နျူကလီယားညီလာခံ ယူကရိန်းအရေးလွှမ်းမိုးဖွယ်ရှိ

ခရိုင်းမီးယားမြို့တော် Simferopol အနီး Perevalnoye မြို့ စစ်အခြေစိုက်စခန်းအပြင်ဘက်မှာရုရှားလို့ယူဆရတဲ့ စောင့်ကြပ်နေတဲ့ စစ်သားကို တွေ့ရစဉ်။

နယ်သာလန်နိုင်ငံ၊ The Hague မြို့မှာ ၂ ရက်ကြာ ကျင်းပမယ့် နျူးကလီယားညီလာခံမတိုင်ခင် ကမ္ဘာ့နိုင်ငံအသီးသီးက ခေါင်းဆောင်တွေဟာ နယ်သာလန်နိုင်ငံကို တနင်္ဂနွေနေ့မှာ ရောက်ရှိလာကြပါတယ်။ ဒီဆွေးနွေးပွဲအတွင်း ယူကရိန်းပြဿနာကိစ္စကို အဓိက ထားဆွေးနွေးကြလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

The Hague မြို့မှာ တနင်္လာနေ့မှာ စတင်ကျင်းပမယ့် ညီလာခံကို ကမ္ဘာ့နိုင်ငံပေါင်း ၅၃ နိုင်ငံက ကိုယ်စားလှယ်အဖွဲ့တွေ တက်ရောက်ကြမှာဖြစ်ပါတယ်။ နျူးကလီးယား ထုတ်လုပ်မှု အထောက်အပံ့ပစ္စည်းတွေ လျှော့ချဖို့ နဲ့ လုံခြုံစိတ်ချရအောင်လုပ်ဖို့၊ အကြမ်းဖက်သမားတွေရဲ့ လက်ထဲကို မရောက်အောင် ထားရှိဖို့ကိစ္စတွေကို ဆွေးနွေးဖို့အတွက် တွေ့ကြမှာဖြစ်ပါတယ်။

ရုရှားက ခရိုင်မီးယားကို သူတို့ရဲ့ နယ်မြေအဖြစ် ကြေညာလိုက်တာနဲ့ ပတ်သက်ပြီး စက်မှုအင်အားကြီး ၇ နိုင်ငံခေါင်းဆောင်တွေဟာ အရေးပေါ် တွေ့ဆုံဖို့အတွက် ဒီညီလာခံအတွင်း အဖွဲ့တဖွဲ့ ဖွဲ့သွားမှာဖြစ်ပါတယ်။
အမေရိကန်၊ ဗြိတိန်၊ ဂျာမနီ၊ ဂျပန်၊ ပြင်သစ်၊ အီတလီ နဲ့ ကနေဒါ စတဲ့ စက်မှုအင်အားကြီး ၇ နိုင်ငံက ခေါင်းဆောင်တွေဟာ တနင်္လာနေ့ နေ့လယ်ပိုင်းမှာ တွေ့ဆုံကြမှာဖြစ်ပါတယ်။

ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ကတော့ ဒီညီလာခံကို မတက်ရောက်ဘဲ သူ့အစား နိုင်ငံခြားရေးဝန်ကြီး ဆာဂေး လက်ဗရော့ဗ်ကိုပဲ စေလွှတ်လိုက်ပြီး ရုရှားနိုင်ငံခြားရေးဝန်ကြီးဟာ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီနဲ့ တွေ့ဆုံဆွေးနွေးဖို့ရှိတယ်လို့ ခန့်မှန်းရပါတယ်။

ဒီနျူးကလီယားညီလာခံမှာမပါတဲ့ တခြားနိုင်ငံတွေကတော့ အီရန် နဲ့ မြောက်ကိုရီးယားတို့ ဖြစ်ပါတယ်။