အမေရိကန်နဲ့ ထိပ်သီးဆွေးနွေးပွဲ ပျက်ရတဲ့အကြောင်းရင်း မြောက်ကိုရီးယားရှင်းလင်း

ဗီယက်နမ် နိုင်ငံ၊ ဟနွိုင်းမြို့မှာ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un နဲ့ အမေရိကန်သမ္မတ Donald Trump တို့ တွေ့ဆုံကြစဉ်။

အမေရိကန်သမ္မတ Donald Trump နဲ့ မြောက်ကိုရီးယားခေါင်းဆောင် Kim Jong Un တို့ရဲ့ Vietnam မှာလုပ်ခဲ့တဲ့ ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲ မအောင်မြင်ခဲ့ပေမဲ့ Kim ဟာထက်မြက်တဲ့ ခေါင်းဆောင်အစစ်ဖြစ်တယ်လို့ သမ္မတ Trump ပြောကြားခဲ့ပါတယ်။ Kim Jong Un ကို သူသဘောကျသလို သူတို့ ၂ ယောက်ဆက်ဆံရေးကလည်း ကောင်းမွန်တယ်လို့ Fox သတင်းဌာနနဲ့မေးမြန်းခန်းမှာ သမ္မတ Trump ပြောကြားခဲ့တာဖြစ်ပါတယ်။

မြောက်ကိုရီးယားဘက်က Nuclear လက်နက်ဖျက်သိမ်းရေး သဘောတူညီချက်အတွက်ရည်ရွယ်ပြီး Hanoi မြို့တော်မှာကျင်းပခဲ့တဲ့ ဆွေးနွေးပွဲကနေ သဘောတူညီမှု မရခဲ့တဲ့အပြင် သတ်မှတ်ထားတာထက် အချိန်စောပြီး ဆွေးနွေးပွဲ အဆုံးသတ်ခဲ့တာပါ။ Hanoi ထိပ်သီးဆွေးနွေးပွဲမှာ ဆွေးနွေးခဲ့ကြတဲ့ ပြဿနာတွေကို ဖြေရှင်းနိုင်ရေး ထိရောက်တဲ့ဆွေးနွေးမှုတွေ ဆက်လုပ်သွားဖို့ Kim Joun Un နဲ့ သမ္မတ Trump တို့ဆုံးဖြတ်ခဲ့ကြတယ်လို့ မြောက်ကိုရီးယား အစိုးရရုပ်သံသတင်းမှာ ဒီကနေ့ ထုတ်လွှင့်သွားပါတယ်။

ကိုရီးယားကျွန်းဆွယ်မှာ Nuclear ကင်းစင်ရေးနဲ့ ၂ နိုင်ငံ အပြန်အလှန် ဆက်ဆံရေး စာမျက်နှာသစ်ဖွင့်နိုင်ဖို့ ခေါင်းဆောင် ၂ ယောက်ကြား ထိရောက် ပွင့်လင်းတဲ့ အမြင်တွေ ဖလှယ်ခဲ့ကြတယ်လို့ မြောက်ကိုရီးယားသတင်းမှာ ပြောသွားပါတယ်။ မြောက်ကိုရီးယားဘက်က Nuclear ဖျက်သိမ်းရေးကိစ္စ မလုပ်ခင် ချမှတ်ထားတဲ့ ပိတ်ဆို့ဒဏ်ခတ်မှုအားလုံး ဖယ်ရှားပေးဖို့ တောင်းဆိုတဲ့အတွက် ဆွေးနွေးပွဲ ရှေ့မဆက်နိုင်ခဲ့ဘူးလို့ သမ္မတ Trump က ပြောပါတယ်။

Nuclear လက်နက်စမ်းသပ်မှုနဲ့ တာဝေးပစ် Missile ဒုံးစမ်းသပ်မှုတွေကို ဆက်ပြီးရပ်ဆိုင်းထားဖို့ အပြန်အလှန်အနေနဲ့ ဒဏ်ခတ်မှု တချို့ဖယ်ရှားပေးဖို့ တောင်းဆိုခဲ့တာဖြစ်တယ်လို့ မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး Ri Yong Ho ဘက်ကတော့ Hanoi မြို့တော်မှာ ကြာသပတေးနေ့ညက သတင်းထောက်တွေကို ရှားရှားပါးပါး ပြောကြားခဲ့ပါတယ်။ အမေရိကန်ဘက်က နောက်ထပ်ဆွေးနွေးမှုတွေလုပ်ဖို့ ပြောလာရင်တောင် မြောက်ကိုရီးယား ဘက်က ရပ်တည်ချက်ကို မပြောင်းနိုင်ဘူးလို့လည်း ပြောကြားခဲ့ပါတယ်။

ခုလိုအမေရိကန်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ၂ ယောက်ရဲ့ ဒုတိယအကြိမ် ထိပ်သီးဆွေးနွေးပွဲကနေ သဘောတူညီမှု မရခဲ့တဲ့အပေါ် တောင်ကိုရီးယား က စိတ်ပျက်ရပေမဲ့ အဆုံးသတ်သဘောတူညီမှု ရတဲ့အထိ ကူညီဆောင်ရွက်သွားမယ်လို့ တောင်ကိုရီးယားသမ္မတ Moon Jae-in ကပြောကြားခဲ့ပါတယ်။

Your browser doesn’t support HTML5

အမေရိကန်နဲ့ ထိပ်သီးဆွေးနွေးပွဲ ပျက်ရတဲ့အကြောင်းရင်း မြောက်ကိုရီးယားရှင်းလင်း