သမ္မတ အိုဘားမား နိုင်ငံတော် အခြေပြမိန့်ခွန်း စီးပွားရေး ဦးစားပေးမည်

သမ္မတ အိုဘားမား နိုင်ငံတော် အခြေပြမိန့်ခွန်း စီးပွားရေး ဦးစားပေးမည်

အခု အင်္ဂါနေ့ညပိုင်း လွှတ်တော် ၂ ရပ်ကို ပေးမယ့် သမ္မတ အိုဘားမားရဲ့ နိုင်ငံတော် အခြေပြ မိန့်ခွန်းမှာ အမေရိကန် ပြည်ထောင်စုတွေအတွက် အရေးကြီးတဲ့ ကိစ္စဖြစ်တဲ့ စီးပွားရေး တိုးတက်မှုနဲ့ အလုပ်အကိုင် ကိစ္စတွေကို သမ္မတ အိုဘားမား အလေးပေးပြောဖို့ ရှိပါတယ်။

အလုပ်အကိုင်သစ်တွေ ဖန်တီးရေး၊ စီးပွားရေး ပြိုင်ဆိုင်မှုနဲ့ ဖန်တီးထုတ်လုပ်မှုအားတွေ မြှင့်တင်ရေး ကိစ္စတွေ အပါအဝင် နိုင်ငံတဝန်း ရင်ဆိုင်နေရတဲ့ စီးပွားရေးနဲ့ အခြား အကဲစမ်းချက်တွေကို နိုင်ငံတော် အခြေပြ မိန့်ခွန်းမှာ သမ္မတက ထည့်သွင်းပြောဆိုဖို့ ရှိတယ်လို့ သမ္မတ အိမ်ဖြူတော် ပြောခွင့်ရသူ ရောဘတ် ဂစ်ဘ်စ် (Robert Gibbs) က ပြောသွားပါတယ်။

ဗွီဒီယိုနဲ့ ထုတ်ပြန်တဲ့ သူ့မိန့်ခွန်းတိုမှာတော့ မြန်နှုန်းမြင့်ရထား၊ သန့်စင်စွမ်းအင် အစီအစဉ်တွေ အပါအဝင် စီးပွားရေး ဖွံ့ဖြိုးမှုကို ရည်မှန်းတဲ့ အစီအစဉ်တွေနဲ့ အလုပ်အကိုင်သစ် ဖန်တီးမှုတွေကို သူ့အစိုးရအဖွဲ့ အနေနဲ့ အားပေး ဆောင်ရွက်သွားဖို့ ရှိတယ်လို့ သမ္မတ အိုဘားမားက ပြောထားပါတယ်။

စီးပွားရေးကို ဘယ်လို မြှင့်တင်မလဲဆိုတဲ့ အပေါ်မှာတော့ ဒီမိုကရက်တွေနဲ့ ရီပတ်ဗလစ်ကန်တွေ အကြားမှာ အနည်းငယ် သဘောကွဲလွဲမှုတွေ ရှိနေပါတယ်။