မလေးပျောက်ဆုံးလေယာဉ်ရှာဖွေရေး ဆက်ကူညီဖို့ သမ္မတအိုဘားမားဆို

မလေးရှားနိုင်ငံ၊ ကွာလာလာမ်ပူမြို့တော်၊ မာလာယာတက္ကသိုလ်အတွင်းမှာ မလေးရှားတက္ကသိုလ်မှာ လူငယ်တွေနဲ့ တွေ့ဆုံစကားပြောကြားစဉ်။

မလေးရှားမှာရောက်နေတဲ့ အမေရိကန်သမ္မတ Barack Obama ဟာ ဒီကနေ့ တနင်္ဂနွေနေ့မှာ မလေးရှားဝန်ကြီးချုပ် Najib Razak နဲ့ တေ့ွဆုံ ဆွေးနွေးခဲ့ပါတယ်။ ပျောက်ဆုံးနေဆဲ မလေးရှားလေကြောင်းလိုင်းလေယာဉ် ရှာတွေ့နိုင်ရေးအတွက် အမေရိကန်နိုင်ငံက ကူညီပေးတဲ့အပေါ်
ကျေးဇူးတင်တဲ့အကြောင်း ဝန်ကြီးချုပ် Razak က ဆွေးနွေးပွဲအပြီး ပူးတွဲပြုလုပ်တဲ့ သတင်းစာရှင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

သမ္မတအိုဘားမားကလည်း လေယာဉ်ရှာဖွေရေးအတွက် ဆက်ပြီး အကူအညီပေးသွားမယ်လို့ ကတိပေးသွားပါတယ်။ ၂ နိုင်ငံဆက်ဆံရေးကို အလုံးစုံပါဝင်တဲ့ မိတ်ဖက်ဆက်ဆံရေးအဖြစ် ဆက်ဆံရေး အဆင့်မြှင့်တင်ဖို့ သဘောတူခဲ့တယ်လို့လည်း ခေါင်းဆောင်၂ ယောက်က ပြောပါတယ်။

Pacific ဒေသ မိတ်ဖက်နိုင်ငံတွေကြား ကုန်သွယ်ရေးသဘောတူညီချက်ရရှိရေးနဲ့ Nuclear လက်နက် မပြန့်ပွားရေးလုံခြုံရေးအစပြုဆောင်ရွက်မှုတွေကို
ပူးပေါင်းဆောင်ရွက်သွားကြဖို့လည်း သဘောတူခဲ့ကြပါတယ်။ ဒီကိစ္စ ၂ ခုလုံးကို မလေးရှားက အရင်က ကန့်ကွက်နေတာဖြစ်ပါတယ်။ မလေးရှားနိုင်ငံမှာ
လူ့အခွင့်အရေးအခြေအနေ တိုးတက်လာပေမယ့် ဒီထက်ပိုတိုးတက်အောင် လုပ်ဖို့လိုအပ်နေသေးတယ်ဆိုတာကိုလည်း သမ္မတအိုဘားမားက ပြောကြားခဲ့ပါတယ်။

ဒီကနေ့ ညနေပိုင်းမှာတော့ သမ္မတအိုဘားမားဟာ မြန်မာနိုင်ငံက လူငယ်တွေအပါအဝင် အာရှကလူငယ်တွေကို မလေးရှားတက္ကသိုလ်မှာ ရင်းရင်းနှီးနှီးတွေ့ဆုံပြီး မေးခွန်းတွေကို ဖြေကြားခဲ့ပါတယ်။ လူမှုအသိုင်းအဝိုင်းထဲမှာ အသားအရောင်၊ လူမျိုး၊ ယောင်္ကျား မိန်းမဆိုတဲ့ ကွဲပြားမှုတွေ ရှိနေပေမဲ့ အားလုံးကို တန်းတူဆက်ဆံဖို့ လူငယ်တွေကို ခုလို တိုက်တွန်းသွားပါတယ်။

ဘယ်သူ့ကိုပဲဖြစ်ဖြစ် လူတွေကို လေးလေးစားစားဆက်ဆံပါ၊ ကိုယ့်ရဲ့အစိုးရတွေကိုလည်း လူတိုင်းကို လေးလေးစားစား ဆက်ဆံဖို့အတွက်
မျှော်လင့်ထားပါ၊ အဲဒီလိုဆိုရင် ပြဿနာတွေကို ဖြေရှင်းနိုင်ပါလိမ့်မယ်လို့ သမ္မတအိုဘားမား ပြောကြားသွားတာဖြစ်ပါတယ်။

အမေရိကန်နဲ့ အရှေ့တောင်အာရှက လူငယ်တွေကြား အပြန်အလှန်ဆက်ဆံမှုတိုးတက်စေဖို့နဲ့ ဒေသတွင်းသာမက ကမ္ဘာတဝန်း စိန်ခေါ်မှုတွေကို ရင်ဆိုင်ဖြေရှင်းတဲ့နေရာမှာ လူငယ်ခေါင်းဆောင်တွေကြား ပိုပြီး ထိတွေ့ဆက်ဆံကြဖို့အတွက် အာဆီယံဒေသတွင်း သမ္မတအိုဘားမား အစပြု ဆောင်ရွက်တဲ့ အရှေ့တောင်အာရှလူငယ် ခေါင်းဆောင်များဦးဆောင်မှု အစီအစဉ်အရ ခုလို အာရှလူငယ်တွေနဲ့ တွေ့ဆုံခဲ့တာပါ။

အမေရိကန်သမ္မတယောက်အနေနဲ့ နှစ်ပေါင်း ၅၀ နီးပါးအတွင်း ပထမဆုံးအကြိမ် သမ္မတ Obama မလေးရှားကို ရောက်ရှိနေတာပါ၊
မလေးရှားနိုင်ငံခရီးစဉ်ပြီးရင် တနင်္လာနေ့မှာ အာရှခရီးစဉ်နောက်ဆုံးအဖြစ် ဖိလစ်ပိုင်ကို သွားမှာ ဖြစ်ပါတယ်။