တရုတ်နဲ့ မြောက်ကိုရီးယား သံတမန်ဆက်ဆံရေး ၇၅ နှစ်ပြည့်

တရုတ်နဲ့ မြောက်ကိုရီးယား နှစ်နိုင်ငံကြား သံတမန် ဆက်ဆံရေး ထူထောင်ခဲ့တာ ၇၅ နှစ်ပြည့်အဖြစ် ဆက်ဆံရေး ခိုင်မာဖို့ မျှော်လင့်ကြောင်း ၂ နိုင်ငံ ခေါင်းဆောင်တွေ အပြန်အလှန် အမှာစကားပါးခဲ့ကြပါတယ်။

မြောက်ကိုရီးယားနဲ့ ရုရှား ဆက်ဆံရေးတွေ သိသိသာသာ တိုးမြှင့်လာနေပြီး၊ တရုတ်နိုင်ငံကတော့ ရုရှားနဲ့ ခပ်တန်းတန်း ဆက်ဆံနေချိန်မှာ မြောက်ကိုရီးယားနဲ့ တရုတ်ကြား ဆက်ဆံရေးခိုင်မာဖို့ သတင်းစကား ဖလှယ်ခဲ့ကြတာပါ။ မကြာခင်လတွေမှာ အပြန်အလှန် ဆက်ဆံရေး အတိုင်းအတာနဲ့ အထိမ်းအမှတ် အစီအစဉ်တွေက လက်တွေ့ဆက်ဆံရေး အခြေအနေကို တစွန်းတစ သိရနိုင်တယ်လို့လည်း အကဲခတ်တွေ ခန့်မှန်းနေပါတယ်။

တရုတ်သမ္မတ Xi Jinping ထံ ပေးပို့တဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un ရဲ့ အမှာစကားမှာတော့ မြောက်ကိုရီးယားအနေနဲ့ ချစ်ကြည်ရင်းနှီးပြီး၊ ပူးပေါင်းဆောင်ရွက်မယ့် ဆက်ဆံရေးတွေကို ညှိနှိုင်းပြီး တိုးတက်အောင်လုပ်ဖို့ တဖြည်းဖြည်းချင်း ကြိုးပမ်းသွားမယ်လို့ ပြောဆိုထားတာပါ။

တရုတ်သမ္မတရဲ့ အမှာစကားမှာတော့ ၂ နိုင်ငံကြား တည်ငြိမ်တဲ့ ဆိုရှယ်လစ်စနစ် ရည်မှန်းချက်တွေ ရှေ့ဆက်တိုးတက်အောင် ဆောင်ရွက်ရာမှာ ပူးပေါင်းဆောင်ရွက်ဖို့ အသင့်ရှိကြောင်း ပြောဆိုထားပါတယ်။ ၂ နိုင်ငံ သံတမန်ဆက်ဆံရေးကို ၁၉၄၉ ခုနှစ် အောက်တိုဘာလ ၆ ရက်နေ့မှာ စတင်ထူထောင်ခဲ့တာ ဖြစ်ပါတယ်။