မြောက်ကိုရီးယားမှာ နိုင်ငံရေးထက် အငတ်ဘေး ကုလဦးစားပေးမည်

  • Steve Herman
မြောက်ကိုရီးယားမှာ နိုင်ငံရေးထက် အငတ်ဘေး ကုလဦးစားပေးမည်

မြောက်ကိုရီးယားမှာ နိုင်ငံရေးထက် အငတ်ဘေး ကုလဦးစားပေးမည်

မြောက်ကိုရီးယားနိုင်ငံသားတွေ ၀၀လင်လင် စားသုံးနိုင်ကြရေး နိုင်ငံရေးကိုဘေးဖယ်ထားပြီး ရန်ပုံငွေ တိုးပေးဖို့ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီပေးရေး အကြီးအကဲက နှိုးဆော်လိုက်ပါတယ်။ မြောက်ကိုရီးယား နိုင်ငံသားတွေ ဆိုးဆိုးရွားရွား အာဟာရချို့တဲ့နေတာဟာ အင်မတန်စိုးရိမ်ဖွယ် ကောင်းနေတယ်လို့ ပြီးခဲ့တဲ့သီတင်းပတ်ထဲမှာပဲ မြောက်ကိုရီးယားနိုင်ငံဆီသွားခဲ့တဲ့ ဗယ်လာရီ အားမော့စ် (Valerie Amos) က ပြောလိုက်တာပါ။ ဒါပေမဲ့လည်း ကိုယ့်ရဲ့လိုအပ်ချက်အပေါ် သံသယအမြင် ရှိနေတဲ့ကမ္ဘာကြီးကို စွဲဆောင်ဖို့ မြောက်ကိုရီးယားကိုယ်တိုင်က အများကြီးလုပ်ရမှာတွေ ရှိတယ်လို့ အားမော့စ်က ပြောတဲ့အကြောင်း ဗွီအိုအေသတင်းထောက် စတိဗ် ဟာမန်း (Steve Herman) က တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ် မြို့တော်ကနေ သတင်းပေးပို့ထားပါတယ်။ ကိုကျော်ကျော်သိန်းက အပြည့်အစုံ တင်ပြထားပါတယ်။

မြောက်ကိုရီးယားနိုင်ငံမှာ ဆိုးဆိုးရွားရွား အာဟာရချို့တဲ့နေတယ် ဆိုတာကို ငါးရက်ကြာသူသွားခဲ့ဲတဲ့ ခရီးစဉ်မှာ ပိုပြီး သေချာသွားခဲ့တယ်လို့ အစိုးရတာဝန်ရှိသူတွေနဲ့ အကူအညီပေးရေးအဖွဲ့တွေကို ကုလသမဂ္ဂ လက်ထောက်အတွင်းရေးမှူးချုပ် ဗယ်လာရီ အားမော့စ်က တနင်္လာနေ့က ဆိုးလ်မြို့တော်မှာ ပြောခဲ့ပါတယ်။

မြောက်ကိုရီးယား လူဦးရေခြောက်သန်းဟာ ပြောင်းဖူး၊ ဂေါ်ဖီထုပ်နဲ့ ဆန်ကိုပဲ အဓိကစားပြီး ရှင်သန်နေ ရတယ်လို့ သူကပြောပြီး အကူအညီတွေတိုးပေးကြဖို့ နှိုးဆော်ခဲ့ပါတယ်။ နှစ်စဉ် စားနပ်ရိက္ခာ မက်ထရစ်တန် တစ်သန်း လိုအပ်ချက် ဆက်ပြီးရှိနေတာကြောင့် ဒီနှစ်မှာ အကူအညီတွေ အရေးတကြီးလိုအပ်နေတယ်လို့ သူကပြောပါတယ်။

“ဒီနှစ်မှာ ရေကြီးတာကြောင့် အခြေအနေက ပိုဆိုးသွားပါတယ်။ ဒါပေမဲ့ ဒီနှစ် ကောက်ပဲသီးနှံ ရိတ်သိမ်းနိုင်တဲ့ အခြေအနေအရ ပြောမယ်ဆိုရင်တော့ မနှစ်ကနဲ့ အတူတူလောက် ဒါမှမဟုတ် နည်းနည်းလေးတောင်မှ ပိုကောင်းလိမ့်မယ်လို့ ကျမတို့ထင်ပါတယ်။ ဒါပေမဲ့လည်း အရမ်းကို အာဟာရ ချို့တဲ့နေတယ်ဆိုတာကိုတော့ သတိရ ရပါလိမ့်မယ်။ လူတွေက အသားဓာတ်လည်း မရကြသလို တခြား အာဟာရ ဓာတ်တွေကလည်း နည်းနည်းပဲရကြတာပါ။”

စားနပ်ရိက္ခာအတွက် ဒေါ်လာ ၂၁၈ သန်း အကူအညီပေးကြဖို့ ကုလသမဂ္ဂက မေတ္တာရပ်ခံ ပန်ကြားထားပေမဲ့ အဲဒီငွေရဲ့ သုံးပုံ တစ်ပုံပဲရပါသေးတယ်။

