ပင်လယ်ပြင်ထဲ မြောက်ကိုရီးယား ဒုံးကျည် ပစ်ခတ်

မြောက်ကိုရီးယား ဒုံးပစ်လွှတ်မှု တောင်ကိုရီးယားဘက်က ကြည့်ရှု့နေစဉ်။ (မတ်-၂၀၁၆)

မြောက်ကိုရီးယား နိုင်ငံက တာတိုပစ် ပဲ့ထိန်းဒုံးကျည် နှစ်စင်းကို ပင်လယ်တွင်း ပစ်ခတ်ခဲ့ပြီး ဒါဟာဆိုရင် တောင်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ စစ်ရေးလေ့ကျင့်မှု ဆက်လုပ်နေတာကို တုံ့ပြန်တဲ့ပုံ ရပါတယ်။ ဒုံးကျည်တွေကို ကြာသပတေးနေ့ မနက်အစောပိုင်း North Hwanghae ခရိုင်ကနေ ပစ်ခတ်ခဲ့တာ ဖြစ်တယ် လို့ တောင်ကိုရီးယား ကာကွယ်ရေး ဝန်ကြီးက ပြောပါတယ်။

နိုင်ငံရဲ့ အရှေ့ဘက်ကမ်းလွန် ပင်လယ်ပြင်ထဲကို ကီလိုမီတာ ၅၀၀ လောက် အထိ ရောက်ရှိခဲ့ပြီးနောက် ပင်လယ်ထဲကို ကျရောက်ပေါက်ကွဲခဲ့တယ် လို့ တောင်ကိုရီးယား တာဝန်ရှိသူတွေက ပြောပါတယ်။ ကိုရီးယားကျွန်းဆွယ်မှာ ရန်လိုမှုတွေ မြင့်တက်နေချိန်မှာ ဒီလို ပစ်ခတ်မှုမျိုးက ဖြစ်လေ့ဖြစ်ထ မရှိတာတော့မဟုတ်ပါဘူး။

တောင်ကိုရီးယားနဲ့ အမေရိကန်တို့ရဲ့ ကြီးမားတဲ့ စစ်ရေးလေ့ကျင်မှုတွေ ကို မြောက်ကိုရီးယားဘက်က မုန်းတီးနေတာ ဖြစ်ပြီး ဒါဟာ ကျူးကျော်ဖို့ ပြင်ဆင်မှုလို့ ပြောဆိုနေတာပါ။ မြောက်ကိုရီးယား ပိုင်နက်ထဲမှာ ကျန်ရှိတဲ့ တောင်ကိုရီးယားရဲ့ ပိုင်ဆိုင်မှုတွေ အားလုံးကို ဖျက်သိမ်းပစ်မယ် လို့လည်း မြောက်ကိုရီးယား အစိုးရက ကြာသပတေးနေ့မှာ ပြောဆိုပါတယ်။

တောင်နဲ့ မြောက် နှစ်နိုင်ငံ ပူးတွဲ လုပ်ဆောင်ပြီး အခု ရပ်ထားတဲ့ မြောက်ကိုရီးယား ပိုင်နက်ထဲမှာ ရှိနေတဲ့ ကေဆောင်းစက်မှုဇုံနဲ့ Mount Kumgang ခရီးသွား အပန်းဖြေစခန်း စီမံကိန်းတွေကို ရည်ညွှန်းပြီး မြောက်ကိုရီးယားဘက် က ပြောဆိုတာ ဖြစ်ပါတယ်။

ကေဆောင်း စက်မှုဇုံမှာ တောင်ကိုရီးယား ရဲ့ ပိုင်ဆိုင်မှု တန်ဖိုး ဒေါ်လာ ၆၆၃ သန်း လောက် ကျန်ရှိနေသေးတာ ဖြစ်ပါတယ်။ ဒီပိုင်ဆိုင်မှုတွေ ကို မြောက်ကိုရီးယားဘက်က ဘယ်လို ရှင်းလင်းပေးမလဲ ဆိုတဲ့ အစီအစဉ်ကလည်း ရှင်းရှင်းလင်းလင်း မရှိသေးပါဘူး။

ဒါ့အပြင် မကြာခင်က ပြုလုပ်ခဲ့တဲ့ နျူးကလီးယား စမ်းသပ်မှုနဲ့ တာဝေးပစ် ဒုံးကျည် စမ်းသပ်ခဲ့မှုတွေနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂက ပြင်းထန်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှု ချမှတ်တဲ့ အပေါ်မှာလည်း မြောက်ကိုရီးယား အစိုးရက စိတ်ဆိုးဒေါသ ထွက်နေတာ ဖြစ်ပါတယ်။