မြောက်ကိုရီးယား မကြာမီ နျူကလီးယားလက်နက်သုံး လောင်စာထုတ်နိုင်

Yongbyon nuclear complex, North Korea

မြောက်ကိုရီးယားနိုင်ငံဟာ ပြန်လည် လည်ပတ်နေပြီဖြစ်တဲ့ နျူကလီးယားဓာတ်ပေါင်းဖိုကနေ ပလူတိုနီယံတွေ မကြာခင် သီတင်းပတ်အတွင်း စုဆောင်းနိုင်မှာ ဖြစ်တဲ့အတွက် နျူကလီးယားလက်နက် တည်ဆောက်ဖို့အတွက် လောင်စာဖြည့်ပေးနေသလို ဖြစ်နေတယ်လို့ အမေရိကန် ထောက်လှမ်းရေး အေဂျင်စီ အကြီးအကဲက လွှတ်တော်အမတ်တွေကို သတိပေး ပြောကြားလိုက်ပါတယ်။

မြောက်ကိုရီးယားနိုင်ငံဟာ အစောပိုင်းက ခြိမ်းခြောက် ပြောဆိုထားတဲ့အတိုင်း Yongbyon နျူကလီးယား ဓာတ်ပေါင်းဖိုကနေ ယူရေနီယံသန့်စင်ရေး အစီအစဉ်နဲ့ အရည်အသွေး မြင့်မားတဲ့ ပလူတိုနီယံ ထုတ်လုပ်မှု အစီအစဉ်တွေကို တိုးချဲ့ လုပ်ဆောင်နေတယ်လို့ အမျိုးသား ထောက်လှမ်းရေး အေဂျင်စီ အကြီးအကဲ James Clapper က အင်္ဂါနေ့မှာ ပြောကြားလိုက်တာပါ။

မြောက်ကိုရီးယားအနေနဲ့ နျူကလီးယားဓာတ်ပေါင်းဖိုကို လုံလောက်တဲ့ အချိန်ကြာကြာ လည်ပတ်ထားနိုင်ခဲ့ပြီး ဖြစ်တဲ့အတွက် လာမယ့် သီတင်းပတ် အနဲငယ်ကနေ လအနဲငယ်အတွင်း ဓာတ်ပေါင်းဖိုကနေ ပလူတိုနီယံတွေကို ထုတ်ယူနိုင်တော့မယ်လို့ သူတို့အနေနဲ့ စုံစမ်း သိရှိထားကြောင်း James Clapper က ပြောပါတယ်။

Yongbyun နျူကလီးယား ဓာတ်ပေါင်းဖိုကို မြောက်ကိုရီးယားက ၂၀၀၇ ခုနှစ်မှာ ပိတ်ထားခဲ့တာ ဖြစ်ပေမဲ့လည်း ၂၀၁၃ ခုနှစ်က ပြုလုပ်ခဲ့တဲ့ နျူကလီးယားစမ်းသပ်မှုအပြီး ပြန်လည် ဖွင့်လှစ်မယ်လို့ ကတိပြု ပြောဆိုခဲ့တာပါ။