ပြင်သစ်နိုင်ငံမှာ ပြင်ဆင်ပြီးစီးသွားတဲ့ Notre Dame ဘုရားကျောင်း ပြန်လည်ဖွင့်လှစ်တဲ့ အခမ်းအနားကို နိုင်ငံတကာက ဒါဇင်နဲ့ချီတဲ့ ခေါင်းဆောင်တွေ တက်ရောက်ခဲ့ရာမှာ အမေရိကန်သမ္မတကတော် Jill Biden နဲ့ ရွေးကောက်ခံသမ္မတ Donald Trump တို့လည်း ပါဝင်ကြပါတယ်။
မီးလောင်မှုကြောင့် ထိခိုက်ပျက်စီးမှုတွေကို ၅ နှစ်ကြာ ပြင်ဆင်မှုတွေအပြီး၊ ပါရီမြို့တော်က အထင်ကရ ဘုရားကျောင်းမှာ ဒီကနေ့ တနင်္ဂနွေနေ့မှာပဲ ပထမဆုံးအကြိမ် ဘာသာရေးအခမ်းအနားတွေလည်း ပြန်လည်ကျင်းပခဲ့တာပါ။ စနေနေ့က ပြန်လည်ဖွင့်လှစ်တဲ့ အခမ်းအနားကိုတော့ ရာသီဥတုအခြေအနေအရ ဘုရားကျောင်းထဲမှာ ကျင်းပခဲ့ရပါတယ်။
ဘုရားကျောင်း ပြင်ဆင်ပြီးစီးသွားတဲ့အတွက် ဝမ်းမြောက်ကြောင်း ပုပ်ရဟန်းမင်းကြီး Francis ကလည်း အခမ်းအနားကို သဝဏ်လွှာ ပေးပို့ခဲ့တာပါ။ ညနေပိုင်းကျင်းပတဲ့ အခမ်းအနားမှာ ဧည့်သည် ၁၅၀၀ ကျော် တက်ရောက်ခဲ့တဲ့အထဲ ရွေးကောက်ပွဲ အနိုင်ရပြီးနောက်ပိုင်း ပထမဆုံးအကြိမ် ပြည်ပခရီးစဉ်အဖြစ် ပြင်သစ်နိုင်ငံကို ရောက်နေတဲ့ ရွေးကောက်ခံသမ္မတ ထရမ့်လည်း ပါဝင်ခဲ့ပါတယ်။
ထရမ့်နဲ့ တွေ့ဆုံခဲ့တဲ့ ပြင်သစ်သမ္မတ Emmanuel Macron ကတော့ Notre Dame ဘုရားကျောင်းကြီးကို ကယ်တင်စောင့်ရှောက်သူတွေနဲ့ ပြန်လည်တည်ဆောက်ရာမှာ ကူညီသူတွေ အားလုံးကို ကျေးဇူးတင်စကား ပြောကြားခဲ့တာပါ။ ပြင်သစ်သမ္မတနဲ့ ထရမ့်တို့ မနေ့က ပါရီမြို့တော်မှာ သီးသန့်တွေ့ဆုံခဲကြသလို၊ ယူကရိန်းသမ္မတ Volodymyr Zelenskyy နဲ့လည်း သီးသန့်တွေ့ဆုံခဲ့ပါတယ်။