မြောက်ကိုရီးယားအပေါ် ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေကို ဖယ်ရှားပေးဖို့ တောင်ကိုရီးယားအစိုးရက စဉ်းစားနေကြောင်း တောင်ကိုရီးယား နိုင်ငံခြားရေးဝန်ကြီး Kang Kyung-wha က ဒီနေ့ပဲ ပြောလိုက်ပါတယ်။ Cheonan အမည်ရှိ တောင်ကိုရီးယား ရေတပ်စစ်သင်္ဘောကို ၂၀၁၀ ပြည့်နှစ်မှာတုန်းက မြောက်ကိုရီးယားရဲ့ တော်ပီဒိုနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် သင်္ဘောသား ၄၅ ယောက် သေဆုံးခဲ့ရပြီးနောက် မြောက်ကိုရီးယားအပေါ် ချမှတ်ထားတဲ့ ပိတ်ဆို့ဒဏ်ခတ်မှုတွေနဲ့ ပတ်သက်လို့ လွှတ်တော်မှာ နိုင်ငံခြားရေးဝန်ကြီးက ပြောဆိုလိုက်တာပါ။
ဒါပေမဲ့လည်း မြောက်ကိုရီးယားရဲ့ မစ်ဇိုင်းဒုံးနဲ့ နျူကလီးယား စမ်းသပ်မှုတွေကြောင့် နိုင်ငံတကာက ပိတ်ဆို့ဒဏ်ခတ် အရေးယူမှုတွေ တင်းတင်းကျပ်ကျပ် ချမှတ်ထားတဲ့အတွက် တောင်ကိုရီးယားရဲ့ ဒဏ်ခတ်မှုတွေ ဖယ်ရှားမယ့် အစီအစဉ်ဟာ ကြီးကြီးမားမား သက်ရောက်မှု မရှိနိုင်ဘူးလို့လည်း ယူဆထားကြပါတယ်။
တချိန်တည်းမှာပဲ အမေရိကန်နဲ့ မြောက်ကိုရီးယား ခေါင်းဆောင်တွေရဲ့ ထိပ်သီးတွေ့ဆုံပွဲ ဒုတိယအကြိမ် ကျင်းပမယ့် အလားအလာကောင်းတွေလည်း ထွက်ပေါ်လာနေတာပါ။ အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Mike Pompeo ကတော့ အစီအစဉ်အတွက် အသေးစိတ် ညှိနှိုင်းမှုတွေမှာ တော်တော်များများ နီးစပ်မှုရထားတဲ့အကြောင်း ပြောဆိုထားပါတယ်။
သမ္မတ Donald Trump ကတော့ တွေ့ဆုံမယ့် နေရာ ၃-၄ ခုလောက်ကို စဉ်းစားထားကြောင်း ပြောပေမဲ့ အမေရိကန် လွှတ်တော်ရွေးကောက်ပွဲတွေ ရှေ့လ နိုဝင်ဘာလ ၆ ရက်နေ့မှာ ကျင်းပပြီး နောက်ပိုင်းမှသာ ဖြစ်နိုင်ကြောင်းလည်း ပြောဆိုထားတာပါ။ နျူကလီးယား ကင်းစင်ရေး ရှေ့ဆက်ဆောင်ရွက်နိုင်မယ့် ကြီးမားတဲ့ တိုးတက်မှုတွေ ရှိနေကြောင်းလည်း သမ္မတ Trump က ပြောခဲ့ပါတယ်။ နိုင်ငံခြားရေးဝန်ကြီး Pompeo ကလည်း ရှေ့မှာ ဆောင်ရွက်စရာ အများအပြား ရှိနေဆဲ ဖြစ်ပေမဲ့၊ မြောက်ကိုရီးယားမှာ နျူကလီးယား ကင်းစင်ရေး အပြည့်အ၀ အကောင်အထည်ဖော်၊ အတည်ပြုနိုင်မယ့် လမ်းကြောင်းတခု ပေါ်ထွန်းလာနေပြီဖြစ်ကြောင်း ပြောဆိုခဲ့တာပါ။
Your browser doesn’t support HTML5