သမ္မတအိုဘားမား မလေးရှားရောက်

သမ္မတ Barack Obama ကို မလေးရှားဘုရင် Abdul Halimက ကွာလာလမ်ပူမြို့မှာ နိုင်ငံတော်အခမ်းအနားဖြင့် ကြိုဆိုဧည့်ခံစဉ်။ (ဧပြီ ၂၆၊ ၂၀၁၄)

၃ ရက်ခရီးစဉ်နဲ့ မလေးရှားကို ဒီကနေ့ရောက်တဲ့ အမေရိကန်သမ္မတ Barack Obama ဟာ မလေးရှားဘုရင် Abdul Halim တည်ခင်းတဲ့ နိုင်ငံတော် ညစာစားပွဲကို တက်ရောက်ပါတယ်။

ပျောက်ဆုံးနေတဲ့ မလေးရှားလေကြောင်းလိုင်းလေယဉ်ရှာဖွေရေးမှာ အမေရိကန်တို့ရဲ့ မဆုတ်မနစ် ထောက်ခံမှုနဲ့ ပူးပေါင်းဆောင်ရွက်မှုအတွက် ကျေးဇူးတင်းစကား ပြောကြားခဲ့ပါတယ်။

အမေရိကန်နဲ့ မလေးရှားနိုင်ငံကြားမှာ စီးပွားရေးအရ ခိုင်မာတဲ့ဆက်ဆံရေးရှိတာကိုလည်း ဂုဏ်ယူကြောင်းပြောခဲ့ပြီး ဒီလို စီးပွားရေးအရ ပူးပေါင်းဆောင်ရွက်မှုကြောင့် မလေးရှားနိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံစာရင်းဝင်ဖြစ်အောင် အထောက်အကူဖြစ်လိမ့်မယ်လို့လည်း မလေးရှားဘုရင် Abdul Halim က ညစာစားပွဲမှာ ပြောကြားသွားပါတယ်။

Pacific ဒေသနိုင်ငံတွေကြား ကုန်သွယ်ရေးသဘောတူညီချက်နဲ့ ပတ်သက်လို့ မလေးရှားရဲ့ စိုးရိမ်မှု နည်းသွားအောင် ဝန်ကြီးချုပ် Najib Razak ကို သမ္မတအိုဘားမားက ဆွေးနွေး ပြောပြလိမ့်မယ်လို့ ခန့်မှန်းရပါတယ်၊ တရုတ်နဲ့ ကုန်သွယ်ရေးမိတ်ဖက်နိုင်ငံဖြစ်တဲ့ မလေးရှားနိုင်ငံက သဘောတူညီချက်ထဲက အချက်တချို့ကို ကန့်ကွက်နေပါတယ်။

သမ္မတအိုဘားမားဟာ မလေးရှားမှာ ရောက်နေချိန်မှာ မြန်မာနိုင်ငံကအပါအဝင် အာရှလူငယ်တွေနဲ့ နက်ဖြန် တနင်္ဂနွေနေ့မှာ တိုက်ရိုက်တွေ့ဆုံပြီး မေးခွန်းတွေကို ဖြေကြားဖို့ရှိပါတယ်။ တနင်္လာနေ့မှာတော့ သမ္မတအိုဘားမား ဖိလစ်ပိုင်ကို ခရီးဆက်မှာ ဖြစ်ပါတယ်။