တရုတ်နိုင်ငံ မြောက်ပိုင်းမှာ မိုးသည်းထန်စွာ ရွာသွန်းခဲ့တဲ့အတွက် မြေပြိုပြီး သေဆုံးသူ အနည်းဆုံး ၂၁ ဦးထိရှိနေပြီး၊ ပျောက်ဆုံးသူပေါင်း ခြောက်ဦးရှိကြောင်း အာဏာပိုင်တွေက ဒီကနေ့ ပြောကြားခဲ့ပါတယ်။
Xi'an အရေးပေါ် စီမံခန့်ခွဲမှုဗျူရိုရဲ့ အွန်လိုင်းသတင်းထုတ်ပြန်ချက်မှာ အခုအချိန်ထိ လူ ၂၁ ဦီးသေဆုံးပြီး ခြောက်ဦးပျောက်ဆုံးနေတယ်လို့ ဖေါ်ပြထားပါတယ်။
Shaanxi ပြည်နယ်ရဲ့ Xi'an ဒေသတောင်ဘက် Weiziping ရွာမှာ သောကြာနေ့က မိုးသည်းထန်မှုကြောင့် တောင်ကျရေအရှိန်နဲ့ မြေပြိုကျခဲ့ပြီး လူနေအိမ်နှစ်လုံးအပါအဝင် လမ်းတွေ၊ တံတားတွေနဲ့ အခြားအခြေခံအဆောက်အအုံတွေ ပျက်စီးခဲ့ပါတယ်။ လျှပ်စီးမီးတွေလည်း ပြတ်တောက်ခဲ့တယ်လို့ CNR တရုတ်နိုင်ငံပိုင်သတင်းမီဒီယာတွေ အစောပိုင်းထုတ်ပြန်ချက်တွေမှာ ဖေါ်ပြထားပါတယ်။
ကယ်ဆယ်ရေးလုပ်ငန်းတွေကို ချက်ချင်းလုပ်ဆောင်ရာမှာ ဒီကနေ့မှာလည်း စစ်သားတွေသာမက မီးသပ်တပ်ဖွဲ့ဝင်တွေအပါအဝင် တရာလောက် ဆက်ပြီးလုပ်ဆောင်ခဲ့ကြတယ်လို့ CNR ကပြောပါတယ်။ ဒါအပြင် ကယ်ဆယ်ရေးသမားတွေဟာ မြစ်ကမ်းစပ်တလျှောက် ကျောက်တုံးတွေ၊ သစ်ပင်တွေကို ရှင်းလင်းနေတာ၊ ဒဏ်ရာရသူတွေကို ထမ်းစင်တွေနဲ့ တင်ဆောင်လာတာတွေကို CNR အွန်လိုင်းရုပ်သံမှာ ပြသခဲ့ပါတယ်။
တရုတ်နိုင်ငံမှာ မကြာသေးခင် ရက်သီတင်းပတ်တွေအတွင်း စံချိန်တင် မိုးရွာသွန်းပြီးရေကြီးခဲ့တာကြောင့် လူအသေအပျောက်များခဲ့ပြီး နိုင်ငံမြောက်ပိုင်းမှာလည်း မုန်တိုင်းကြောင့် လူပေါင်းဒါဇင်နဲ့ချီ သေဆုံးခဲ့ပါတယ်။