နျူကလီးယားစွမ်းရည် အဆင့်မြှင့်မယ်လို့ မြောက်ကိုရီးယား ပြော

မြောက်ကိုရီးယား ဒုံးလက်နက် စမ်းသပ်ပစ်လွှတ်နေပုံ

မြောက်ကိုရီးယားက သူ့ရဲ့ နျူကလီးယားစွမ်းအင် ပိုမိုအဆင့်မြင့်အောင် လုပ်ဆောင်သွားမယ်လို့ ဒီကနေ့ ဩဂုတ်လ ၂၄ ရက်နေ့မှာ ပြောကြားလိုက်ပါတယ်။

နျူကလီးယားဆိုင်ရာ မဟာဗျူဟာကို အမေရိကန်က ပြန်လည်သုံးသပ်ခဲ့တယ်ဆိုတဲ့ သတင်းထွက်လာခဲ့ပြီးနောက် မြောက်ကိုရီးယားဘက်က အခုလို တုံ့ပြန်ပြောဆိုလိုက်တာပါ။

အမေရိကန်အစိုးရရဲ့ အစီစဉ်သစ်တွေကြောင့် ရှိလာမယ့် လုံခြုံရေးဆိုင်ရာ စိန်ခေါ်မှုမှန်သမျှကို ထိန်းချုပ်ဖျက်ဆီးနိုင်ရေးအတွက် မြောက်ကိုရီးယားအနေနဲ့လည်း နိုင်ငံရဲ့ မဟာဗျူဟာအစီအစဉ်တွေကို တိုးမြှင့် ဆောင်ရွက်သွားမယ်လို့ အစိုးရပိုင် KCNA သတင်းက ပြောပါတယ်။

ရုရှား၊ တရုတ်နဲ့ မြောက်ကိုရီးယားတို့ ၃ နိုင်ငံ ညှိနှိုင်းပြီး နျူကလီးယားဆိုင်ရာ ထိပ်တိုက်တွေ့မှုတွေအတွက် ပြင်ဆင်ထားရေးအစီအစဉ်ကို သမ္မတ Joe Biden မတ်လမှာ အတည်ပြုခဲ့တယ်လို့ The New York Times သတင်းစာမှာ အခုသီတင်းထဲ ရေးသားဖော်ပြခဲ့ပါတယ်။

တရုတ်နိုင်ငံက သူ့ရဲ့ နျူကလီးယားလက်နက် ပိုင်ဆိုင်မှုကို တိုးမြှင့် လုပ်ဆောင်လာနေတဲ့အပေါ် အမေရိကန်ဘက်က ဟန့်တားနိုင်ရေးကို အဓိကထားပြီး အထူး လျှို့ဝှက်တဲ့ အစီအစဉ်ကို သုံးသပ်ပြင်ဆင်ခဲ့တာလို့ သတင်းမှာရေးပါတယ်။

အမေရိကန်ရဲ့ အဲဒီလုပ်ရပ်အပေါ် မြောက်ကိုရီးယားအနေနဲ့ အထူး စိုးရိမ်ကြောင်းနဲ့ ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း နိုင်ငံခြားရေးဝန်ကြီးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး KCNA မှာ ဖော်ပြထားပါတယ်။