အိုးဘားမား ကျမ်းကျိန်မှု အထိန်းအမှတ်ပွဲတွေ စတင်

လုပ်အားပေးလုပ်ငန်းတွေမှာ ပါဝင်ဆောင်ရွက်နေတဲ့ သမ္မတကတော် မစ်ချဲလ်အိုဘားမား။ (ဇန်နဝါရီလ ၁၉ ရက်၊ ၂၀၁၃)။

တနင်္လာနေ့မှာ လူထုရှေ့မှောက် ပြုလုပ်မယ့် သမ္မတ ကျမ်းသစ္စာကျိမ်ဆိုပွဲ အခမ်းအနား အတွက် နောက်ဆုံးအဆင့် ပြင်ဆင်မှုတွေကို မြို့တော်ဝါရှင်တန်ဒီစီမှာ ဆောင်ရွက်နေတဲ့ တချိန်တည်းမှာပဲ အမေရိကန်သမ္မတ ဘရက်အိုဘားမားကတော့ စနေနေ့က ဝါရှင်တန်ဒီစီ မြို့တော်က စာသင်ကျောင်းတခုမှာ ကျမ်းကျိန်မှု အထိမ်းအမှတ်ကာလကို စတင်လိုက်ပါတယ်။ သမ္မတ အိုဘားမားနဲ့ ဒုသမ္မတ ဂျိုးဘိုင်ဒန် တို့ဟာ မိသားစုဝင်တွေနဲ့ အတူ ပြည်နယ်ပေါင်း ၅၀ က အမေရိကန်တွေလိုပဲ ဒေသတွင်း လုပ်အားပေးလုပ်ငန်းတွေမှာ ပါဝင် လုပ်အားပေးကြပါတယ်။

ညနေပိုင်းမှာတော့ သမ္မတကတော် မီရှယ်လ်အိုဘာမား နဲ့ ဒု သမ္မတကတော် ဂျီးလ်ဘိုင်ဒန်တို့ဟာ စစ်မှုထမ်းမိသားစုတွေကို အထူးဂုဏ်ပြုတဲ့ ကလေးတွေကပြမယ့် ကပွဲကို တက်ရောက်ကြပါတယ်၊ သမ္မတအိုဘားမားအနေနဲ့ ဖွဲ့စည်းပုံအတိုင်း ဇန်နဝါရီလ ၂၀ ရက် ဒီနေ့ တနင်္ဂနွေ့နေ့မှာ တရားဝင် ကျန်းသစ္စာကျိန်ဆိုပွဲကို အိမ်ဖြုတော်မှာ လုပ်ပါလိမ့်မယ်။ အများပြည်သူပါဝင်နိုင်မယ့် ကျမ်းကျိန်ပွဲကိုတော့ အစီအစဉ်အတိုင်း Capitol လွှတ်တော် အဆောက်အဦးရှေ့မှာ တနင်္လာနေ့မှာ လုပ်မှာ ဖြစ်ပါတယ်။

တနင်္လာနေ့ဟာ အရပ်သား အခွင့်အရေးအတွက် တိုက်ပွဲဝင်ခဲ့တဲ့ ဒေါက်တာမာတင်လူသာကင်း ရဲ့ မွေးနေ့အထိမ်းအမှတ် အစိုးရရုံးပိတ်ရက်လည်း ဖြစ်ပါတယ်။ လူထုရှေ့မှောက် ကျမ်းသစ္စာ ကျိန်ဆိုပွဲ ကျရင် ကျမ်းစာအုပ် ၂ အုပ်ပေါ် သမ္မတက လက်တင်ပြီး ကျမ်းသစ္စာ ကျိန်ဆိုမှာဖြစ်ပါတယ်။ ကျမ်းတအုပ်က သမ္မတဟောင်း အီဘရာဟမ် လင်ကွန်း (Abraham Lincoln) ရဲ့ ကျမ်းစာအုပ်ဖြစ်ပြီး၊ နောက်တအုပ်ကတော့ ဒေါက်တာကင်း ရဲ့ ကျမ်းစာအုပ် ဖြစ်ပါတယ်။ ကျမ်းသစ္စာကျိန်ဆိုပြီးသွားရင်တော့ ဂုဏ်ပြုစီတန်းလှည့်လည်ပွဲ နဲ့ ပျော်ပွဲရွှင်ပွဲတွေ ဆက်ပြီး ကျင်းပမှာဖြစ်ပါတယ်။