ယူကရိန်းအရေး အမေရိကန်နဲ့ဥရောပ ခေါင်းဆောင်တွေ ဆွေးနွေး

ခရိုင်းမီးယားသဘောၤဆိပ်ကမ်း အဝင်ပေါက်ကို ပိတ်ဆို့ထားတဲ့ ရုရှားရေတပ်သဘောၤများကို တွေ့ရစဉ်။ (မတ်လ ၇၊ ၂၀၁၄)

အမေရိကန်သမ္မတ Barack Obama ဟာ ဥရောပခေါင်းဆောင်တွေနဲ့ ယူကရိန်းအရေးဆွေးနွေးဖို့ တယ်လီဖုန်းတွေ ထပ်ဆက်ခဲ့ပြီး ဒီခေါင်းဆောင်တွေ အားလုံးက ရုရှားအနေနဲ့ သူ့တပ်တွေကို သူ့ရဲ့ အခြေစိုက်စခန်းတွေဆီ ပြန်ပို့ရမယ်ဆိုတာ သဘောတူကြတယ်လို့ သမ္မတ အိမ်ဖြူက ကြေညာချက် ထုတ်ပြန်ပါတယ်။

စနေနေ့ထုတ်ပြန်တဲ့ ကြေညာချက်ထဲမှာ သမ္မတအိုဘားမားဟာ ဗြိတိသျှ ဝန်ကြီးချုပ် David Cameron ၊ ပြင်သစ်သမ္မတ Francois Hollande နဲ့ အီတလီ ဝန်ကြီးချုပ် Matteo Renzi တို့နဲ့ ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

သူတို့ အားလုံးက ရုရှားဟာ နိုင်ငံတကာလိုက်နာရမယ့် ဥပဒေကို ချိုးဖောက်ကြောင်းနဲ့ ခရိုင်းမီးယားဒေသအတွက် နိုင်ငံတကာစောင့်ကြည့်လေ့လာသူ ထားရှိဖို့ လိုအပ်ကြောင်း သဘောတူခဲ့ကြသလို ယူကရိန်းအခြေခံဥပဒေကို ချိုးဖောက်နေတဲ့အတွက် အဆိုပြုထားတဲ့ ခရိုင်းမီးယားအနာဂတ်အတွက် ပြည်လုံးကျွတ်ဆန္ဒခံယူဖို့ကိစ္စကို ကန့်ကွက်ခဲ့ကြပါတယ်။

သမ္မတအိုဘားမားဟာ Estonian သမ္မတ Toomas Hendrik Lives လဗ်ဗီးယားသမ္မတ Andris Berzins လစ်သူနေးရီးယားသမ္မတ Dalia Grybauskaite တို့အားလုံးနဲ့ပါ တယ်လီဖုန်းနဲ့တပြိုင်တည်းဆွေးနွေးခဲ့ကြပါတယ်။

ယူကရိန်းအခြေအနေကို တုံ့ပြန်တဲ့အနေနဲ့ Baltic ပင်လယ်ပြင်ဒေသကို ဝေဟင်ကနေ ကင်းလှည့်ဖို့ နေတိုးအဖွဲ့က ဆုံးဖြတ်ချက်ချတာကို Baltic ပင်လယ်ဝန်းကျင်ဒေသက ခေါင်းဆောင်တွေက ကြိုဆိုလိုက်ကြောင်းလည်း သမ္မတ အိမ်ဖြူက ပြောပါတယ်။

တချိန်တည်းမှာပဲ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး John Kerry က ရုရှားနိုင်ငံခြားရေးဝန်ကြီး Sergey Lavrov နဲ့ တယ်လီဖုန်း ထပ်မံဆက်သွယ်ပြီး ရုရှားက ခရိုင်းမီးယားအပါအဝင် ယူကရိန်းမှာ စစ်ရေးအရှိန်မြှင့်နေတာဟာ သံတမန်ရေး ကြိုးပမ်းမှုတွေအတွက် ဘောင်ကျဉ်းသွားနိုင်တယ်လို့ ပြောကြားခဲ့ကြောင်း နိုင်ငံခြားရေးထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖော်ပြပါတယ်။ ယူကရိန်းမှာ ရုရှားတပ်သားနှစ်သောင်းလောက် ရှိနေနိုင်တယ်လို့ ပင်တဂွန်က ခန့်မှန်းပါတယ်။