သေနတ်အသုံးပြုတဲ့ အကြမ်းဖက်မှု ထိန်းချုပ်ရေးအတွက် သမ္မတရဲ့ အမိန့်ကြေညာချက်တွေကို အမေရိကန်သမ္မတ Barack Obama က ထုတ်ပြန်ခဲ့ပေမယ့် သူ့အနေနဲ့ အမေရိကန်ဖွဲ့စည်းပုံ ဒုတိယ ပြင်ဆင်ချက်အရ ဥပဒေအရ လက်နက်ကိုင်ဆောင်ခွင့်ဖြစ်တဲ့ အမေရိကန်နိုင်ငံသားတွေရဲ့ အခွင့်အရေးတွေကို ထိခိုက်စေမှာ မဟုတ်ဘူးလို့ ပြောပါတယ်။
အိမ်ဖြူတော်က တနင်္လာနေ့မှာ ကြေညာခဲ့တဲ့ အရေးယူဆောင်ရွက်ချက်အချို့တွေအနက် နောက်ကြောင်းရာဇဝင် စစ်ဆေးတွေမှု တိုးချဲ့ခြင်း၊ ပိုမိုထိရောက်တဲ့ သေနတ်ထိန်းချုပ်မှု ဥပဒေတွေ ပြဌာန်းခြင်း၊ စိတ်ရောဂါကုသမှု တိုးမြင့်ရေး၊ တနိုင်ငံဆိုင်ရာ နောက်ကြောင်းရာဇဝင် စစ်ဆေးရေးစံနစ်ကို အစီရင်ခံခြင်း၊ သေနတ်အသုံးပြုမှု ဘေးအန္တရာယ် ပိုမိုကင်းရှင်းတဲ့ နည်းပညာ သုတေသန ပိုမို လုပ်ဆောင်ခြင်းတို့ ပါဝင်ပါတယ်။
အိမ်ဖြူတော်မှာ ထိပ်တန်း တရားရေးဆိုင်ရာနဲ့ ဥပဒေ ထိန်းသိမ်းရေးအရာရှိတွေနဲ့ တနင်္လာနေ့အစောပိုင်းက တွေ့ဆုံအပြီး မစ္စတာ အိုဘားမားက သူ့အနေနဲ့ ဗဟိုအစိုးရရဲ့ သေနတ်ထိန်းချုပ်ရေး စည်းမျဉ်းများ ပိုမိုတင်းကြပ်ဖို့ အကောင်အထည်ဖော်မယ့် အရေးယူဆောင်ရွက်မှုတွေကို အမေရိကန်ပြည်သူတွေထံ တင်ပြဖို့ အစီအစဉ်ရှိကြောင်း ပြောပါတယ်။
အိမ်ဖြူတော်မှာ အင်္ဂါနေ့ တွေ့ဆုံတဲ့အခါ သူ့ရဲ့ အရေးယူဆောင်ရွက်မှု ယာထားချက်တွေကို သမ္မတက ရှင်းပြဖို့လည်း အစီအစဉ် ရှိပါတယ်။ အမေရိကန်အစိုးရ ရှေ့နေချုပ် Loretta Lynch နဲ့ FBI ဗဟိုအစိုးရထောက်လှမ်းရေးဌာန ညွန်ကြားရေးမှူး James Comey အပါအဝင် ထိပ်တန်း အစိုးရ အရာရှိတွေနဲ့ အိမ်ဖြူမှာ တွေ့ဆုံစဉ် အခုလို အကြံပေးချက်တွေကို သမ္မတက ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။