HIV သုတေသန အိုဘားမားအစိုးရ ဒေါ်လာ သန်း ၁၀၀ သုံးမည်

HIV / AIDS သုတေသန

HIV ရောဂါကုသရေးအတွက် သုတေသနလုပ်ငန်းတွေ တိုးမြင့်သွားရေး အစီအစဉ်သစ်တခုကို သမ္မတအိုဘားမားက ကြေညာခဲ့ပါတယ်။ HIV AIDS တိုက်ဖျက်ရေးအတွက် ကုထုံးသစ်တရပ် သုတေသနပြု ဖော်ထုတ်နိုင်ဖို့ အမျိုးသားကျန်းမာရေးဌာနကို အမေရိကန်အစိုးရအနေနဲ့ ဒေါ်လာ သန်း ၁၀၀ တိုက်ရိုက် ထောက်ပံ့ပေးသွားမယ်လို့ သမ္မတအိုဘားမားက ကြေညာခဲ့ပါတယ်။

တနင်္ဂနွေနေ့တုန်းက ကျရောက်ခဲ့တဲ့ နိုင်ငံတကာ AIDS ရောဂါ တိုက်ဖျက်ရေးနေ့ကို ဝါရှင်တန်ဒီစီမှာတော့ တနင်္လာနေ့က ကျင်းပပြုလုပ်ခဲ့ တာပါ။ အဲဒီမှာ သမ္မတအိုဘားမားက မိန့်ခွန်းပြောဆိုခဲ့တာဖြစ်ပြီး HIV ရောဂါပိုး တိုက်ဖျက်ရေးအတွက် ကုထုံးသစ်တွေ ရှာဖွေရေးမှာ အမေရိကန်ပြည်ထောင်စုဟာ ရှေ့တန်းကနေ ဦးစီးဦးဆောင်လုပ်သွားမယ်လို့ သမ္မတအိုဘားမားက ပြောခဲ့ပါတယ်။ မကြာခင်က မူဝါဒအတော်များများမှာ အောင်မြင်မှုတွေ ရခဲ့တာကိုလည်း သမ္မတအိုဘာမားက ကြေညာခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုမှာ AIDS ရောဂါသည်တွေအတွက် ဆေးဝါးထောက်ပံ့မှုအစီအစဉ်ရဖို့ စောင့်ဆိုင်းနေရတာတွေ မရှိစေဖို့ ရည်မှန်းချက်ဟာ အခု ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းမှာ ပြီးမြောက်ခဲ့ပြီလို့လည်း သမ္မတအိုဘားမားက ပြောပါတယ်။ ဒါ့အပြင် ကမ္ဘာအဝှမ်းမှာ ရောဂါသည် ၆သန်းအတွက် ARV ဆေးရရှိစေဖို့ အကူအညီပေးရေး ရည်မှန်းချက်လည်း ပြီးမြောက်ခဲ့တယ်လို့ သမ္မတအိုဘားမားက ပြောပါတယ်။

ဒီနောက် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက မိန့်ခွန်းပြောခဲ့ရာမှာတော့ AIDS ရောဂါ တိုက်ဖျက်ရေးအတွက် ကမ္ဘာကြီးအနေနဲ့ အရေးကြီးတဲ့ ဆောင်ရွက်မှုတွေ လုပ်လာပေမယ့်လို့ ရောဂါတိုက်ဖျက်ရေးဟာ မပြီးပြတ် မအောင်မြင်သေးဘူးလို့ ပြောသွားပါတယ်။ အေ့စ်ရောဂါ တိုက်ဖျက်ရေးအတွက် နိုင်ငံတကာနေ့ကို ၁၉၈၈ ခုနှစ်ကတည်းကစလို့ ဒီဇင်ဘာလ ၁ ရက်နေ့ရောက်တိုင်း နှစ်စဉ် ကျင်းပလေ့ရှိပါတယ်။

အေ့စ်ရောဂါ တိုက်ဖျက်ရေးအတွက် အများပြည်သူနဲ့ အစိုးရတွေကို သတိပေးဖို့ ဒီလို နိုင်ငံတကာနေ့ သတ်မှတ်မှုဟာ အရေးကြီးတယ်လို့ အေစ့်ရောဂါ တိုက်ဖျက်ရေး လှုံဆော်သူတွေက ပြောပါတယ်။ ကမ္ဘာအဝှမ်းမှာတော့ HIV/AIDS ရောဂါပိုးရှိသူ အရည်အတွက်ဟာ ခန့်မှန်းခြေ လူဦးရေ ၃၅ သန်းရှိမယ်လို့ အမေရိကန် ရောဂါထိန်းချုပ်ရေးဌာနက ကြေညာထားပါတယ်။