သူ့ရဲ့ကိုယ်စားလှယ်အဖွဲ့က သွားကြည့်ချင်တဲ့ နေရာတွေအားလုံးကို မြောက်ကိုရီးယားက ခွင့်ပြုခဲ့တယ်လို့ အားမော့စ်က ပြောပါတယ်။ အဲဒီနေရာတွေထဲမှာ အသားနဲ့ငါးတွေရောင်းတဲ့ ဈေးတစ်ခု၊ အစိုးရ စားနပ်ရိက္ခာ ဖြန့်ဖြူးတဲ့ ဌာနတစ်ခု၊ ဆေးရုံနှစ်ရုံ၊ မိဘမဲ့ ဂေဟာတစ်ခုနဲ့ စုပေါင်းလယ်ယာလုပ်ငန်း တစ်ခုတို့ပါပါတယ်။

ပေးလိုက်တဲ့ အကူအညီတွေကို အသေအချာ ကြီးကြပ်စစ်ဆေးတာမျိုး အားနည်းတာနဲ့ စားနပ်ရိက္ခာ အကူအညီကို စစ်ဘက်အတွက် ပြောင်းလဲသုံးစွဲတယ် ဆိုတာတွေအပေါ် အလှူရှင်နိုင်ငံတွေက စိုးရိမ်တာတွေဟာ နားလည်ဖွယ်ရာဖြစ်တယ်လို့ မြောက်ကိုရီးယား တာဝန်ရှိသူတွေကို သူပြောခဲ့တယ်လို့ အားမော့စ်က ပြောပါတယ်။ “ဒါကြောင့်လဲ အချက်အလက် ကောက်ယူတာနဲ့ သတင်းတွေရဖို့ အရမ်းကို အရေးကြီးတယ်ဆိုတာ အာဏာပိုင်တွေကို ကျမ ပြောခဲ့တာပါ။ မယုံကြည်မှုနဲ့ သံသယ အကြီးအကျယ်ရှိတယ် ဆိုတာကိုလည်း ကျမ မသွားခင်ကရော အဲဒီရောက်နေတဲ့ အချိန်မှာပါ အာဏာပိုင်တွေကို ကျမ ရှင်းရှင်းလင်းလင်း ပြောခဲ့ပါတယ်။”

ဒီနှစ်မှာ မြောက်ကိုရီးယားကို စားနပ်ရိက္ခာအကူအညီ ပေးမယ်မပေးဘူးဆိုတာ ဆုံးဖြတ်ဖို့ လုပ်နေတုန်းပဲလို့ ကုလသမဂ္ဂက ပြောပါတယ်။ အခြေအနေကို စူးစမ်းလေ့လာဖို့ အဖွဲ့တစ်ဖွဲ့ကို လွန်ခဲ့တဲ့ငါးလက မြောက်ကိုရီးယားဆီ လွှတ်ခဲ့ပေမဲ့ အဲဒီအဖွဲ့ရဲ့ အစီရင်ခံစာက ထွက်မလာသေးပါဘူး။

မြောက်ကိုရီးယားရဲ့ နျူကလီးယားအစီအစဉ်နဲ့ပတ်သက်ပြီး ဒုတိယအကျော့ ဆွေးနွေးပွဲတွေကို အမေရိကန်နဲ့ မြောက်ကိုရီးယား တာဝန်ရှိသူတွေ ဂျနီဗာမှာ ဒီသီတင်းပတ်အတွင်း ဆွေးနွေးနေကြပါတယ်။ အဲဒီနျူကလီးယား အစီအစဉ်ကြောင့်ပဲ မြောက်ကိုရီးယားကို နိုင်ငံတကာက ဒဏ်ခတ်အရေးယူထားတာပါ။

တောင်ကိုရီးယားက ၂၀၀၈ ခုနှစ်ကတည်းကစပြီး မြောက်ကိုရီးယားကို အကူအညီတွေ သိသိသာသာ မပေးတော့ပါဘူး။ မကြာသေးခင်က မြောက်ကိုရီးယားမှာ ရေကြီးပြီးတဲ့နောက် အကူအညီတချို့ပေးဖို့ ကမ်းလှမ်းခဲ့ပေမဲ့ မြောက်ကိုရီးယားဘက်က ဘာမှ မတုံ့ပြန်ခဲ့ဘူးလို့ တောင်ကိုရီးယားက ပြောပါတယ်။

စိုက်ပျိုးရေးကဏ္ဍ ထုတ်လုပ်မှုပိုင်း ခိုင်မာအားကောင်းရေးကို အတားအဆီးဖြစ်စေပြီး နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူတွေ လက်တွန့်စေတဲ့ ဖွဲ့စည်း တည်ဆောက်မှုပိုင်းဆိုင်ရာ အားနည်းချက်တွေကို ကိုင်တွယ်ဖြေရှင်းရေး ပိုလုပ်ဖို့လိုကြောင်း မြောက်ကိုရီးယား အာဏာပိုင်တွေကို သူပြောခဲ့တယ်လို့လည်း အားမော့စ်က ပြောပါတယ်။