မလေးရှားရောက် ကန်သမ္မတ ဒုက္ခသည်တွေနဲ့ တွေ့ဆုံ

သမ္မတအိုဘားမားက မြန်မာဒုက္ခသည် တဦးနဲ့ မလေးရှား ဒုက္ခသည် စခန်းမှာတွေ့ဆုံစဉ်

ဆီးရီးယား ဒုက္ခသည်တွေကို ပိုပြီးလက်ခံသွားဖို့ သမ္မတ အိုဘားမား ဆက်လက် လုပ်ဆောင်နေတဲ့ တချိန်မှာပဲ အကြမ်းဖက်မှု ဆင်းရဲမွဲတေမှု တွေကြောင့် နေရပ် စွန့်ခွာပြီး မလေးရှားနိုင်ငံကို ရောက် လာကြတဲ့ ကလေးငယ်တွေကို သမ္မတ အိုဘားမား သွားရောက် တွေ့ဆုံခဲ့ပါတယ်။

ဒေသတွင်း ထိပ်သီးညီလာခံတက်ရောက်ဖို့ မလေးရှားနိုင်ငံ ကွာလာလမ်ပူ မြို့တော် ကို ရောက်နေတဲ့ သမ္မတအိုဘားမားက Dignity for Children ဖေါင်ဒေးရှင်း ဒုက္ခသည် စခန်းမှာရှိတဲ့ ကလေးတွေကို စနေ ဒီကနေ့မှာ သွားရောက်တွေ့ဆုံ တာဖြစ်ပြီး အဲဒီထဲက ကလေးတချို့ဟာ အမေရိကန် ပြည်ထောင်စုကို လာရောက် အခြေချမယ့် သူတွေဖြစ်ပါတယ်။

ဆီးရီးယားနိုင်ငံမှာ ကြေကွဲစရာ ဘေးဒုက္ခကြုံနေရသူတွေပေါ် ကမ္ဘာ့နိုင်ငံတွေက အာရုံစိုက်နေ ကြပေမယ့်လဲ စစ်ဘေးဒဏ်ခံနေရတဲ့ ကမ္ဘာ့ အခြားဒေသက သန်းပေါင်း များစွာသော ဒုက္ခသည်အရေးကိုလဲ မေ့မထားဘူးလို့ သမ္မတအို ဘားမားက ပြောပါတယ်။

ဒုက္ခသည်စခန်းက ကလေးအများစုဟာ ရိုဟင်ဂျာ မူဆလင်တွေဖြစ်ကြပြီး အကြမ်းဖက် ဖိနှိပ်ဆက်ဆံမှုတွေကြုံခဲ့ပြီးနောက် မြန်မာနိုင်ငံကနေ ထွက်ပြေး လာကြ သူတွေဖြစ်ပါတယ်။ ဒုက္ခသည် စခန်းထဲ သွားရောက်တွေ့ဆုံချိန်မှာ သူတွေ့ ခဲ့ရတဲ့ ကလေးတွေဟာ အမေရိကန်ကလေးတွေ လိုပဲ ပုံဆွဲနေတာ သချာၤတွက်နေ တာကို သူမြင်ခဲ့ရကြောင်း သမ္မတအိုဘားမားက ပြောပါတယ်။

“ ဒီလို ကလေးတွေ ကို ကြောက်ရွံ့စရာလို့ သဘောထားနေကြတာ ၊ သူတို့ရဲ့ ဒုက္ခတွေကို နိုင်ငံရေးအရ မျက်ကွယ်ပြုဖို့ ကြိုးစားနေကြတာတွေက ကျနော်တို့ အမေရိကန် လူတွေ တန်ဖိုးထားတဲ့ အရာတွေနဲ့ မကိုက်ညီဘူးလို့ ” သမ္မတ အိုဘားမားက ထပ်လောင်းပြောဆို ပါတယ်။

ဆီးရီးယားစစ်ဘေးဒုက္ခသည် တစ်သောင်းကို လက်ခံမယ့် သမ္မတရဲ့အစီအစဉ်ကို အမေရိကန်မှာ ကန့်ကွက်မှုရှိနေချိန်မှာပဲ ခုလို သမ္မတက ဒုက္ခသည်စခန်းကို သွားရောက် ခဲ့တဲ့အတွက် ဒီဒုက္ခသည် ပြဿနာကြီးကို မီးမောင်းထိုးပြ လိုက်ရာ ရောက်စေ ပါတယ်။ ဆီးရီးယားမှာ ပြည်တွင်းစစ် ဖြစ်ခဲ့ချိန်ကစလို့ ဆီးရီးယားဒုက္ခသည် နှစ်ထောင်လောက်ကို အမေရိကန်နိုင်ငံက လက်ခံခဲ့ပါတယ်။