ကင်ဂျုံအီးလ် သား ရာထူးဆက်ခံရေး တရားဝင်ကြေညာ

မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအီးလ် နေရာဆက်ခံမည့် သားငယ် ကင်မ်ဂျုံအွန်းကို ရုပ်မြင်သံကြားသတင်းတခုတွင် တွေ့ရပုံ။

လက်ရှိ ခေါင်းဆောင် ကင်ဂျုံအီးလ်ရဲ့ အငယ်ဆုံးသားဟာ သူ့အဖေရဲ့ အရိုက်အရာကို ဆက်ခံပြီး ကွန်မြူနစ်နိုင်ငံကို ဦးဆောင်သွားမှာ ဖြစ်ကြောင်း မြောက်ကိုရီးယား အဆင့်မြင့် အရာရှိတစ်ယောက်က ပြောလိုက်ပါတယ်။

အေပီ တယ်လီဗေးရှင်းသတင်းဌာန (အေပီတီအဲန်) နဲ့ တွေ့ဆုံမေးမြန်းခန်းမှာ မြောက်ကိုရီးယား လွှတ်တော်အဖွဲ့ဝင် တယောက်လည်းဖြစ်၊ လက်ရှိ အာဏာရ အလုပ်သမား ကွန်မြူနစ်ပါတီရဲ့ နိုင်ငံရေးဌာနခွဲရဲ့ ဗဟိုကော်မတီဝင် မစ္စတာ ယန်ဟောင်ဆွပ်က အခုလို ပြောခဲ့တာပါ။

မစ္စတာ ယန်ရဲ့ ပြောကြားချက်တွေဟာ အသက် ၂၇ နှစ်အရွယ် မစ္စတာကင်မ်က သူ့အဖေ အရိုက်အရာကို ဆက်ခံမယ့်သူဖြစ်ကြောင်း လူသိရှင်ကြား ပထမဆုံး အတည်ပြု ပြောကြားလိုက်တာဖြစ်ကြောင်း အေပီတီအဲန်က ပြောပါတယ်။

မြောက်ကိုရီးယားသမိုင်းမှာ အကြီးမားဆုံးလို့ခေါ်တဲ့ စစ်ရေးပြ အခမ်းအနားမတိုင်ခင် ၂ ရက်အလိုမှာ ဒီ ထုတ်ဖော်ပြောကြားချက်တွေ ထွက်ပေါ်လာခဲ့တာပါ။ အဲဒီ စစ်ရေးပြ အခမ်းအနားဟာ အာဏာရ အလုပ်သမားပါတီ တည်ထောင်တဲ့ (၆၅) နှစ်မြောက် နှစ်ပတ်လည် အခမ်းအနားအဖြစ် တနင်္ဂနွေနေ့မှာ ကျင်းပမှာဖြစ်ပြီး အဲဒီနေ့မှာပဲ ကင်မ်ဂျုံအမ်းကို ခေါင်းဆောင်သစ်အဖြစ် ရွေးကောက်မှုရဲ့ အောင်မြင်မှု အထိမ်းအမှတ်ပွဲ အနေနဲ့လည်း ကျင်းပတာ ဖြစ်လိမ့်မယ်လို့ လေ့လာသုံးသပ်သူတွေက ယူဆနေကြပါတယ်။