အလုပ်အကိုင်အသစ်တွေ ဖန်တီးပေးဖို့ သမ္မတအိုဘားမား ကတိပြု

  • Comombant's Burmese

အလုပ်အကိုင်အသစ်တွေ ဖန်တီးပေးဖို့ သမ္မတအိုဘားမား ကတိပြု

အမေရိကန်ပြည်ထောင်စုမှာ ပြီးခဲ့တဲ့နှစ်က ပြင်ဆင်ပြဌာန်းခဲ့တဲ့ ကျန်းမာရေးဆိုင်ရာ ဥပဒေတွေအပေါ် ရီပါပလစ်ကန် ပါတီဝင်တွေက ဝေဖန်ရှုတ်ချမှုတွေ အဓိကလုပ်နေချိန်မှာ သမ္မတအိုဘားမားကတော့ အစိုးရအနေနဲ့ အလုပ်အကိုင်အခွင့်အလမ်းတွေ ပိုပြီး ဖန်တီးပေးနိုင်ဖို့ကို တိုးမြင့်ဆောင်ရွက်နေပါတယ်။ ဒီအကြောင်းတွေနဲ့ပတ်သက်လို့ ဝါရှင်တန်ဒီစီမြို့တော်ကနေ ဗွီအိုအေ သတင်းထောင် Nico Comombant က သတင်းပေးပို့ထားပါတယ်။

ပြီးခဲ့တဲ့သီတင်းပတ်တွင်း အမေရိကန်ပြည်ထောင်စုမှာ ရောက်ရှိနေခဲ့တဲ့ တရုတ်သမ္မတ ဟူကျင်းတောင်နဲ့ တွေ့ဆုံဆွေးနွေးမှုတွေအပြီး သဘောတူညီချက်တွေ ရယူခဲ့တာကနေ အမေရိကန်နိုင်ငံသားတွေအတွက် အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်မယ့်အကြောင်း ပုံမှန်ပြုလုပ်နေကျ အပတ်စဉ်မိန့်ခွန်းမှာ သမ္မတ အိုဘားမားက ပြောသွားပါတယ်။

“တရုတ်နိုင်ငံကိုတင်ပို့နေတဲ့ အမေရိကန်ကုန်ပစ္စည်းတွေကို အမေရိကန်ဒေါ်လာ သန်းပေါင်း ၄ သောင်း ၅ ထောင်ကျော်အထိ တိုးမြင့်သွားမှာဖြစ်သလို အမေရိကန်နိုင်ငံတွင်း တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေကိုလည်း ဒေါ်လာ သန်းထောင်ပေါင်းစွာအထိ တိုးမြင့်မြှုပ်နှံသွားမှာ ဖြစ်ပါတယ်။ အရေးကြီးဆုံးကတော့ ဒီသဘောတူညီမှုတွေကနေ အမေရိကန်နိုင်ငံသားတွေအတွက် အလုပ်အကိုင်ပေါင်း ၂ သိန်း ၃ သောင်း ၅ ထောင်လောက်ကို ဖန်တီးပေးနိုင်မှာဖြစ်ပါတယ်။”

General Electric ကုမ္ပဏီ အကြီးအကဲ Jeff Immelt ကို အလုပ်အကိုင်နဲ့အခွင့်အလမ်းသစ်တွေ ဖန်တီပေးမယ့် ကောင်စီသစ်အတွက် ဦးဆောင် အကြီးအကဲနေရာခန့်ထားဖို့ သူ့ရဲ့ ဆုံးဖြတ်ချက်ကို အများလက်ခံလာအောင်လည်း သမ္မတ အိုဘားမားက စည်းရုံးပြောဆိုသွားခဲ့ပါတယ်။

“ကျနော်တို့အနေနဲ့ အလုပ်အကိုင်သစ်တွေကို ဘယ်လိုဖန်တီးမလဲ၊ ၂၁ ရာစုမှာ အပြိုင်အဆိုင် အလုပ်တွေ လုပ်လာအောင် ကျနော်တိုရဲ့ အလုပ်သမားတွေကို ဘယ်လိုပညာပေးကြမလဲ၊ တခါ အကောင်းဆုံး အလုပ်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေ တခြားနိုင်ငံတွေကို ရောက်သွားမယ့်အစား အမေရိကန်ပြည်ထောင်စုမှာ ဖြစ်လာအောင် ဘယ်လိုဆွဲဆောင်ကြမလဲ စသဖြင့် ဒီလိုကိစ္စတွေနဲ့ပတ်သက်တဲ့ အတွေးအခေါ်ကောင်းတွေနဲ့ သူတို့တွေ ရှာဖွေလုပ်ဆောင်နိုင်ကြလိမ့်မယ်လို့ ကျနော် ယုံကြည်ပါတယ်။”

