သမ္မတအိုဘားမား Clinton အတွက်မဲဆွယ်

အမေရိကန်သမ္မတ Barack Obama ဟာ သူ ရာထူးက အနားယူသွားပြီးတဲ့အခါ သူချမှတ်ခဲ့တဲ့ ပေါ်လစီတွေ ဆက်လက် အကောင်အထည်ဖော်နိုင်ရေး ကြိုးစား လုပ်ဆောင်တဲ့အနေနဲ့ Hillary Clinton သမ္မတရွေးကောက်ပွဲမှာ အနိုင်ရရေးအတွက် တချိန်က ပြိုင်ဘက်ဖြစ်ခဲ့သူ Hillary Clinton နဲ့ ပူးတွဲပြီး အင်္ဂါနေ့က မဲဆွယ်စည်းရုံးခဲ့ပါတယ်။

သမ္မတ အိုဘားမားဟာ ဒီမိုကရက်ပါတီ သမ္မတကိုယ်စားလှယ်လောင်း ဖြစ်လာဖို့ သေချာသလောက် ရှိနေတဲ့ Hillary Clinton ကို ထောက်ခံအားပေးတဲ့အနေနဲ့ North Carolina ပြည်နယ်၊ Charlotte မြို့မှာ ပြုလုပ်တဲ့ မဲဆွယ် စည်းရုံးပွဲအတွင်း Hillary Clinton သမ္မတအဖြစ် ရွေးကောက် တင်မြှောက်ခံရရေးအတွက် သူ့အနေနဲ့ ကူညီ လုပ်ဆောင်ပေးလိုကြောင်း တက်ရောက်လာတဲ့ ပရိတ်သတ်ကြီးကို ပြောကြားခဲ့ပါတယ်။

Hillary Clinton ဟာဉာဏ်ရည် ထက်မြက်သူ၊ သမ္မတဖြစ်ဖို့ အရည်အချင်း ပြည့်မှီသူ၊ အလုပ်ကြိုးစားသူ၊ စိတ်ဓာတ် ခိုင်မာ ပြတ်သားပြီး မေတ္တာ ဂရုဏာတရားကြီးမားတဲ့ ခေါင်းဆောင်တဦးဖြစ်တဲ့အပြင်၊ တိုင်းပြည် လုံခြုံမှုရှိအောင်နဲ့ အလုပ်သမား လူတန်းစားတွေကို ကူညီပေးမယ့်သူဖြစ်ပြီး အမေရိကန်ပြည်ထောင်စုရဲ့ အကျိုးစီးပွားနဲ့ စံတန်ဖိုးတွေ မြင့်တက်လာအောင် လုပ်ဆောင်ပေးမယ့်သူ ဖြစ်တယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။

အစိုးရထဲမှာ ကာလရှည်ကြာစွာ တာဝန်ထမ်းဆောင်ခဲ့တဲ့သူတဦးဖြစ်တဲ့အတွက် အမျိုးသားတွေရော၊ အမျိုးသမီးတွေ ကြားမှာပါ Hillary Clinton လောက် သမ္မတဖြစ်နိုင်ခြေ ရှိတဲ့သူ မရှိဘူးလို့လည်း သမ္မတ အိုဘားမားက ပြောပါတယ်။

သမ္မတ အိုဘားမားဟာ ဒီမိုကရက်ပါတီအတွင်း လူကြိုက်များတဲ့သူတဦး ဖြစ်တာကြောင့် ဒီမိုကရက်ပါတီရဲ့ သမ္မတလောင်း ဖြစ်လာမယ့်သူအတွက် သမ္မတရဲ့ ထောက်ခံမှုဟာ အရေးပါပါတယ်။

Your browser doesn’t support HTML5

သမ္မတအိုဘားမာ ကလင်တန်အတွက် မဲဆွယ်