မြောက်ကိုရီးယား တိုက်ခိုက်မှု နိုင်ငံတကာ ရှုတ်ချ

မြောက်ကိုရီးယား တိုက်ခိုက်မှု နိုင်ငံတကာ ရှုတ်ချ

တောင်နဲ့မြောက် ကိုရီးယားကြား သူပိုင်၊ ကိုယ်ပိုင် အငြင်းပွားနေတဲ့ ရေနယ်နိမိတ်နားက တောင်ကိုရီးယား ကျွန်းပေါ်ကို မြောက်ကိုရီးယားတို့က လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တဲ့အပေါ် အိမ်ဖြူတော်က အပြစ်တင်လိုက်ပါတယ်။

ယောင်ဗြောင်းကျွန်းပေါ်ကို မြောက်ကိုရီးယားဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုကြောင့် တောင်ကိုရီးယား မရိမ်းတပ်သား ၂ ယောက် သေဆုံးပြီး ၁၈ ယောက် ဒဏ်ရာရခဲ့ပါတယ်။ အဲဒီထဲက ၃ ယောက်က အရပ်သားတွေ ဖြစ်ကြပါတယ်။

ကိုရီးယားစစ်ပွဲ ပြီးဆုံးခဲ့တဲ့ ၁၉၅၃ ခုနှစ်ကတည်းက အခု ၂ ဘက် ပြင်းပြင်းထန်ထန် ထိပ်တိုက်ရင်ဆိုင် ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။

တိုက်ခိုက်မှုဟာ ဟော့ဟော့ရမ်းရမ်း နိုင်တယ်လို့ အမေရိကန် သမ္မတ ဘရက်ခ် အိုဘားမား (Barack Obama) က မြင်ပြီး အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံ တခုဖြစ်တဲ့ တောင်ကိုရီးယားကို အကာအကွယ် ပေးသွားဖို့ အပြည့်အဝ ကတိပြုတယ်လို့ အိမ်ဖြူတော် ပြန်ကြားရေးတာဝန်ခံ ဘေလ် ဘာတန် (Bill Burton) က ပြောပါတယ်။

အပြန်အလှန် ပစ်ခတ်မှုတွေအပေါ် အင်မတန် စိုးရိမ်တယ်လို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း (Ban Ki-moon) ကလည်း ပြောပါတယ်။

ရုရှား၊ ဗြိတိန်၊ ဂျာမဏီနဲ့ ဂျပန်နိုင်ငံတွေကလည်း သူတို့ရဲ့ စိုးရိမ်ရေချိန် မျိုးစုံကို ထုတ်ဖော် ပြောကြားခဲ့ကြပါတယ်။

မြောက်ကိုရီးယားရဲ့ အဓိက မဟာမိတ်ဖြစ်တဲ့ တရုတ်နိုင်ငံကတော့ ငြိမ်းချမ်းမှုအတွက် ပိုလုပ်ဖို့ လိုတယ်လို့ ပြောပြီး မြောက်ကိုရီးယား နျူကလီးယား အစီအစဉ်အတွက် ၆ နိုင်ငံ ပါဝင်တဲ့ ဆွေးနွေးမှုတွေ ပြန်စဖို့ ပြောကြားခဲ့ပါတယ်။