ကြိုတင်မကြေညာဘဲ သမ္မတအိုဘားမား အာဖဂန်ရောက်ရှိ

Memorial Day မှာ အာဖဂန်နိုင်ငံ၊ Bagram လေတပ်စခန်းကို သမ္မတအိုဘားမားက မကြေညာဘဲသွားရောက်ခဲ့စဉ်။ (မေ ၂၅၊ ၂၀၁၄)

အမေရိကန်သမ္မတ Barack Obama ဟာ တနင်္လာနေ့မှာ ကျရောက်တဲ့ Memorial Day လို့ခေါ်တဲ့ စစ်ပွဲ အတွင်း တိုင်းပြည်အတွက် အသက်ပေးသွားကြတဲ့ စစ်သားတွေကိုအတွက် သတ်မှတ်ထားတဲ့ အောက်မေ့ဘွယ်နေ့ အားလပ်ရက်အတွင်း အာဖရန်နစ္စတန်နိုင်ငံမှာ ရှိနေတဲ့ အမေရိကန်တပ်ဖွဲ့တွေထံ ကြိုတင် အကြောင်းကြားထားခြင်းမရှိဘဲ ၄ နာရီကြာ သွားရောက်တွေ့ဆုံခဲ့ပါတယ်။

စစ်မှုထမ်းနေကြသူတွေကို သူ့အနေနဲ့ ကျေးဇူးတင်ကြောင်းနဲ့ သူတို့ဟာ တကယ့် သူရဲကောင်းတွေဖြစ်ကြောင်း အာဖရန်နိုင်ငံ Bagram လေတပ်စခန်းအတွင်း တနင်္ဂနွေနေ့က တပ်ဖွဲ့ဝင်တွေကို ပြောကြားခဲ့ပါတယ်။

“ခင်ဗျားတို့အနေနဲ့ အမေရိကန်ပြည်ထောင်စုကို တိုက်ခိုက်မယ့်သူတွေရဲ့ရန်ကနေ အကာကွယ်ပေးခဲ့ပြီး အသက်ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့ပါတယ်-တဲ့၊ ဒီဒေသမှာရှိနေတဲ့ al-Qaida အဖွဲ့ဟာလည်း ခင်ဗျားတို့ကြောင့် ထွက်ပြေးနေကြရပါပြီ။ ပြီးခဲ့တဲ့လအတွင်း ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲကို ပြန်ကြည့်မယ် ဆိုရင်လည်း - အယ်လ်ခေဒါးအဖွဲ့က အမျိုးမျိုး ခြိမ်းခြောက်မှုတွေ လုပ်ခဲ့တဲ့ကြားက သန်းနဲ့ချီတဲ့ အာဖဂန် နိုင်ငံသားတွေဟာ ကြောက်ရွံ့ခြင်းမရှိပဲ မဲရုံတွေမှာ တန်းစီပြီး မဲပေးခဲ့ကြပါတယ်လို့ ပြောသွားတာပါ။”

အာဖဂန်သမ္မတရွေးကောက်ပွဲပြီးလို့ သမ္မတသစ် တက်လာတဲ့အခါမှာ အမေရိကန်-အာဖဂန် လုံခြုံရေးဆိုင်ရာ သဘောတူညီချက်ကို လက်မှတ်ရေးထိုးနိုင်လိမ့်မယ်လို့ သူ့အနေနဲ့ မျှော်လင့်ကြောင်းလည်း သမ္မတ အိုဘားမားက ပြောပါတယ်။

အာဖဂန်မှာရှိနေတဲ့ နိုင်ငံတကာ တိုက်ခိုက်ရေးတပ်ဖွဲ့တွေဟာ အခုနှစ်အကုန်မှာ အာဖဂန်ကနေ ထွက်ခွာ သွားကြတော့မှာ ဖြစ်ပါတယ်။ တကယ်လို့ အာဖဂန်ခေါင်းဆောင်ပိုင်းက လုံခြုံရေးဆိုင်ရာ သဘောတူညီချက်ကို လက်ခံမယ်ဆိုရင် သင်တန်းပို့ချတာနဲ့ အကြံဉာဏ် ပေးတာတွေ ဆက်လက် လုပ်ဆောင်ဖို့ ၂၀၁၄ ဒီဇင်ဘာလ နောက်ပိုင်း တပ်ဖွဲ့တချို့ ဆက်လက် ကျန်ကောင်း ကျန်ခဲ့နိုင်ပါသေးတယ်။