အမေရိကန်သမ္မတ Barack Obama က သူ့သမ္မတသက်တမ်းအတွင်း အဆိုးရွားဆုံး မှားယွင်းမှုကတော့ ၂၀၁၁ ခုနှစ်မှာ လစ်ဗျားခေါင်းဆောင် Moammar Gadhafi ကို နေတိုးဦးဆောင်တဲ့ နိုင်ငံတကာ တပ်ဖွဲ့တွေက ဖြုတ်ချလိုက်ပြီးတဲ့နောက် နောက်ဆက်တွဲ ဖြစ်ပေါ်လာမယ့် အခြေအနေတွေကို ကြိုတင် ပြင်ဆင်မထားခဲ့အတွက် တိုင်းပြည် ပရမ်းပတာ ဖြစ်ကျန်ရစ်ခဲ့တဲ့ ကိစ္စဖြစ်တယ်လို့ ပြောပါတယ်။
သူတာဝန်ထမ်းဆောင်ခဲ့တဲ့ သမ္မတ သက်တမ်း ၂ ဆက်အတွင်း ဖြစ်ပျက်ခဲ့တဲ့ အကောင်းအဆိုးတွေကို Fox သတင်းဌာနက သတင်းထောက် Chris Wallace နဲ့ ပြုလုပ်တဲ့ တွေ့ဆုံ မေးမြန်းခန်းအတွင်း ပြောကြားလိုက်တာဖြစ်ပြီး - အာဏာရှင် Gadhafi အစိုးရလက်ထက်ကနေ လစ်ဗျားပြည်သူတွေကို အကာကွယ်ပေးဖို့အတွက် တိုင်းပြည်အတွင်း ကြားဝင် ဆောင်ရွက်ခဲ့မှုဟာ မှန်ကန်တဲ့ လုပ်ရပ်ဖြစ်တယ်လို့လည်း သမ္မတ Obama က ပြောပါတယ်။
အမေရိကန်ပြည်ထောင်စုနဲ့ ဥရောပနိုင်ငံတွေက လေကြောင်း တိုက်ခိုက်မှုတွေ လပေါင်းမျာစွာ ပြုလုပ်ခဲ့ပြီး လစ်ဗျားခေါင်းဆောင် သေဆုံးခဲ့ပြီးတဲ့နောက် လစ်ဗျားနိုင်ငံဟာ အခုချိန်ထိ ကဆင့်ကလျား ဖြစ်ကျန်ခဲ့တာပါ။
လစ်ဗျားနိုင်ငံရဲ့ လက်ရှိအခြေအနေဟာ ဆိုးရွားနေတယ်လို့ ရှုမြင်ကြောင်း ပြောကြားလိုက်ပြီး - Atlantic မဂ္ဂဇင်းနဲ့ ပြုလုပ်တဲ့ တခြားမေးမြန်းခန်းတခုမှာတော့ ဗြိတိသျှ ဝန်ကြီးချုပ် David Cameron ဟာလည်း လစ်ဗျား စစ်ဆင်ရေးအပြီး တခြား ကိစ္စရပ်တွေကို အာရုံပြောင်းသွားတယ်လို့ ပြောကြားလိုက်ပါတယ်။
ပြင်သစ်သမ္မတဟောင်း Nicolas Sarkozy အနေနဲ့လည်း Gadhafi ပြုတ်ကျပြီးနောက်မှာ လစ်ဗျားအရေးကို မှားယွင်းစွာ စီမံခန့်ခွဲခဲ့တယ်လို့ သမ္မတ Obama က ပြစ်တင် ပြောကြားလိုက်ပါတယ်။