မြောက်ကိုရီးယား ပါတီ ညီလာခံ သတင်းမီဒီယာများ ဝင်ခွင့်မပြု

ညီလာခံကျင်းပရာ အဆောက်အဦး အဝေးကနေ သတင်းဓာတ်ပုံ ရိုက်ယူနေရတဲ့ နိုင်ငံတကာ သတင်းထောက်များ။

မြောက်ကိုရီးယား ပါတီညီလာခံနဲ့ပတ်သက်ပြီး သတင်းယူဖို့ ရာနဲ့ချီတဲ့ နိုင်ငံတကာ သတင်းထောက်တွေကို ၃၆ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် ဖိတ်ခဲ့ပြီး တဲ့နောက်မှာမှ သတင်းသမားတွေကို ညီလာခံခန်းမထဲ ဝင်ခွင့်မပြုခဲ့ပါဘူး။

အလုပ်သမားပါတီညီလာခံဟာ မြောက်ကိုရီးယားမှာ အကြီးမားဆုံး နိုင်ငံရေး ညီလာခံဖြစ်ပြီး ကျင်းပလာတာ မျိုးဆက်ပေါင်း များစွာရှိပါပြီ။ ဒီညီလာခံမှာ ငယ်ရွယ်တဲ့ခေါင်းဆောင်ကြီး Kim Jong Un ရဲ့ အာဏာကို ပိုအားကောင်းအောင် လုပ်ပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနဲ့ နျူကလီးယားစွမ်းရည်တို့ကို တပြိုင်နက်ထဲမှာ တည်ဆောက်မယ့် သူ့ရဲ့ Byongjin မူဝါဒကို တရားဝင် ချမှတ် မယ်လို့ ခန့်မှန်းထားကြပါတယ်။

ဒီပါတီညီလာခံကို အခုတကြိမ်မတိုင်ခင် နောက်ဆုံးကျင်းပခဲ့တာကတော့ Kim Jong Un တောင်မှ မမွေးသေးတဲ့ ၁၉၈၀ ပြည့်နှစ် ကပါ။ အဲဒီအချိန်တုန်းကတော့ Kim Jong Un ရဲ့အဖိုး မြောက်ကိုရီးယားနိုင်ငံကို တည်ထောင်သူ Kim Il Sung ရဲ့ အရိုက်အရာ ကို ဆက်ခံသူအဖြစ် Kim Jong Un ရဲ့ဖခင်ဖြစ်သူ Kim Jong Il ကို တရားဝင် သတ်မှတ်ပေးခဲ့ပါတယ်။

လေးရက်ကြာ ကျင်းပမယ့် ပါတီညီလာခံဖွင့်ပွဲမှာ Kim က အဖွင့်မိန့်ခွန်းပြောမယ်လို့ ခန့်မှန်းထားပါတယ်။ ဒါပေမဲ့လည်း ညီလာခံ တစိတ်တပိုင်းကို သတင်းမီဒီယာတွေ ဝင်ခွင့်မပေးသလို နိုင်ငံပိုင် ရုပ်သံသတင်းဌာနကနေလည်း ထုတ်လွှင့်တာ ရှိမှာမဟုတ်ပါ ဘူး။

ပါတီညီလာခံအကြောင်း သတင်းယူဖို့အတွက် နိုင်ငံခြားသတင်းထောက် ၁၀၀ လောက်ကို မြောက်ကိုရီးုယားက ဖိတ်ခဲ့ပါ တယ်။ ဒါပေမဲ့လည်း သူတို့ သွားလာလှုပ်ရှားတာကို အနီးကပ် ထိန်းချုပ်ထားပြီး တိုင်းပြည်ရဲ့ နေရာအများစုကို မသွားနိုင်အောင်နဲ့ လူတွေနဲ့ မထိတွေ့နိုင်အောင် လုပ်ထားပါတယ်