မြောက်ကိုရီးယား ဒုံးကျည်လွှတ်မယ့် အစီအစဉ် ပြန်စဉ်းစားဖို့ ကုလပြော

ရှေ့လထဲမှာ မြောက်ကိုရီးယားက လွှတ်တင်ဖို့ ကြေညာထားတဲ့ ဂြိုဟ်တု လွှတ်တင်ရေး အစီအစဉ်ကို ပြန်ပြီး စဉ်းစားဖို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက မြောက်ကိုရီးယားကို တိုက်တွန်းလိုက်ပါတယ်။

မစ္စတာ ဘန်ကီမွန်းဟာ တောင်ကိုရီးယား သမ္မတ အီမြောင်ဘတ်နဲ့ စနေနေ့ တွေ့ဆုံချိန်မှာ မြောက်ကိုရီးယား ဂြိုဟ်တု ပြဿနာကို ဆွေးနွေးခဲ့ပါတယ်။ သူဟာ ဆိုလ်းမြို့ကို စနေနေ့ အစောပိုင်းက ရောက်ရှိခဲ့တာဖြစ်ပြီး တနင်္လာနေ့ ကျင်းပမယ့် နျူကလီယား လုံခြုံရေး ထိပ်သီးဆွေးနွေးပွဲကို တက်ရောက်မှာ ဖြစ်ပါတယ်။

အတွင်းရေးမှူးချုပ်ရုံးက ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီက တားမြစ်ထားတဲ့ ဆုံးဖြတ်ချက်တွေ၊ အထူးသဖြင့် ဒုံးလက်နက်ဆိုင်ရာ နည်းပညာကို အသုံးပြုမယ့် ဘယ်ကိစ္စမျိုးအတွက် မဆို တားမြစ်ထားတာကို လုံးဝလိုက်နာဖို့ မစ္စတာဘန်ကီမွန်းက မြောက်ကိုရီးယားကို တိုက်တွန်းထားပါတယ်။ ဒါ့အပြင် တာဝေးပစ် ဒုံးကျည် ပစ်လွှတ်မယ့် အစီအစဉ်ကို ပြန်စဉ်းစားဖို့လည်း တောင်းဆိုထားပါတယ်။

မြောက်ကိုရီးယား နိုင်ငံဟာ စီးပွားရေး စီမံခန့်ခွဲမှု ညံ့ဖျင်းတဲ့အပြင် မိုးခေါင်ရေရှားတဲ့ ဒဏ်ကိုပါ ခံနေရတာမို့ အငတ်ဘေးနဲ့ ကြုံနေရတဲ့ နိုင်ငံဖြစ်ပြီး အမေရိကန်ပြည်ထောင်စုက စားနပ်ရိက္ခာ မက်ထရစ် တန်ချိန် ၂ သိန်း ၄ သောင်း ကူညီထောက်ပံ့မှု ပေးမယ်ဆိုရင် သူ့ရဲ့ နျူကလီယား အစီအစဉ်တွေကိုရော ဒုံးကျည် စမ်းသပ် ပစ်လွှတ်မှုတွေကိုပါ ရပ်ဆိုင်းထားမယ်လို့ သဘောတူထားပါတယ်။

ဒါပေမဲ့ နောက်ပိုင်းမှာတော့ တာဝေးပစ် ရော့ကက်နဲ့ ရှေ့လထဲမှာ စူးစမ်းလေ့လာရေး ဂြိုဟ်တု လွှတ်တင်မယ်လို့ ပြောကြားခဲ့ပါတယ်။ အမေရိကန်နိုင်ငံနဲ့ တောင်ကိုရီးယား ကတော့ မြောက်ကိုရီးယားရဲ့ တာဝေးပစ် ဒုံးလက်နက် စမ်းသပ်ပစ်လွှတ်ဖို့ အစီအစဉ်ဟာ တကယ်ဆိုရင် နျူကလီယား ထိပ်ဖူးတပ် ဒုံးကျည် အတွက် လုပ်ဆောင်နေတာလို့ ယုံကြည်ကြပါတယ်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ကလည်း ဒီအစီအစဉ်ဟာ ဒေသတွင်း ငြိမ်းချမ်းရေးကို ခြိမ်းခြောက် နေတယ်လို့ သတိပေးထားပါတယ်။