အာဆီယံထိပ်သီးအစည်းအဝေးမှာ ဂုဏ်ပြုညစာစားပွဲကို မတက်ရောက်ခင် နားနေခန်းမဆောင်တခုမှာ ဗုဒ္ဓဟူးနေ့က အမေရိကန်သမ္မတ ဘရက်ခ် အိုဘားမားနဲ့ ဖိလစ်ပိုင်သမ္မတ Rodrigo Duterte တို့ အလွတ်သဘော တွေ့ဆုံခဲ့ကြတယ်လို့ ဖိလစ်ပိုင် တာဝန်ရှိသူတွေက ပြောပါတယ်။
ဒီသီတင်းပတ်အစောပိုင်းက သမ္မတ အိုဘားမားကို ရည်ညွှန်းပြီး ပြောဆိုရာမှာ ဖိလစ်ပိုင်သမ္မတ ဒူတာတေး က ရိုင်းပြတဲ့ စကားလုံးတွေ သုံးနှုန်းခဲ့တာကြောင့်၊ ဆက်ဆံရေးမှာ အဖုအထစ် ဖြစ်နေတဲ့ ကိစ္စဟာလည်း ခေတ္တတွေ့ဆုံမှုကြောင့် အနည်းငယ် ပြေပြစ်စရာ ဖြစ်ခဲ့ရပါတယ်။
အင်္ဂါနေ့မှာ တုန်းကတော့ ဖိလစ်ပိုင်သမ္မတရဲ့ ပြောဆိုမှုကြောင့် တရားဝင် တွေ့ဆုံမယ့် အစီအစဉ်ကို သမ္မတ အိုဘားမားဘက်က ဖျက်ခဲ့တာပါ။ အခုနောက်ဆုံး တွေ့ဆုံမှုနဲ့ပတ်သက်ပြီး အမေရိကန်သမ္မတ အိမ်ဖြူတော်ကတော့ အတည်မပြုသေးပါဘူး။
ဗုဒ္ဓဟူးနေ့က ဗီယန်ကျန်းမြို့တော်မှာ ကျင်းပတဲ့ ဂုဏ်ပြုညစာစားပွဲမှာ ပထမပိုင်းက - သမ္မတ အိုဘားမားနဲ့ ဖိလစ်ပိုင်သမ္မတ ဒူတာတေး ကို ဘေးချင်းယှဉ် နေရာချထားမယ်လို့ ဖိလစ်ပိုင်နိုင်ငံခြားရေးဌာနက ကနဦး သတင်းထုတ်ပြန်ခဲ့ပေမဲ့လို့လည်း - အဲဒီနေ့ည စားပွဲဝိုင်းမှာတော့ - သမ္မတ အိုဘားမားဘေးမှာ ဘရုနိုင်းဘုရင်ဘေးမှာ ထိုင်ခဲ့တာ ဖြစ်ပါတယ်။
ဖိလစ်ပိုင်သမ္မတ ရိုဒရီဂို ဒူတာတေး ကတော့ - ရုရှားဝန်ကြီးချုပ် Dimitry Medvedev နဲ့ အင်ဒိုနီးရှားသမ္မတ Joko Widodo ကြားမှာ ထိုင်ခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ စင်္ကာပူဝန်ကြီးချုပ် လီရှန်လွန်းရဲ့ ဘေးမှာ ထိုင်ခဲ့တာဖြစ်ပါတယ်။
၃ ရက်ကြာကျင်းပတဲ့ အရှေ့အာရှထိပ်သီးအစည်းအဝေးရဲ့ နောက်ဆုံးနေ့ဖြစ်တဲ့ စက်တင်ဘာလ ၈ ရက် ကြာသပတေးနေ့မှာ အာဆီယံထိပ်သီး အစည်းအဝေးနဲ့ အရှေ့အာရှ ထိပ်သီးအစည်းအဝေးတွေကို ခေါင်းဆောင်တွေအားလုံး တက်ရောက်ကြမှာဖြစ်ပါတယ်။
အစည်းအဝေးပြီးဆုံးချိန်ကျရင် - လက်ရှိ အာဆီယံအလှည့်ကျဥက္ကဌ တာဝန်ယူထားတဲ့ လာအိုနိုင်ငံကနေ - ဖိလစ်ပိုင် နိုင်ငံကို လာမယ့် အာဆီယံအလှည့်ကျ ဥက္ကဌ တာဝန်ကို တရားဝင် လွှဲပြောင်းပေးအပ်မှာလည်း ဖြစ်ပါတယ်။
Your browser doesn’t support HTML5