မြောက်ကိုရီးယား ခေါင်းဆောင်သစ် မူဝါဒမပြောင်း

မြောက်ကိုရီးယားခေါင်းဆောင်သစ် ကင်မ်ဂျုံအွန်းအကြောင်းကို ဘေဂျင်းမြို့ သတင်းစာတစ်စောင်တွင် အသားပေး ဖော်ပြထားပုံများ။ (ဒီဇင်ဘာလ ၃၀၊ ၂၀၁၁)

ခေါင်းဆောင်သစ်အဖြစ် တက်လာတဲ့ ကင်ဂျုံအွန်းလက်ထက်မှာ မူဝါဒရေးရာ အပြောင်းအလဲတွေ ရှိမှာမဟုတ်ဘူးလို့ ပြိုင်ဘက် တောင်ကိုရီးယားနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းကို မြောက်ကိုရီးယားက သတိပေးလိုက်ပါတယ်။ တိုင်းပြည်မှာ နှစ်ရှည်လများ အုပ်ချုပ်ခဲ့တဲ့ ကင်ဂျုံအီလ် ဒီလထဲမှာ ကွယ်လွန်ခဲ့ပြီးတဲ့အတွက် ဝမ်းနည်းခြင်း အထိမ်းအမှတ် အခမ်းအနားတွေ ကျင်းပခဲ့တာ အဆုံးသတ်ပြီး နောက်တနေ့မှာပဲ သြဇာကြီးမားလှတဲ့ မြောက်ကိုရီးယား အမျိုးသားကာကွယ်ရေး ကော်မရှင်က ပြောဆိုလိုက်တာပါ။

တောင်ကိုရီးယားက ရုပ်သေးတွေ အပါအဝင် ကမ္ဘာပေါ်က နိုင်ငံရေးသမား အရူးတွေလို့ သုံးနှုန်းပြီး ဒီလူတွေအနေနဲ့ အပြောင်းအလဲတွေကို မျှော်လင့်နေလို့ မရဘူးဆိုပြီး အမျိုးသားကာကွယ်ရေး ကော်မရှင်ရဲ့ ကြေညာချက်ကို နိုင်ငံပိုင် ကိုရီးယား ဗဟိုသတင်းအေဂျင်စီက ဖော်ပြလိုက်တာ ဖြစ်ပါတယ်။ ဖခင်ရဲ့အရိုက်အရာ ဆက်ခံခဲ့တဲ့ သားဖြစ်သူ ရဲဘော်ကင်ဂျုံအွန်းကို မဟာခေါင်းဆောင်ကြီးတစ်ဦးအဖြစ် မြောက်ကိုရီးယားက သူ့နောက်မှာ မားမားမတ်မတ် ရပ်တည်နေတယ်လို့လည်း ပြောလိုက်တာပါ။

မြောက်ကိုရီးယားအပေါ် တင်းမာတဲ့ သဘောထားရှိသူ တောင်ကိုရီးယား သမ္မတ လီမြောင်ဘက် (Lee Myung-bak) နဲ့လည်း အပေးအယူ လုပ်မှာမဟုတ်ဘဲ ခေါင်းဆောင်သစ်အတွက် လူထုနဲ့ စစ်တပ်က ရပ်တည်သွားမှာ ဖြစ်တယ်လို့လည်း ကြေညာချက်က ဖော်ပြပါတယ်။

တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ဝန်ကြီးဌာန ပြောခွင့်ရသူ ချိုဘိုဆွန် (Choi Boh-seon) ကတော့ မြောက်ကိုရီးယား ခေါင်းဆောင် ကွယ်လွန်ခဲ့တဲ့နောက် ကိုရီးယားကျွန်းဆွယ်မှာ ပြောင်းလဲနိုင်တဲ့ အလားအလာတွေ ကြီးထွားလာနေတဲ့အကြောင်း ပြောဆိုလိုက်တာပါ။ ပေါင်းစည်းရေး ဝန်ကြီးဌာန အနေနဲ့ အပြောင်းအလဲတွေအပေါ် အနီးကပ် စောင့်ကြည့်ပြီး တောင်ကိုရီးယား အစိုးရရဲ့ မူဝါဒတွေနဲ့အညီ လိုအပ်သလို တုံ့ပြန် ဆောင်ရွက်သွားမယ်လို့လည်း ပြောဆိုခဲ့တာ ဖြစ်ပါတယ်။