပါတယ်။