တချိန်တည်းမှာပဲ ရီပါပလစ်ကန်ပါတီရဲ့ အပတ်စဉ်မိန့်ခွန်းအတွင်းမှာတော့ Wyoming ပြည်နယ် ရီပါပလစ်ကန် စီးနိတ်လွှတ်တော်အမတ် John Barrasso က ပြီးခဲ့တဲ့နှစ်က ပြဌာန်းခဲ့တဲ့ ကျန်းမာရေး ဥပဒေကို အိုဘားမားပြုစုစောင့်ရှောက်မှု Obama Care လို့ သူက ဝေဖန်နံမည်တပ်ပြီးတော့ ဒီ ဥပဒေကြောင့် နိုင်ငံတွင်း အလုပ်အကိုင်ပေါင်းများစွာ ဆုံးရှုံးစေခဲ့ရတယ်လို့ဆိုပြီး သမ္မတ အိုဘားမားကို ဝေဖန်ပြောဆိုသွားပါတယ်။

“Obamacare ဥပဒေကြောင့် ဒုက္ခရောက်ရတဲ့ပြည်သူတွေ တနေ့ထက်တနေ့ ပိုပြီးတော့ များလာနေပါတယ်။ နိုင်ငံတဝှမ်း ကျနော် လှည့်လည်ခရီးသွားတဲ့အခါတိုင်း ကြားရတာက အစိုးရအနေနဲ့ သူတို့ရဲ့ ကျန်းမာရေး ပြုစုစောင့်ရှောက်မှုဆိုင်ရာ ကိစ္စတွေမှာ ဝင်ရောက်စွက်ဖက်တာကို မလိုလားကြတဲ့ ပြည်သူတွေရဲ့ အသံတွေပါ။”

ကျန်းမာရေးပြုစုစောင့်ရှောက်မှုဆိုင်ရာ ဥပဒေကို ပယ်ဖျက်ဖို့ ဥပဒေမူကြမ်းတရပ်ကို အောက်လွှတ်တော် အတွင်း ရီပါပလစ်ကန် အမတ်အများစုက မကြာသေးခင်ကပဲ မဲပေးခဲ့ကြပါတယ်။ ဒါပေမဲ့ အထက်လွှတ်တော်မှာ လူအများစုဖြစ်တဲ့ သမ္မတ အိုဘားမားရဲ့ ဒီမိုကရက်လွှတ်တော် အမတ်တွေရဲ့ မဲကို မကျော်နိုင်တဲ့အတွက် ဒီဥပဒေမူကြမ်းကတော့ အတည်မဖြစ်ခဲ့ပါဘူး။

နောက်ထပ် နိုင်ငံရေးအရ အခြေအတင်ပွဲတခုကတော့ လာမယ့်အင်္ဂါနေ့မှာ သမ္မတအိုဘားမားက ၂၀၁၁ ခုနှစ်အတွက် သူ့ရဲ့ နိုင်ငံတော်အခြေပြမိန့်ခွန်း ပြောဖို့ရှိနေတာဖြစ်ပါတယ်။ သမ္မတမိန့်ခွန်းအပေါ် ရီပါပလစ်ကန်ပါတီဘက်နေ ချေပပြောဆိုမှုတွေကို Wisconsin ပြည်နယ် အထက်လွှတ်တော်အမတ် Paul Ryan က ပြောမှာဖြစ်ပေမဲ့ ရီပါပလစ်ကန်ပါတီအတွင်းမှာပဲ Tea Party လှုပ်ရှားမှုတွေကို မထောက်ခံကြတဲ့ အင်အားစုတွေကတော့ ဒီချေပမိန့်ခွန်းကို မင်နီဆိုးတားပြည်နယ် အထက်လွှတ်တော်အမတ် Michelle Bechmann ကသာ ပြောမှာဖြစ်တယ်လို့ ကြေညာထားပါတယ်။