ပင်လယ်ပြင်မှာ မြောက်ကိုရီးယား ဒုံးလက်နက် ထပ်ပစ်

မြောက်ကိုရီးယားဟာ အမေရိကန်နဲ့ တောင်ကိုရီးယား ပူးတွဲစစ်ရေးလေ့ကျင့်မှုကို ကန့်ကွက်တဲ့အနေနဲ့ သမုဒ္ဒရာထဲကို တာတိုဒုံးကျည်တွေ ပစ်လွှတ်နေတာမှာ ဒီကနေ့လည်း ထပ်ပြီး ဒုံးကျည်တွေ ပစ်လွှတ်လိုက်ပါတယ်။

မြောက်ကိုရီးယားဟာ ဒုံးကျည်အများအပြား ပစ်လွှတ်တဲ့စနစ်ကို သုံးပြီး အရှေ့တောင်ဘက် ကမ်းရိုးတန်းကနေ ဒီကနေ့ပဲ ဒုံးကျည် ၃ စင်းကို ၃၅ မိုင်လောက် အကွာအဝေးရောက်အောင် ပစ်လွှတ်လိုက်တာလို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

နောက်တော့ နောက်ထပ် ဒုံးကျည် ၄ စင်းကို ၉၆ မိုင် လောက်ရောက်အောင် ထပ်ပြီး ပစ်လွှတ်လိုက်တာပါ။ အရင်တပတ်မှာ စတင်တဲ့ ဒီပစ်ခတ်မှုတွေဟာ တောင်ကိုရီးယား - အမေရိကန် စစ်ရေးလေ့ကျင့်မှုနဲ့ အချိန်ကိုက်ပြီးလုပ်တဲ့ ရန်စတဲ့အပြုအမူ ဖြစ်တယ်လို့ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာန ပြောခွင့်ရသူ Kim Min-seok က ပြောပါတယ်။

ပြီးခဲ့တဲ့ ကြာသပတေးနေ့ကလည်း မြောက်ကိုရီးယားဟာ နဲနဲပိုပြေးတဲ့ Scud အမျိုးအစား ဒုံးကျည်တွေကို ပစ်လွှတ်ခဲ့တာပါ။ တနင်္လာနေ့က နောက်ထပ် ၂ စင်းကို ပစ်လွှတ်ခဲ့ပါတယ်။ အဲဒီလို ဒုံးကျည်တွေ ပစ်လွှတ်တာဟာ မြောက်ကိုရီးယားအစိုးရရဲ့ ပဲ့ထိန်းတပ်ဒုံးကျည် အစီအစဉ်ကို တားမြစ်ထားတဲ့ ကုလသမဂ္ဂ ဆုံးဖြတ်ချက်ကို ချိုးဖောက်တာဖြစ်တယ်ဆိုပြီး အမေရိကန်က ပြစ်တင် ရှုတ်ချလိုက်ပါတယ်။

ကျူးကျော်ဖို့ ပြင်ဆင်မှုလို့ မြောက်ကိုရီးယားက ရှုမြင်တဲ့ အမေရိကန်နဲ့ တာင်ကိုရီးယား ပူးတွဲ စစ်ရေးလေ့ကျင့်မှုအတွင်းမှာ မြောက်ကိုရီးယားက အထူးသဖြင့် ဒုံးကျည်တွေ ပစ်လွှတ်လေ့ရှိပါတယ်။