ကင်ဂျုံအီး သားငယ်ကို ဗိုလ်ချုပ်ကြီးခန့်အပ်

ကင်ဂျုံအီး သားငယ်ကို ဗိုလ်ချုပ်ကြီးခန့်အပ်

မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအီးလ် (Kim Jong Il) ရဲ့ သားအငယ်ဆုံးကို ဗိုလ်ချုပ်ကြီးအဖြစ် ခန့်အပ်လိုက်တယ်လို့ မြောက်ကိုရီးယား အစိုးရ သတင်းအေဂျင်စီက ကြေညာပါတယ်။ နှစ်ပေါင်း ၃၀ အတွင်း အာဏာရပါတီရဲ့ အကြီးဆုံး ညီလာခံ ကျင်းပဖို့ မတိုင်ခင် နာရီပိုင်းအလို ကိုရီးယား ဗဟိုသတင်း အေဂျင်စီက အင်္ဂါနေ့မှာ အခုလို ကြေညာလိုက်တာပါ။

အခုလို ကြေညာလိုက်တဲ့အတွက် အလုပ်သမားပါတီရဲ့ ညီလာခံဟာ မစ္စတာ ကင်ဂျုံအီးလ်ရဲ့ တတိယမြောက်သား ကင်ဂျုံအမ်း (Kim Jong Un) ကို အာဏာလွှဲပြောင်းပေးဖို့ရာ ပြင်ဆင်ဖို့အတွက် လုပ်တာဖြစ်တယ်လို့ ခန့်မှန်း ပြောနေတာတွေကို ပိုပြီးတော့ ခိုင်မာသွားစေပါတယ်။

ဒ့ါအပြင် ကင်ဂျုံအီးလ်ရဲ့ ညီမ ကင်ကျုံဟွီး (Kim Kyong Hui) ဒါမှမဟုတ်၊ သြဇာကြီးမားတဲ့ သူမရဲ့ အမျိုးသား ရန်စောင်တိတ် (Jang Song Taek) ကိုလည်း ရာထူးကြီးကြီးတခု ပေးသွားလိမ့်မယ်လို့ အတော်များများက ယုံကြည်နေကြပါတယ်။

ကင်ဂျုံအီးလ်ရဲ့သား အာဏာလွှဲပြောင်းယူဖို့ အဆင်သင့် မဖြစ်ခင် ကျန်းမာရေး မကောင်းတဲ့ ကင်ဂျုံအီးလ် တခုခုဖြစ်ခဲ့မယ်ဆိုရင် သူတို့ နှစ် ယောက် ထဲက တယောက်ယောက် အနေနဲ့ အာဏာကို ယုံကြည်စွာ လွှဲပြောင်းပေးအပ်ခြင်း ခံရနိုင်ပါတယ်။ ကင်ဂျုံအမ်းဟာ အခုမှ အသက် ၂၀ ပဲ ရှိပါသေးတယ်။

ဒါ့အပြင် လစ်လပ်နေတဲ့ နေရာတွေကို ဒီညီလာခံအတွင်းမှာ ဖြည့်သွားပြီးတော့ အသက်ကြီးတဲ့သူတွေ နေရာမှာ လူငယ်တွေနဲ့ အစားထိုးပြီး ခန့်အပ်သွားလိမ့်မယ်လို့ လေ့လာ သုံးသပ်သူတွေကတော့ ခန့်မှန်းနေကြပါတယ်။